မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်သလဲ

ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်သလဲ

ယေဟောဝါသက်သေတွေဟာ ယေရှု သင်ကြားပေးခဲ့ပြီး တမန်တော်တွေ ကျင့်သုံးခဲ့တဲ့ ခရစ်ယာန်လမ်းစဉ်အတိုင်း ကြိုးစားနေထိုင်ကြတယ်။ ကျွန်ုပ်တို့ရဲ့ အခြေခံယုံကြည်ချက်တွေကို ဒီဆောင်းပါးမှာ အကျဉ်းချုပ်ဖော်ပြထားပါတယ်။

  1.  ၁။ ဘုရားသခင်– ယေဟောဝါအမည်ရှိတဲ့ တစ်ပါးတည်းသောဘုရား၊ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်ကြပါတယ်။ (ဆာလံ ၈၃:၁၈; ဗျာဒိတ် ၄:၁၁) ကိုယ်တော်ဟာ အာဗြဟံ၊ မောရှေ၊ ယေရှုတို့ ကိုးကွယ်ကြတဲ့ ဘုရားသခင် ဖြစ်တယ်။​—ထွက်မြောက်ရာ ၃:၆; ၃၂:၁၁; ယောဟန် ၂၀:၁၇

  2.  ၂။ သမ္မာကျမ်းစာ– ကျမ်းစာဟာ လူသားတွေအတွက် ဘုရားသခင်ဆီကလာတဲ့ သတင်းစကားဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ထားတယ်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆) ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေဟာ “ဓမ္မဟောင်းကျမ်း” သာမက “ဓမ္မသစ်ကျမ်း” ပါ,ပါဝင်တဲ့ ကျမ်းစောင် ၆၆ စောင်အပေါ် အခြေခံတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဘာသာရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ဂျက်ဆန် ဒီ. ဘီဒန် ခုလိုပြောတယ်– ယေဟောဝါသက်သေတွေဟာ “ကျမ်းစာမှာ ဘယ်အကြောင်းပါသင့်တယ်ဆိုပြီး ကြိုတင်ထင်မြင်ချက်ပေးတာမျိုးမလုပ်ဘဲ သူတို့ရဲ့ယုံကြည်ချက်တွေ၊ အကျင့်အကြံတွေကို သမ္မာကျမ်းစာအပေါ် အခြေပြုထားတယ်။” a

     ကျွန်ုပ်တို့ဟာ ကျမ်းစာတစ်အုပ်လုံးကို လက်ခံတယ်ဆိုပေမဲ့ ရှိရင်းစွဲဝါဒီ (fundamentalists) တွေတော့ မဟုတ်ပါဘူး။ ကျမ်းစာထဲက တချို့အပိုင်းတွေကို ဥပစာစကားနဲ့ ရေးထားတာဖြစ်လို့ စာသားအတိုင်း အဓိပ္ပာယ်ကောက်လို့မရဘူးဆိုတာ ကျွန်ုပ်တို့ယုံကြည်တယ်။​—ဗျာဒိတ် ၁:၁

  3.  ၃။ ယေရှု– ကျွန်ုပ်တို့က ယေရှုခရစ်ရဲ့ သွန်သင်ချက်၊ စံနမူနာအတိုင်း လိုက်လျှောက်ပြီး ကိုယ်တော့်ကို ကယ်တင်ရှင်၊ ဘုရားသခင့်သားတော်အဖြစ် ဂုဏ်တင်ကြတယ်။ (မဿဲ ၂၀:၂၈; တမန်တော် ၅:၃၁) ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်ယာန်တွေဖြစ်ကြတယ်။ (တမန်တော် ၁၁:၂၆) ဒါပေမဲ့ ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင် မဟုတ်ဘူး၊ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်အတွက် ကျမ်းဆိုင်ရာအကြောင်းပြချက် မရှိဘူးဆိုတာကို ကျမ်းစာကနေ ကျွန်ုပ်တို့ သိရှိခဲ့ကြတယ်။​—ယောဟန် ၁၄:၂၈

  4.  ၄။ ဘုရားသခင့်နိုင်ငံတော်– ဘုရားသခင့်နိုင်ငံတော်ဆိုတာ ခရစ်ယာန်တွေရဲ့ နှလုံးသားထဲက အခြေအနေတစ်ခုကို ပြောတာမဟုတ်ဘဲ ကောင်းကင်မှာတည်ရှိတဲ့ တကယ့်အစိုးရဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုကို အစားထိုးပြီး မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ (ဒံယေလ ၂:၄၄–၄၅; မဿဲ ၆:၉၊ ၁၀) ကျွန်ုပ်တို့ဟာ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေကြတယ်လို့ ကျမ်းစာမှာကြိုဟောထားတာကြောင့် မကြာခင် ဘုရားသခင့်နိုင်ငံတော်က အဲဒီလိုဖြစ်အောင် လုပ်ဆောင်ပါတော့မယ်။​—၂ တိမောသေ ၃:၁–၅; မဿဲ ၂၄:၃–၁၄

     ယေရှုဟာ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားသခင့်နိုင်ငံတော်ဘုရင် ဖြစ်နေပါပြီ။ ၁၉၁၄ ခုနှစ်ကစပြီး ကိုယ်တော် အုပ်စိုးနေပြီ။​—ဗျာဒိတ် ၁၁:၁၅

  5.  ၅။ ကယ်တင်ခြင်း– ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကြောင့်သာ အပြစ်နဲ့သေခြင်းကနေ ကယ်တင်ခံရတာ ဖြစ်တယ်။ (မဿဲ ၂၀:၂၈; တမန်တော် ၄:၁၂) ရွေးနုတ်ဖိုးကနေ အကျိုးခံစားချင်တယ်ဆိုရင် ယေရှုကို ယုံကြည်ကြောင်းတင်ပြရမယ့်အပြင် ဘဝပုံစံကိုပြောင်းလဲပြီး နှစ်ခြင်းခံရမယ်။ (မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၃:၁၆; တမန်တော် ၃:၁၉၊ ၂၀) ယုံကြည်ခြင်းရှိတယ်ဆိုတာကို လုပ်ရပ်နဲ့ပြသရမယ်။ (ယာကုပ် ၂:၂၄၊ ၂၆) ဒါပေမဲ့ ကယ်တင်ခြင်းဟာ လုပ်ရပ်ကြောင့်ရလာတာမဟုတ်ဘဲ “ဘုရားသခင်၏ မဟာကရုဏာတော်” ကြောင့်ရရှိတာ ဖြစ်တယ်။​—ဂလာတိ ၂:၁၆၊ ၂၁

  6.  ၆။ ကောင်းကင်– ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နဲ့ သစ္စာရှိကောင်းကင်တမန်တွေက ကောင်းကင်မှာ နေထိုင်တယ်။ b (ဆာလံ ၁၀၃:၁၉–၂၁; တမန်တော် ၇:၅၅) လူ ၁၄၄,၀၀၀ သာ ဘုရားနိုင်ငံတော်မှာ ယေရှုနဲ့အတူ တွဲဖက်အုပ်ချုပ်ဖို့ ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်မှာဖြစ်တယ်။​—ဒံယေလ ၇:၂၇; ၂ တိမောသေ ၂:၁၂; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊

  7.  ၇။ မြေကြီး– လူသားတွေအတွက် ထာဝရစံအိမ်ဖြစ်ဖို့ မြေကြီးကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ (ဆာလံ ၁၀၄:၅; ၁၁၅:၁၆; ဒေသနာ ၁:၄) ဘုရားသခင်က နာခံမှုရှိတဲ့လူသားတွေကို သာယာလှပတဲ့မြေကြီးပေါ်မှာ ဒေါင်ဒေါင်မြည်တဲ့ ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခွင့်ပေးပြီး ကောင်းချီးပေးပါလိမ့်မယ်။​—ဆာလံ ၃၇:၁၁၊ ၃၄

  8.  ၈။ ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခ– ဘုရားသခင့်ကောင်းကင်တမန်တစ်ပါး ပုန်ကန်မှုကြောင့် ဆိုးသွမ်းမှုတွေ၊ ဆင်းရဲဒုက္ခတွေ စတင်ဖြစ်ပေါ်လာတယ်။ (ယောဟန် ၈:၄၄) ပုန်ကန်တဲ့ကောင်းကင်တမန်ကို “စာတန်၊” “မာရ်နတ်” လို့ ခေါ်တယ်၊ ပထမဆုံးလူသားမောင်နှံကို သူ့ဘက်ပါအောင် လိမ်ညာလှည့်ဖြားခဲ့တာမို့ သူ့ကြောင့် လူသားမျိုးနွယ်တစ်ရပ်လုံး ဒုက္ခပင်လယ်ဝေခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁–၆; ရောမ ၅:၁၂) စာတန်ကြောင့်ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်တရားဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘုရားသခင်က ဆိုးသွမ်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အမြဲခွင့်ပြုသွားမှာတော့ မဟုတ်ဘူး။

  9.  ၉။ သေခြင်း– လူသေသွားရင် ဘာမှမတည်ရှိတော့ဘူး။ (ဆာလံ ၁၄၆:၄; ဒေသနာ ၉:၅၊ ၁၀) လူသေတွေဟာ မီးငရဲမှာလည်း ညှဉ်းဆဲမခံရပါဘူး။

     ဘုရားသခင်က ရှင်ပြန်ထမြောက်ခြင်းအစီအစဉ်ကိုသုံးပြီး လူသန်းပေါင်းများစွာကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာဖြစ်တယ်။ (တမန်တော် ၂၄:၁၅) ဒါပေမဲ့ အသက်ပြန်ရှင်လာသူတွေဟာ ဘုရားသခင့်လမ်းစဉ်တွေကို မသင်ယူချင်ဘူးဆိုရင်တော့ ထာဝစဉ်ဖျက်ဆီးခံရပါလိမ့်မယ်။​—ဗျာဒိတ် ၂၀:၁၄၊ ၁၅

  10.  ၁၀။ မိသားစု– အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့မူလစံနှုန်းက ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးတို့ ရိုးမြေကျ ပေါင်းဖက်ခြင်းဖြစ်တယ်။ ဒီစံနှုန်းကို ကျွန်ုပ်တို့ အခိုင်အမာကိုင်စွဲထားပါတယ်။ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော ခိုင်လုံတဲ့အကြောင်းရင်းက အိမ်ထောင်ရေးဖောက်ပြန်ခြင်း ဖြစ်တယ်။ (မဿဲ ၁၉:၄–၉) ကျမ်းစာပါ ပညာရှိလမ်းညွှန်ချက်တွေက မိသားစုဘဝကို အောင်မြင်စေတယ်ဆိုတာ ကျွန်ုပ်တို့ အကြွင်းမဲ့ယုံကြည်စိတ်ချတယ်။​—ဧဖက် ၅:၂၂–၆:၁

  11.  ၁၁။ ဝတ်ပြုရေး– လက်ဝါးကားတိုင်တခြားရုပ်ပုံ၊ ရုပ်တုတွေကို ကျွန်ုပ်တို့ မကိုးကွယ်ပါဘူး။ (တရားဟောရာ ၄:၁၅–၁၉; ၁ ယောဟန် ၅:၂၁) ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့အဓိကအချက်တွေက–

  12.  ၁၂။ ကျွန်ုပ်တို့ရဲ့ အဖွဲ့အစည်း– အသင်းတော်တွေကိုဖွဲ့စည်းထားပြီး အသင်းတော်တိုင်းမှာ အကြီးအကဲအဖွဲ့တစ်ဖွဲ့စီက ကြီးကြပ်ကွပ်ကဲပေးတယ်။ ဒါပေမဲ့ အကြီးအကဲတွေဟာ လခစား ဓမ္မဆရာအတန်းအစား မဟုတ်ပါဘူး။ (မဿဲ ၁၀:၈; ၂၃:၈) ဆယ်ဖို့တစ်ဖို့တောင်းတာမရှိသလို အသင်းတော်အစည်းအဝေးတွေမှာ အလှူငွေကောက်ခံတာလည်း မရှိပါဘူး။ (၂ ကောရိန္သု ၉:၇) ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုအားလုံးကို အမည်မဖော်တဲ့ လှူဒါန်းမှုတွေနဲ့ လုပ်ဆောင်နေကြတာပါ။

     ရင့်ကျက်ပြည့်ဝတဲ့ ခရစ်ယာန်လူနည်းစုလေးနဲ့ ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့ဌာနချုပ်ကနေ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတွေကို လမ်းညွှန်ပေးနေပါတယ်။​—မဿဲ ၂၄:၄၅

  13.  ၁၃။ ကျွန်ုပ်တို့ရဲ့ စည်းလုံးမှု– ဘယ်မှာပဲနေနေ ကျွန်ုပ်တို့ ယုံကြည်ချက်တွေက တစ်မျိုးတည်းပါပဲ။ (၁ ကောရိန္သု ၁:၁၀) လူနေမှုအဆင့်အတန်း၊ အသားအရောင်၊ လူမျိုး၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတာမျိုးမရှိအောင် ကျွန်ုပ်တို့ ကြိုးစားကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၂:၄) ဒါပေမဲ့ ကျွန်ုပ်တို့ယောက်တိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတယ်။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ မှားမှန်သိစိတ်နဲ့အညီ ယေဟောဝါသက်သေတစ်ဦးစီက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချကြတယ်။​—ရောမ ၁၄:၁–၄; ဟေဗြဲ ၅:၁၄

  14.  ၁၄။ ကျွန်ုပ်တို့ရဲ့ ပြုမူကျင့်ကြံပုံ– ဘယ်ကိစ္စမှာမဆို ကိုယ်ကျိုးမဖက်တဲ့ မေတ္တာတင်ပြနိုင်အောင် ကျွန်ုပ်တို့ ကြိုးစားကြတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) သွေးကိုတလွဲအသုံးပြုတာမျိုးဖြစ်တဲ့ သွေးသွင်းခြင်းအပါအဝင် ဘုရားသခင်ရွံမုန်းတဲ့ အကျင့်အကြံအားလုံးကို ကျွန်ုပ်တို့ ရှောင်ကြတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉; ဂလာတိ ၅:၁၉–၂၁) ကျွန်ုပ်တို့ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြပြီး စစ်ပွဲတွေမှာ မပါဝင်ကြဘူး။ (မဿဲ ၅:၉; ဟေရှာယ ၂:၄) ကျွန်ုပ်တို့နေထိုင်တဲ့နိုင်ငံရှိ အစိုးရကို ရိုသေလေးစားပြီး ဘုရားသခင့်ပညတ်တွေနဲ့ မဆန့်ကျင်သရွေ့ နိုင်ငံဥပဒေကို လေးစားလိုက်နာကြတယ်။​—မဿဲ ၂၂:၂၁; တမန်တော် ၅:၂၉

  15.  ၁၅။ လူမှုဆက်ဆံရေး– “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဆိုပြီး ယေရှု မိန့်မှာခဲ့တယ်။ ဒါ့အပြင် ခရစ်ယာန်တွေဟာ “လောကနှင့်မသက်ဆိုင်” ဘူးလို့လည်း ကိုယ်တော်ပြောခဲ့တယ်။ (မဿဲ ၂၂:၃၉; ယောဟန် ၁၇:၁၆) ဒါကြောင့် “လူတိုင်းကို ကောင်းမှုပြု” နိုင်အောင် ကျွန်ုပ်တို့ကြိုးစားတယ်၊ နိုင်ငံရေးမှာ ကြားနေတယ်တခြားဘာသာရေးတွေနဲ့ ရောနှောတာမျိုး မလုပ်ကြဘူး။ (ဂလာတိ ၆:၁၀; ၂ ကောရိန္သု ၆:၁၄) ဒါပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ ရွေးချယ်မှုတွေကို ကျွန်ုပ်တို့ လေးစားပါတယ်။​—ရောမ ၁၄:၁၂

 ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး ထပ်သိချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုက်မှာ အကျယ်တဝင့် ဖတ်ရှုနိုင်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ရုံးတစ်ခုခုကို ဆက်သွယ်နိုင်သလို သင့်ဒေသအနီးတစ်ဝိုက်မှာရှိတဲ့ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတက်ရောက်နိုင်တယ်၊ သင့်ဒေသရှိ ယေဟောဝါသက်သေတစ်ဦးနဲ့ စကားပြောဆိုနိုင်ပါတယ်။

a Truth in Translation, စာမျက်နှာ ၁၆၅ ကိုကြည့်ပါ။

b ကောင်းကင်တမန်ဆိုးတွေဟာ နာမ်ဝိညာဉ်နယ်ပယ်မှာ ဆက်ရှိနေတယ်ဆိုပေမဲ့ သူတို့ဟာ ကောင်းကင်ကနေ နှင်ချခံခဲ့ရတယ်။​—ဗျာဒိတ် ၁၂:​၇–၉