မာတိကာဆီ ကျော်သွား

ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ

ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ

ကျမ်းစာအဖြေ

 ကျမ်းစာမှာ ယေရှုကို “ဘုရားသခင်ရဲ့ သား” လို့ ခေါ်ထားတယ်။ (ယောဟန် ၁:၄၉) “ဘုရားသခင်ရဲ့ သား” ဆိုတဲ့ အသုံးအနှုန်းက ဘုရားသခင်ဟာ ယေရှု အပါအဝင် သက်ရှိအားလုံးရဲ့ ပင်ရင်း ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ (ဆာလံ ၃၆:၉။ ဗျာဒိတ် ၄:၁၁) လူသားတွေ သားသမီး ရသလို ဘုရားသခင်လည်း သားသမီး ရတယ်လို့ ကျမ်းစာ မသွန်သင်ဘူး။

 ကောင်းကင်တမန်တွေကိုလည်း “ဘုရားသခင်ရဲ့ သားတွေ” လို့ ကျမ်းစာ ဆိုတယ်။ (ယောဘ ၁:၆) ပထမဆုံးလူသား အာဒံကို “ဘုရားသခင်ရဲ့ သား” လို့ ကျမ်းစာ ဖော်ပြတယ်။ (လုကာ ၃:၃၈) ဒါပေမဲ့ ယေရှုဟာ ဘုရားသခင် ဦးဆုံး ဖန်ဆင်းသူ၊ ဘုရားကိုယ်တိုင် တိုက်ရိုက်ဖန်ဆင်းတဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ သားဦးလို့ ကျမ်းစာ ဆိုတယ်။

 ယေရှုဟာ မြေကြီးပေါ် မမွေးဖွားလာခင် ကောင်းကင်မှာ အသက်ရှင်ခဲ့သလား

 အသက်ရှင်ခဲ့ပါတယ်။ ယေရှုဟာ မြေကြီးပေါ်မှာ လူသားတစ်ဦးအဖြစ် မမွေးဖွားခင်က ကောင်းကင်မှာ ဝိညာဉ်သတ္တဝါတစ်ပါး ဖြစ်ခဲ့တယ်။ “ကောင်းကင်ကနေ ကျွန်တော် ဆင်းလာတာ” လို့ ယေရှုကိုယ်တိုင် ပြောခဲ့တယ်။—ယောဟန် ၆:၃၈။ ၈:၂၃

 တခြားဘယ်အရာကိုမှ မဖန်ဆင်းခင် ယေရှုကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာ ဒီလိုဆိုတယ်–

 “ရှေးအချိန်ကတည်းက၊ ဟိုးအရင်ကတည်းက တည်ရှိခဲ့သူ” ဆိုတဲ့ ကြိုဟောချက်ကို ယေရှု ပြည့်စုံစေခဲ့တယ်။—မိက္ခာ ၅:၂။ မဿဲ ၂:၄-၆

 မြေကြီးပေါ်မလာခင် ယေရှု ဘာလုပ်ခဲ့သလဲ

 ကောင်းကင်မှာ ကြီးမြတ်တဲ့ အခွင့်အာဏာ ရရှိထားတယ်။ အဲဒီအခွင့်အာဏာကို ဆုတောင်းချက်ထဲမှာ ယေရှု ဒီလိုဖော်ပြခဲ့တယ်– “အဖ၊ ဒီလောက မတည်ရှိခင် အဖရဲ့ ဘေးနားမှာ ကျွန်တော် ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုးကို ... ပြန်ခံစားခွင့် ပေးပါ။”—ယောဟန် ၁၇:၅

 အရာခပ်သိမ်းကို ဘုရား ဖန်ဆင်းချိန်မှာ ယေရှု ကူညီပေးခဲ့တယ်။ ယေရှုဟာ “ကျွမ်းကျင်လုပ်သားအဖြစ်” ဘုရားနဲ့အတူ တွဲလုပ်ခဲ့တယ်။ (ပညာအလိမ္မာ ၈:၃၀) ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာ ဒီလိုဆိုတယ်– “ဘုရားသခင်က သူ့ကို သုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ ... ကို ဖန်ဆင်းခဲ့တယ်။”—ကောလောသဲ ၁:၁၆

 ဘုရားသခင်က ယေရှုကို သုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ စကြဝဠာ အပါအဝင် ဝိညာဉ်သတ္တဝါအားလုံးကို ဖန်ဆင်းတယ်။ (ဗျာဒိတ် ၅:၁၁) အခြေအနေတချို့မှာ ဘုရားနဲ့ ယေရှု ပူးပေါင်းလုပ်ဆောင်မှုဟာ ဗိသုကာပညာရှင်နဲ့ ဆောက်လုပ်သူ ပူးပေါင်းလုပ်ဆောင်မှုနဲ့ တူတယ်။ ဗိသုကာပညာရှင်က ဒီဇိုင်းဆွဲတယ်။ ဆောက်လုပ်သူက ဒီဇိုင်းကို အဆောက်အအုံဖြစ်အောင် တည်ဆောက်တယ်။

 နှုတ်ကပတ်တော်အဖြစ် အမှုဆောင်ခဲ့တယ်။ ယေရှုရဲ့ လူသားမတိုင်မီ အသက်တာအကြောင်း ကျမ်းစာ ဖော်ပြတဲ့အခါ ယေရှုကို “နှုတ်ကပတ်တော်” လို့ ခေါ်ထားတယ်။ (ယောဟန် ၁:၁) တခြားဝိညာဉ်သတ္တဝါတွေကို အချက်အလက်တွေ၊ ညွှန်ကြားချက်တွေ ပေးဖို့ သားတော်ကို ဘုရား အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားတယ်။

 ကမ္ဘာပေါ်ရှိ လူသားတွေအတွက် ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ယေရှု အမှုဆောင်ခဲ့ပုံရတယ်။ ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝကို နှုတ်ကပတ်တော် ယေရှုကတစ်ဆင့် ဘုရားသခင် ညွှန်ကြားပေးခဲ့ပုံရတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ရှေးအစ္စရေးလူမျိုးကို တောကန္တာရမှာ ဦးဆောင်ခေါ်သွားတဲ့ ကောင်းကင်တမန်ဟာ ယေရှု ဖြစ်ပုံရတယ်။ အဲဒီကောင်းကင်တမန်ရဲ့ စကားကို နာခံဖို့ အစ္စရေးတွေကို မှာကြားခဲ့တယ်။—ထွက်မြောက်ရာ ၂၃:၂၀-၂၃ a

a နှုတ်ကပတ်တော်ဆိုတာ ဘုရားသခင်ကိုယ်စား ပြောဆိုပေးတဲ့ တစ်ဦးတည်းသော ကောင်းကင်တမန် မဟုတ်ဘူး။ ဥပမာ၊ ဘုရားသခင်က သားဦးကိုသာမက တခြားကောင်းကင်တမန်တွေကိုလည်း သုံးပြီး ရှေးအစ္စရေးလူမျိုးကို ပညတ်တရား ပေးခဲ့တယ်။—တမန်တော် ၇:၅၃။ ဂလာတိ ၃:၁၉။ ဟီဘရူး ၂:၂၊ ၃