မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ

မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ

၁။ မိသားစု​ပျော်ရွှင်မှု​အတွက် တရားဝင်​လက်ထပ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

ပျော်ရွှင်​တဲ့​ဘုရား​သခင် ယေဟောဝါ​ဆီက​လာတဲ့ သတင်းကောင်း​တစ်ခု​က​တော့ မိသားစု​တွေကို ပျော်ရွှင်​စေချင်တယ်​ဆိုတဲ့ အချက်ပါ​ပဲ။ (၁ တိမောသေ ၁:၁၁) အိမ်ထောင်​ကို အစပြု​ပေးခဲ့တဲ့​ပုဂ္ဂိုလ်က ဘုရား​သခင်​ပါ။ မိသားစု ပျော်ရွှင်ဖို့​ဆိုရင် တရားဝင်​လက်ထပ်​ဖို့ အရေးကြီးတယ်။ ဘာဖြစ်​လို့လဲ​ဆိုတော့ အဲဒါက မိဘ​နဲ့ သားသမီးတွေကို ချစ်ခင်​ပျော်ရွှင်​စေ​လို့​ပါပဲ။ ခရစ်ယာန်​တွေဟာ တရားဝင် လက်ထပ်​ခြင်းနဲ့​ပတ်သက်တဲ့ ဒေသန္တရ ဥပဒေတွေကို လေးစား​ကြ​ရမယ်။​—လုကာ ၂:၁၊ ၄၊ ၅ ကိုဖတ်ပါ။

အိမ်ထောင်မင်္ဂလာ​ကို ဘုရား​သခင် ဘယ်လို ရှုမြင်​သလဲ။ ဘုရား​သခင်​က အိမ်ထောင် မင်္ဂလာ​ကို ရာသက်ပန်​ဖြစ်စေ​ချင်​တယ်။ ဘုရား​သခင်​က ဇနီးမောင်နှံ​တွေ အချင်းချင်း သစ္စာရှိ​စေချင်တယ်။ (ဟီဘရူး ၁၃:၄) ကွာရှင်း​တာကို မုန်းတီး​တယ်။ (မာလခိ ၂:၁၆) အိမ်ထောင်ရေး​ဖောက်ပြန်​မှသာ ကွာရှင်း​ပြီး နောက်​အိမ်ထောင်ပြု​ခွင့်​ရှိ​ပါတယ်။​—မဿဲ ၁၉:၃-၆၊  ကိုဖတ်ပါ။

၂။ ဇနီးမောင်နှံ​အချင်းချင်း ဘယ်လို ပြောဆို​ပြုမူ​ရ​မ​လဲ။

ယေဟောဝါ​ဘုရား​ဟာ အမျိုးသား​နဲ့​အမျိုးသမီး​ကို အိမ်ထောင်​မှာ အပြန်အလှန် ထောက်မ​ဖို့​ဆိုတဲ့ ရည်ရွယ်ချက်​နဲ့ ဖန်ဆင်း​ခဲ့တာ​ဖြစ်တယ်။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ဦးစီး​ဖြစ်တဲ့ ခင်ပွန်းသည်​ဟာ မိသားစု စားဝတ်နေရေး​အတွက် ထောက်ပံ့​ပေး​ရမယ့်​အပြင် ဘုရား​သခင်​အကြောင်း သွန်သင်ပေး ရာမှာ​လည်း ဦးဆောင်​ရမယ်။ ကိုယ့်​ဇနီးကို ကိုယ်ကျိုးစွန့်​မေတ္တာ​ပြဖို့​လည်း လိုတယ်။ ဇနီးမောင်နှံ​အချင်းချင်း အပြန်အလှန် ချစ်မြတ်နိုးပြီး လေးစား​ရ​ပါမယ်။ ဇနီးမောင်နှံ​အားလုံး အပြစ်ကင်း​တဲ့​သူတွေ မဟုတ်​ကြတဲ့​အတွက် ခွင့်လွှတ်တတ်ဖို့ သင်ယူ​ရမယ်၊ ဒါမှ​သာ အိမ်ထောင်​သာယာ​မယ်။​—ဧဖက် ၄:၃၁၊ ၃၂။ ၅:၂၂-၂၅၊ ၃၃။ ၁ ပေတရု ၃:၇ တို့ကိုဖတ်ပါ။

၃။ အိမ်ထောင်ရေး မသာယာ​တာနဲ့ ကိုယ့်​အိမ်ထောင်ဖက်​ကို စွန့်ပစ်​သင့်​သလား။

အိမ်ထောင်​မှာ ပြဿနာတွေ ကြုံ​နေရ​ပြီ​ဆိုရင် ဇနီးမောင်နှံ​အချင်းချင်း မေတ္တာနဲ့ ဖြေရှင်းဖို့ ကြိုးစား​သင့်ပါတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) အိမ်ထောင်သည်​တွေမှာ ဖြစ်တတ်တဲ့ ပြဿနာ​တွေကို အကြောင်းပြ​ပြီး ခွဲနေ​တာမျိုးကို သမ္မာကျမ်းစာ​မှာ မထောက်ခံ​ထားပါ​ဘူး။​—၁ ကောရိန္သု ၇:၁၀-၁၃ ကိုဖတ်ပါ။

၄။ သားသမီး​တို့၊ သင်တို့ကို ဘုရား​သခင် ဘယ်လို ဖြစ်စေ​ချင်​သလဲ။

ဘုရား​သခင်​က သားသမီးတွေကို ပျော်ရွှင်​စေချင်​ပါတယ်။ ဒါကြောင့် လူငယ်ဘဝ​မှာ ဘယ်လို​ပျော်မွေ့​ရ​မယ်​ဆိုတာ အကောင်းဆုံး​အကြံဉာဏ်​တွေ ပေးထား​ပါတယ်။ ဒါ့အပြင် ဘုရား​သခင်​က မိဘတွေရဲ့ ဉာဏ်​ပညာနဲ့ အတွေ့အကြုံ​တွေ က​နေ​တစ်ဆင့် သင်တို့ကို အကျိုးရယူ​စေချင်တယ်။ (ကောလောသဲ ၃:၂၀) ပြီးတော့ သင့်ကို ဖန်ဆင်း​တဲ့​အရှင်​နဲ့ သားတော် ယေရှု​တို့ရဲ့​အလိုတော် ထမ်းဆောင်ခြင်း​က​နေ ရွှင်လန်းမှု​ခံစား​စေချင်တယ်။​—ဒေသနာ ၁၁:၉–၁၂:၁။ မဿဲ ၁၉:၁၃-၁၅။ ၂၁:၁၅-၁၆ တို့ကိုဖတ်ပါ။

၅။ မိဘ​တို့၊ သားသမီး​တွေ ပျော်ရွှင်​တဲ့​ဘဝကို ပိုင်ဆိုင်​နိုင်အောင် ဘယ်လို ကူညီ​ပေးနိုင်သလဲ။

သားသမီး​တွေရဲ့ စားဝတ်နေရေး​အတွက် မိဘများ ကြိုးစားလုပ်ဆောင်​ကြ​ရမယ်။ (၁ တိမောသေ ၅:၈) ဒါပေမဲ့ သားသမီး​တွေ ပျော်ရွှင်​တဲ့​ဘဝကို ပိုင်ဆိုင်​နိုင်​ဖို့ဆိုရင် ဘုရား​သခင်​ကို ချစ်မြတ်နိုး​ဖို့၊ ဘုရား​သခင်​အကြောင်း သင်ယူ​လေ့လာဖို့ သွန်သင်ပေး​ရမယ်။ (ဧဖက် ၆:၄) ဘုရား​သခင်​ကို ချစ်မြတ်နိုး​ကြောင်း အလုပ်​နဲ့​သက်သေပြ​တာ​က သင့်​ကလေးရဲ့ စိတ်နှလုံး​ထဲ တစ်သက်လုံး စွဲမှတ်​သွား​စေနိုင်​ပါတယ်။ သင့်​ကလေး အပြုသဘော​နဲ့ စဉ်းစား တွေးခေါ်​တတ်လာ​အောင် သမ္မာကျမ်းစာ​ကို အခြေခံပြီး သွန်သင်ပေးပါ။​—တရားဟောရာ ၆:၄-၇။ ပညာအလိမ္မာ ၂၂:၆ တို့ကိုဖတ်ပါ။

ကလေးတွေကို ချီးမွမ်း​ပေး​ပြီး အားပေး​တာ​က အကျိုးရှိ​စေ​ပါတယ်။ ကလေးတွေကို ဆုံးမပဲ့ပြင်​ဖို့၊ တည့်မတ်ပေး​ဖို့​လည်း လိုအပ်တယ်။ အဲဒါက သူတို့​လေး​တွေရဲ့ ပျော်ရွှင်မှု​ကို ထိခိုက်​စေနိုင်​တဲ့ အမူအကျင့်​တွေကနေ ကာကွယ်​ပေး​ရာ​ရောက်​ပါတယ်။ (ပညာအလိမ္မာ ၂၂:၁၅) ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဆုံးမ​တာမျိုး ဘယ်တော့မှ မ​လုပ်သင့်​ပါဘူး။​—ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။

မိဘတွေ​နဲ့ သားသမီး​တွေအတွက် အထူးသဖြင့် အကူအညီ​ဖြစ်စေ​တဲ့ ကျမ်းစာ အခြေပြု စာပေ​အတော်များများကို ယေဟောဝါ​သက်သေ​တွေ ထုတ်ဝေ​ထားပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁ ကိုဖတ်ပါ။