တမန်တော် ၅:၁-၄၂

  • အာ​န​နိ​နဲ့ ရှ​ဖိ​ရေ (၁-၁၁)

  • တမန်​တော်တွေ အံ့​ဖွယ်​အမှု​များ​စွာ လုပ်ဆောင်ကြ (၁၂-၁၆)

  • ထောင်​ကျ၊ ထောင်​က​နေ လွတ်​လာ (၁၇-၂၁က)

  • ဂျူး​တ​ရား​ရုံး​ချုပ်​ကို အခေါ်​ခံ​ရ​ပြန် (၂၁ခ-၃၂)

    • ‘လူ့​စကား​ထက် ဘု​ရား​သခင်​ရဲ့ စကား​ကို နားထောင်​မှာ​ပဲ’ (၂၉)

  • ဂါ​မလျေလ​ရဲ့ အကြံ​ဉာဏ် (၃၃-၄၀)

  • တစ်​အိမ်​မှ​တစ်​အိမ် ဟော​ပြော (၄၁၊ ၄၂)

 အာ​န​နိ​နဲ့  ဇနီး ရှ​ဖိ​ရေ​တို့​ဟာ မြေကွက်​တစ်​ပိုင်း​ကို  ရောင်း​လိုက်​တယ်။ ၂  ဒါ​ပေမဲ့ အာ​န​နိ​က ရောင်းရ​ငွေ​တ​ချို့​ကို ဝှက်​ထား​တယ်။ ဒါ​ကို သူ့​ဇနီး​လည်း သိ​တယ်။ အဲဒီ​နောက် ငွေ​တချို့​ပဲ ယူ​လာ​ပြီး တမန်​တော်တွေ​ဆီ အပ်​တယ်။+ ၃  အဲဒီ​အခါ ပေတရု​က “အာ​န​နိ၊ စာ​တန်​လွှမ်း​မိုး​တာ​ကို ခံ​ပြီး သန့်​ရှင်း​သော စွမ်းအား​တော်​ကို+ ဘာ​လို့​လှည့်​စား​ဝံ့​တာ​လဲ။+ မြေရောင်းလို့ရ​တဲ့ ငွေ​တ​ချို့​ကို ဘာ​လို့ဝှက်​ထား​တာ​လဲ။ ၄  လက်​ဝယ်​ပိုင်​ဆိုင်​နေ​သရွေ့ အဲဒီ​မြေဟာ ခင်ဗျား​ပိုင်​တဲ့​မြေပဲ မဟုတ်​လား။ ရောင်း​လိုက်​ပြီဆို​ရင်​လည်း ငွေ​က ခင်​ဗျား​လက်​ထဲ​မှာ​ပဲ မဟုတ်​လား။ ဒီ​လို​လုပ်​ဖို့ ဘာ​လို့ အတွေး​ဝင်​ရ​တာ​လဲ။ ဒါ​ဟာ လူ​ကို​လိမ်​တာ မဟုတ်​ဘူး၊ ဘုရား​သခင်​ကို လိမ်​တာ​ပဲ” လို့​ပြော​တယ်။ ၅  ဒီ​စကား​ကို​လည်း ကြား​ရော အာ​န​နိ လဲ​ကျ​ပြီး သေဆုံး​သွား​တယ်။ ဒီ​သတင်း​ကြား​သူ​တိုင်း အကြီး​အကျယ် ထိတ်​လန့်​ကုန်​တယ်။ ၆  လူငယ်​တ​ချို့​က လာ​ပြီး အလောင်း​ကို အဝတ်​နဲ့​ပတ်၊ အပြင်​ထုတ်​သွား​ပြီး သင်္ဂြိုဟ်​လိုက်​တယ်။ ၇  သုံး​နာ​ရီ​လောက်​ကြာ​တော့  သူ့​ဇနီး​က ဖြစ်​ပျက်​ခဲ့​တာ​ကို မသိ​ဘဲ ဝင်​လာ​တယ်။ ၈  ပေတရု​က  “ပြော​ပါ​ဦး။ ခင်ဗျား​တို့​လင်​မယား မြေကွက်​ရောင်း​တာ  ငွေ​ဒီ​လောက်​ပဲ ရ​တာ​လား” လို့​မေး​တော့ သူ​က “ဟုတ်​တယ်။ ဒီ​လောက်​ပါ​ပဲ”  လို့​ဖြေတယ်။ ၉  ပေတ​ရု​က  “ယေ​ဟော​ဝါ* ဘု​ရားရဲ့ စွမ်းအား​တော်​ကို အကဲ​စမ်း​ဖို့ နှစ်​ယောက်​သား ဘာ​လို့​ကြံ​စည်​ရ​တာ​လဲ။ ကြည့်​လိုက်​ပါ။ ခင်ဗျားရဲ့​ယောက်ျား​ကို သင်္ဂြိုဟ်​တဲ့​သူ​တွေ တံခါး​နား​မှာ ရောက်​နေ​ပြီ။ ခင်​ဗျား​ကို​လည်း သယ်​သွား​ရ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၀  ချက်​ချင်း​ပဲ  သူ​လည်း ပေတရုရဲ့​ခြေ​ရင်း​မှာ လဲ​ကျ​ပြီး သေသွား​တယ်။ လူငယ်​တ​ချို့ ဝင်​လာ​တော့ သေဆုံး​နေ​တဲ့​သူ့​ကို  တွေ့​တဲ့​အခါ သယ်​သွား​ပြီး ခင်​ပွန်း​ရဲ့​ဘေး​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၁၁  အသင်း​တော်​တစ်​ခု​လုံး​နဲ့  အဲဒီ​အကြောင်း​ကို ကြား​သိ​သူ​အား​လုံး အကြီး​အကျယ် ထိတ်​လန့်​သွား​ကြ​တယ်။ ၁၂  တမန်​တော်တွေ​က အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ​ကို လူ​တွေ​ရှေ့​မှာ ဆက်​ပြီး လုပ်​ဆောင်​တယ်။+ ရှော​လ​မုန်​စင်္ကြံ​မှာ သူတို့​အားလုံး အတူ​စု​ဝေး​တဲ့​အခါ၊+ ၁၃  တ​ခြား​လူ​တွေ​က သူတို့​နဲ့​အတူ မပူး​ပေါင်း​ဝံ့​ကြ​ဘူး။ ဒါ​ပေမဲ့ တ​ချို့​ကျ​တော့ သူတို့​ကို ချီး​ကျူး​ကြ​တယ်။ ၁၄  သခင်​ကို  ယုံ​ကြည်​လာ​တဲ့  အမျိုး​သား အမျိုး​သမီး​တွေ​လည်း  များ​သည်​ထက်  များ​လာ​တယ်။+ ၁၅  လူ​တွေ​က လူ​နာ​တွေ​ကို​တောင် လမ်း​မပေါ် သယ်​ထုတ်​ပြီး အိပ်​ရာတွေ၊ ဖျာ​တွေ​နဲ့ ချ​ထား​ကြ​တယ်။ ပေတရု ဖြတ်​လျှောက်​လာရင် လူ​နာ​တွေ​အပေါ်  သူ့​အရိပ်​ ကျ​လာ​ပြီး ရော​ဂါ​ပျောက်​ကင်း​လေ​မလား​ဆို​တဲ့ မျှော်​လင့်​ချက်​နဲ့​ပေါ့။+ ၁၆  ဂျေရု​ဆ​လင် အနီး​တစ်​ဝိုက်​မှာ​ရှိ​တဲ့ မြို့​တွေ​က​နေ လူ​များ​စွာ တ​ဖွဲ​ဖွဲ စု​ရုံး​ရောက်​ရှိ​လာ​ပြီး ဖျား​နာ​တဲ့​သူ၊ နတ်​ဆိုး​နှောင့်​ယှက်​ခံ​ရ​သူ​တွေ​ကို​ပါ ခေါ်​လာ​ကြ​တယ်။ အဲဒီ​လူ​နာ​အားလုံး ကျန်း​မာ​လာ​တယ်။ ၁၇  ဒါ​ပေမဲ့ ပု​ရော​ဟိတ်​မင်း​နဲ့ သူ့​အဖွဲ့​သား​တွေ​ဖြစ်​တဲ့ ဇဒ္ဒုကဲ​ဂိုဏ်း​သား​တွေ​က အကြီး​အကျယ် ဒေါသ​ထွက်​ပြီး မနာ​လို​ဖြစ်​လာ​ကြ​တယ်။ ၁၈  ဒါ​နဲ့ တမန်​တော်တွေ​ကို ဖမ်း​ဆီး​ပြီး ထောင်​ချ​လိုက်​တယ်။+ ၁၉  ည​ရောက်​တော့ ယေဟောဝါ​ရဲ့* ကောင်း​ကင်​တ​မန်​က ထောင်​တံခါး​တွေ​ကို ဖွင့်​ပြီး+ သူတို့​ကို ခေါ်​ထုတ်​သွား​တယ်။ ၂၀  “သွား​ကြ​ပါ။ အသက်​ရ​စေ​မယ့် ဒီ​သတင်း​တ​ရား အလုံး​စုံ​ကို လူ​တွေ​ကြား​အောင် ဗိမာန်​တော်​မှာ​ရပ်​ပြီး ဆက်​ဟော​ပြော​ကြ​ပါ” လို့ မှာ​တယ်။ ၂၁  အဲဒီ​အမှာ​စကား​ကို ကြား​ပြီး​တဲ့​နောက် သူတို့​က ဗိမာန်​တော်​ထဲ မနက်​စော​စော​ဝင်​ပြီး ဟော​ပြော​သွန်သင်​ကြ​တယ်။ ပု​ရော​ဟိတ်​မင်း​နဲ့ သူ့​အပေါင်း​ပါ​တွေ ရောက်​လာ​ပြီး  ဂျူး​တ​ရား​ရုံး​ချုပ်​အဖွဲ့​ဝင်တွေကို​ရော  အစ္စရေး​အကြီး​အကဲ တစ်​ဖွဲ့​လုံး​ကို​ပါ  စု​ဝေး​လိုက်​တယ်။ အဲဒီ​နောက် တမန်​တော်တွေ​ကို  ထောင်​ထဲ​က​နေ ခေါ်​ထုတ်​လာ​ဖို့ အစောင့်​အကြပ်​တွေ​ကို လွှတ်​လိုက်​တယ်။ ၂၂  ဒါ​ပေမဲ့ အ​စောင့်​တွေ ထောင်​ထဲ​ရောက်​တဲ့​အခါ တမန်​တော်တွေ​ကို မတွေ့​တော့​ဘူး။ ဒါ​နဲ့ အကျိုး​အကြောင်း ပြော​ပြဖို့ ပြန်​သွား​တယ်။ ၂၃  “ထောင်​တံခါး လုံ​လုံ​ခြုံ​ခြုံ ပိတ်​ထား​တာ၊ တံခါး​စောင့်​တွေ ရပ်​စောင့်​နေ​တာ ကျွန်​တော်​တို့ တွေ့​ခဲ့​ပါ​တယ်။ ဒါ​ပေမဲ့ တံခါး​ဖွင့်​လိုက်​တော့ အထဲ​မှာ တစ်​ယောက်​မှ မရှိ​တော့​ဘူး” လို့ ပြော​တယ်။ ၂၄  ဒါ​ကို ဗိမာန်​တော်​မှူး​နဲ့ ပု​ရော​ဟိတ်​မင်း​တွေ ကြား​တဲ့​အခါ ဘာ​တွေ ဆက်​ဖြစ်​ဦး​မှာ​ပါ​လိမ့်​ဆို​ပြီး စဉ်း​စား​မရ ဖြစ်​နေ​ကြ​တယ်။ ၂၅  အဲဒီ​အချိန်​မှာ လူ​တစ်​ယောက် ရောက်​လာ​ပြီး “ခင်​ဗျား​တို့ ထောင်​ချ​ထား​တဲ့ လူ​တွေ​က ဗိမာန်​တော်​မှာ  ရပ်​ပြီး ဟော​ပြော​သွန်သင်​နေ​တယ်” လို့ သတင်း​ပေး​တယ်။ ၂၆  ဒါ​နဲ့ ဗိမာန်​တော်​မှူး​က အစောင့်​အကြပ်​တွေ​နဲ့​အတူ လိုက်​သွား​တယ်။ လူ​တွေ ခဲ​နဲ့​ပေါက်​မှာ​စိုး​လို့ တမန်​တော်တွေ​ကို အကြမ်း​မဖက်​ဘဲ ပြန်​ခေါ်​လာ​တယ်။+ ၂၇  သူတို့​ကို ခေါ်​လာ​ပြီး​နောက် ဂျူး​တ​ရား​ရုံး​ချုပ်​ခန်း​မမှာ  မတ်​တတ်​ရပ်​ခိုင်း​ကြ​တယ်။ အဲဒီ​နောက်  ပု​ရော​ဟိတ်​မင်း​က စစ်​ကြော​မေး​မြန်း​တော့​တယ်– ၂၈  “အဲဒီ​နာ​မည်​ကို  အမှီ​ပြု​ပြီး မသွန်​သင်​ဖို့ မင်း​တို့​ကို တင်း​တင်း​ကျပ်​ကျပ် အမိန့်​ထုတ်​ထား​လျက်​နဲ့+ ဂျေရု​ဆ​လင်​တစ်​မြို့​လုံး​ကို မင်း​တို့​ရဲ့​သွန်သင်​ချက် ပြည့်​နေ​အောင် လုပ်​လိုက်​ကြ​ပြီ။ အဲဒီ​လူ​သေရ​တာ ငါ​တို့​ကြောင့်​ဆို​ပြီး+ မင်း​တို့ အပြစ်​တင်​ချင်​နေ​တာ​လား” လို့ မေး​တယ်။ ၂၉  ပေတရု​နဲ့  တခြား​တမန်​တော်တွေ​က “ကျွန်​တော်​တို့​က​တော့​  လူ့​စကား​ထက်  အုပ်​စိုး​ရှင်​ ဘုရား​သခင်​ရဲ့  စကား​ကို  နား​ထောင်​မှာ​ပဲ။+ ၃၀  ခင်ဗျား​တို့  သစ်​တိုင်​ပေါ်​တင်​ပြီး ကွပ်​မျက်​ခဲ့​တဲ့ ယေရှု​ကို ဘိုး​ဘေး​တို့​ရဲ့ ဘုရား​သခင်​က အသက်​ပြန်​ရှင်​စေ​ပြီ။+ ၃၁  အစ္စရေးတွေ နောင်​တ​ရ​ဖို့၊ အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​ဖို့+ သူ့​ကို ကိုယ်​စား​လှယ်​ချုပ်​နဲ့+ ကယ်​တင်​ရှင်​အဖြစ်+ လက်​ယာ​ဘက်​မှာ  ဘု​ရား​သခင်  ချီး​မြှောက်​လိုက်​ပြီ။+ ၃၂  ဒါ​တွေ​နဲ့​ပတ်​သက်​ပြီး ကျွန်​တော်​တို့​ဟာ မျက်​မြင်​သက်​သေတွေ​ပါ။+  ဘု​ရား​သခင်​ကို အုပ်​စိုး​ရှင်​အဖြစ် နာ​ခံ​သူ​တွေ​ကို ပေး​သနား​ထား​တဲ့ သန့်​ရှင်း​သော စွမ်းအား​တော်​လည်း သက်​သေပါ​ပဲ”+ လို့​ ပြန်​ဖြေတယ်။ ၃၃  အဲဒီ​စကား​ကို ကြား​တော့ သူတို့ ဒေါသ​ပေါက်​ကွဲ​ပြီး တမန်​တော်တွေ​ကို သတ်​ပစ်​ချင်​ကြ​တယ်။ ၃၄  အဲဒီ​အခါ ဂါ​မလျေ​လ​လို့​ခေါ်​တဲ့ ဖာ​ရိ​ရှဲ​က*+  ဂျူး​တ​ရား​ရုံး​ချုပ်​မှာ ထ​ရပ်​ပြီး တမန်​တော်တွေ​ကို အပြင် ခ​ဏ​ခေါ်​ထုတ်​သွား​ဖို့ အမိန့်​ပေး​တယ်။ သူ​ဟာ လူ​အများ ရို​သေလေး​စား​ကြ​တဲ့ ပညတ်​ကျမ်း​ဆ​ရာ တစ်​ယောက်​ပဲ။ ၃၅  အဲဒီ​နောက် သူ​က “အစ္စရေး​တို့၊ ဒီ​လူ​တွေ​နဲ့​ပတ်​သက်​ပြီး ခင်ဗျား​တို့ ကြံ​စည်​နေ​တာ​ကို သတိထား​ကြ​ပါ။ ၃၆  ဥပမာ၊  အရင်​တုန်းက​ သုဒ​ ဆို​တဲ့လူ​တစ်​ယောက် ပေါ်​လာ​ပြီး သူ့​ကိုယ်​သူ အရေး​ပါ​သူ​လို့ ပြော​တော့ လူ ၄၀၀ လောက် သူ့​နောက်​ပါ​သွား​တယ်။ ဒါ​ပေမဲ့ သူ ကွပ်​မျက်​ခံ​ရ​တဲ့​အ​တွက် သူ့​နောက်​လိုက်​တွေ​လည်း  တကွဲ​တ​ပြား​ဖြစ်​ပြီး ပျောက်​သွား​ကြ​တယ်။ ၃၇  အဲ​ဒီ​နောက် နာ​မည်​စာ​ရင်း ကောက်​ချိန်​မှာ ဂါ​လိ​လဲ​နယ်​သား ယုဒ​လည်း ပုန်​ကန်​ထ​ကြွ​ပြီး လူ​တွေ​ကို စည်း​ရုံး​ခဲ့​တယ်။ နောက်​တော့ အဲဒီ​လူ​လည်း သေသွား​ပြီး သူ့​နောက်​လိုက်​အားလုံး တကွဲ​တ​ပြား ဖြစ်​ကုန်​တာ​ပဲ။ ၃၈  ဒါ​ကြောင့် လက်​ရှိ​အနေ​အထား​အ​ရ​ သူတို့​ကို မနှောင့်​ယှက်​ဘဲ ဒီ​အတိုင်း လွှတ်​ထား​လိုက်​ပါ​လို့ ကျုပ်​ပြော​ချင်​တယ်။ ဘာ​လို့​လဲ​ဆို​တော့ ဒီ​အစီ​အစဉ်၊ ဒီ​လုပ်​ဆောင်​မှု​ဟာ လူ့​အစီ​အစဉ်၊ လူ့​လုပ်​ဆောင်​မှု​ဆို​ရင်  ပျက်​စီး​မှာ​ပဲ။ ၃၉  ဘုရား​ရဲ့​အစီ​အစဉ်၊ ဘုရား​ရဲ့​လုပ်​ဆောင်​မှု​ဆို​ရင်​တော့ သူတို့​ကို ခင်​ဗျား​တို့ ဖျက်​ဆီး​နိုင်​မှာ မဟုတ်​ဘူး။+ တော်​ကြာ ဘု​ရား​သခင်​ကို ဆန့်​ကျင်​တိုက်​ခိုက်​ရာ ရောက်​နေ​ဦး​မယ်”+ လို့ သတိ​ပေး​တယ်။ ၄၀  ဒါ​နဲ့ သူ​အကြံ​ပေး​တာ​ကို လက်ခံ​ပြီး တမန်​တော်တွေ​ကို ပြန်​ခေါ်​လိုက်​တယ်။ သူတို့​ကို ရိုက်​နှက်​ပြီး​နောက်+ ယေရှု​ရဲ့​နာ​မည်​ကို အမှီ​ပြု​ပြီး မဟော​ပြော​ဖို့ အမိန့်​ပေး​တယ်။ အဲဒီ​နောက် သူတို့​ကို လွှတ်​ပေး​လိုက်​တယ်။ ၄၁  တမန်​တော်တွေ​လည်း ယေရှု​ရဲ့​နာ​မည်​ကြောင့်  အရှက်​ခွဲ​ခံ​ရ​တာ​ကို ဂုဏ်ယူစရာ​အဖြစ်  ယူ​မှတ်​ပြီး  ဂျူး​တရား​ရုံး​ချုပ်​က​နေ  ဝမ်း​မြောက်​ဝမ်း​သာ+ ထွက်​သွား​ကြ​တယ်။ ၄၂  အဲဒီ​နောက် ယေရှု​လို့​ခေါ်​တဲ့ ခ​ရစ်​တော်​အကြောင်း သတင်း​ကောင်း​ကို ဗိမာန်​တော်​မှာ​သာ​မက တစ်​အိမ်​ပြီး​တစ်​အိမ်​သွား​ပြီး+ နေ့​စဉ်​မပြတ် သွန်သင်​ဟော​ပြော​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။