ထွက်မြောက်ရာ ၃၂:၁-၃၅

  • ရွှေ​နွား​ငယ်​ရုပ်​ကို ကိုးကွယ်​ကြ (၁-၃၅)

    • ထူးဆန်းတဲ့​သီချင်း​သံ​ကို မောရှေ​ကြား (၁၇၊ ၁၈)

    • ပညတ်တော်​ကျောက်ပြား​တွေကို မောရှေ ပစ်​ခွဲ (၁၉)

    • လေဝိသားတွေ ယေဟောဝါအပေါ် သစ္စာစောင့် (၂၆-၂၉)

၃၂  မောရှေ​က တောင်ပေါ်​တက်​သွားတာ ကြာ​လှ​ပြီ။+ မဆင်း​လာ​သေး​တော့ လူတွေဟာ အာရုန်​ဆီ လာပြီး “ကျုပ်​တို့ကို ဦးဆောင်​ခေါ်သွား​မယ့် ဘုရား​တစ်ဆူ လုပ်ပေး​စမ်း​ပါ။+ အီဂျစ်ပြည်​က​နေ ကျုပ်​တို့ကို ခေါ်ထုတ်​လာတဲ့ မောရှေ​တစ်ယောက် ဟို​မှာ ဘာဖြစ်​နေမှန်း မသိ​ဘူး” လို့ ဝိုင်း​ပြော​ကြ​တယ်။ ၂  အာရုန်​လည်း “ကဲ၊ ခင်ဗျားတို့​ရဲ့ သားမယား​တွေ ဝတ်​ထားတဲ့ ရွှေ​နား​ဆွဲ​တွေ ယူလာ​ခဲ့”+ လို့​ပြောတယ်။ ၃  လူတွေက ဝတ်​ထားတဲ့ ရွှေ​နား​ဆွဲ​တွေကို ချွတ်​ပြီး အာရုန်​ဆီ ယူ​လာကြတယ်။ ၄  အာရုန်​လည်း ရွှေ​တွေကို ယူပြီး နွားရုပ်​တစ်ခု လုပ်ပေး​လိုက်တယ်။+ လူတွေက “အစ္စရေး​တို့၊ ခင်ဗျားတို့​ကို အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာ​တာ ဒီ​ဘုရား​သခင်​ပဲ”+ ဆို​ပြီး​ပြော​ကြ​တယ်။ ၅  ဒါကို အာရုန်​မြင်​တော့ နွားရုပ်​ရှေ့မှာ ယဇ်ပလ္လင်​တ​ည်ပြီး “မနက်ဖြန်​ကျ​ရင် ယေဟောဝါ​ဘုရားအတွက် ပွဲတော်​ရှိတယ်” လို့​ကြေညာ​လိုက်တယ်။ ၆  နောက်​နေ့​မနက်စောစော​မှာ လူတွေက မီးရှို့​ရာ​အလှူ​တွေ၊ မိတ်သဟာယ ပူဇော်သက္ကာ​တွေ ဆက်သ​ကြ​တယ်။ အဲဒီနောက် စားသောက်​ပြီး မြူးထူး​ပျော်ပါး​ကြ​တယ်။+ ၇  ယေဟောဝါ​က မောရှေ​ကို “အခု​ချက်ချင်း တောင်​အောက်​ကို ဆင်း​ပါ။ အီဂျစ်ပြည်​က​နေ မင်း​ခေါ်ထုတ်​လာတဲ့​လူတွေ ဖောက်ပြန်​ကုန်ပြီ။+ ၈  ငါ​မိန့်မှာ​ထားတဲ့​လမ်းစဉ်​က​နေ လွဲ​သွားတာ မြန်​လိုက်​ကြ​တာ။+ နွားရုပ်​လုပ်ပြီး ဦးချ​နေ​ကြပြီ။ နွားရုပ်​ရှေ့မှာ ပူဇော်ပြီး ‘အစ္စရေး​တို့၊ ခင်ဗျားတို့​ကို အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာ​တာ ဒီ​ဘုရား​သခင်​ပဲ’ လို့​ပြော​နေ​ကြပြီ” ဆို​ပြီး​ပြောတယ်။ ၉  ယေဟောဝါ​က “ဒီလူတွေ တော်တော်​ခေါင်းမာ​မှန်း* ငါ​သိတယ်။+ ၁၀  ငါ​အမျက်ထွက်​လွန်း​လို့ သူတို့ကို ဖျက်ဆီး​မယ်။ ငါ့ကို​မတား​နဲ့။ မင်းကို​တော့ လူမျိုး​ကြီး ဖြစ်စေမယ်” လို့​ပြောတယ်။+ ၁၁  အဲဒီအခါ မောရှေ​က ယေဟောဝါ​ဘုရားကို အသနားခံ​တယ်–+ “ယေဟောဝါ​ဘုရား၊ လူမျိုးတော်ကို ကြီးမားတဲ့​တန်ခိုး၊ အားကြီး​တဲ့ လက်​နဲ့ အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာပြီး​ခါ​မှ ဘာလို့ အမျက်ထွက်  နေရတာပါ​လဲ။+ ၁၂  ‘အဲဒီ​ဘုရားက ဒီ​လူတွေကို မကောင်းတဲ့​အကြံ​နဲ့ ခေါ်ထုတ်​သွားတာ​ပဲ။ သူတို့ကို တောတောင်​ထဲမှာ ကွပ်မျက်​လိုက်​ပြီ။ မြေပြင်​ပေါ်ကနေ အ​ပြတ်​ရှင်း​လိုက်​ပြီ’ ဆို​ပြီး အီဂျစ်​တွေ ပြော​စ​ရာ​ဖြစ်နေ​ပါ​ဦး​မယ်။+ အမျက်တော် လျှော့​လိုက်ပါ​ဦး။ သူတို့​အပေါ် ဘေးဆိုး​ကျရောက်​စေမယ်​ဆို​တဲ့ ဆုံးဖြတ်ချက်ကို ပြန်​စဉ်းစား​ပေးပါ။ ၁၃  ကိုယ်တော့်​ကျွန် အာဗြဟံ၊ အိဇက်၊ အစ္စရေး​ကို သတိရ​လှည့်​ပါ။ ‘မင်း​ရဲ့​မျိုးနွယ်​ကို ကောင်းကင်​ကြယ်​တွေ​လို တိုးပွားများပြား​စေမယ်။+ ငါ​ရွေးချယ်​ထားတဲ့ ဒီ​ပြည်​တစ်ခုလုံးကို မင်း​ရဲ့​မျိုးနွယ်​ကို ငါ​ပေးမယ်။ ဒီ​ပြည်​ကို သူတို့ ထာဝစဉ် ပိုင်ဆိုင်​လိမ့်မယ်’+ လို့ ကိုယ့်ကို​ယ်​ကိုယ် တိုင်တည်​ပြီး ကျိန်ဆို​ခဲ့​တာကို သတိရ​လှည့်​ပါ။” ၁၄  ယေဟောဝါ​လည်း သူတို့​အပေါ် ဘေးဆိုး​ကျရောက်​စေမယ်လို့ ပြောခဲ့တာကို ပြန်​စဉ်းစား​သုံးသပ်​တယ်။+ ၁၅  အဲဒီနောက် မောရှေ​က မျက်နှာပြင်​နှစ်ဖက်စလုံး ရေးထွင်း​ထားတဲ့ သက်သေခံချက် ကျောက်ပြား​နှစ်ချပ်​ကို+ ယူပြီး တောင်ပေါ်​က​နေ ဆင်း​သွားတယ်။+ ၁၆  ကျောက်ပြား​တွေ​ဟာ ဘုရားသခင့်​လက်ရာ၊ ရေးထွင်း​ထားတဲ့​စာ​က​လည်း ဘုရား​သခင်​ရေးတဲ့​စာ ဖြစ်တယ်။+ ၁၇  ယောရှုက လူတွေရဲ့ အော်ဟစ်​ဆူညံသံ​ကို ကြား​တော့ “စခန်း​မှာ စစ်တိုက်​သံ​တွေ ကြားနေ​ရတယ်” လို့​မောရှေ​ကို ပြောတယ်။ ၁၈  ဒါပေမဲ့ မောရှေ​က “ကျွန်တော်​ကြားတဲ့​အသံ​ဟာ စစ်​အောင်​သံ​လည်း မဟုတ်၊စစ်​ရှုံး​သံ​လည်း မဟုတ်၊သီချင်း​သံ​ပဲ” လို့​ပြောတယ်။ ၁၉  မောရှေ​က စခန်း​အနား​ကို ရောက်တဲ့အခါ နွားရုပ်​ရှေ့မှာ+ လူတွေ ကခုန်​နေတာကို မြင်​တော့ ဒေါသ​ပေါက်ကွဲ​သွားတယ်။ ဒါနဲ့ ယူ​လာတဲ့​ကျောက်ပြား​တွေကို တောင်​ခြေရင်း​မှာ ပစ်ချ​လိုက်တာ ကွဲ​ကြေ​ကုန်​တယ်။+ ၂၀  သူတို့​လုပ်တဲ့ နွားရုပ်​ကို​ယူ၊ မီးရှို့​ပြီး အမှုန့်ကြိတ်​လိုက်တယ်။+ အမှုန့်​တွေကို ရေ​ပေါ်​ဖြူး​ချပြီး အစ္စရေးတွေကို သောက်​ခိုင်း​တယ်။+ ၂၁  ပြီးတော့ အာရုန်​ကို “ဒီလူတွေ ဒီလောက်​ကြီးလေး​တဲ့​အပြစ် ကျူးလွန်​အောင် ခင်ဗျားကို ဘယ်လို သွေးဆောင်​လိုက်တာလဲ” ဆို​ပြီး​မေးတယ်။ ၂၂  အာရုန်​က​လည်း “ကျွန်တော့်ကို စိတ်မဆိုး​ပါ​နဲ့။ ဒီလူတွေ မကောင်းတာ​လုပ်ချင်​မှန်း သခင်​သိ​ပါတယ်။+ ၂၃  သူတို့က ‘ကျုပ်​တို့ကို ဦးဆောင်​ခေါ်သွား​မယ့် ဘုရား​တစ်ဆူ လုပ်ပေး​စမ်း​ပါ။ အီဂျစ်ပြည်​က​နေ ကျုပ်​တို့ကို ခေါ်ထုတ်​လာတဲ့ မောရှေ​တစ်ယောက် ဟို​မှာ ဘာဖြစ်​နေမှန်း မသိ​ဘူး’ ဆို​ပြီး ဝိုင်း​ပြော​ကြ​လို့​ပါ။+ ၂၄  ကျွန်တော်​လည်း ‘ခင်ဗျားတို့​ရဲ့​ရွှေ​တွေကို ချွတ်​ပေး​ကြ’ လို့​ပြောပြီး အဲဒီ​ရွှေ​တွေကို မီး​ထဲ​ပစ်​ထည့်​လိုက်​တော့ ဒီ​နွားရုပ် ထွက်လာ​ပါတယ်” လို့​ပြန်ဖြေ​တယ်။ ၂၅  အာရုန်​ကြောင့် လူတွေ ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်ပြီး ရန်သူတွေ ကဲ့ရဲ့​စ​ရာ​ဖြစ်နေ​တာကို မြင်တဲ့အခါ၊ ၂၆  မောရှေ​က စခန်း​ဝင်ပေါက်​မှာ​ရပ်​ပြီး “ယေဟောဝါ​ဘုရား​ဘက် ရပ်တည်​ချင်တဲ့​သူတွေ ကျွန်တော့်​ဆီ လာကြ”+ လို့​ပြောတယ်။ လေဝိ​အမျိုးသား​အားလုံး သူ့​ဆီ လာကြတယ်။ ၂၇  မောရှေ​က “‘ဓား​ကိုယ်စီ ကိုင်ကြ။ စခန်း​အဝင်ပေါက် တစ်ခု​ပြီး​တစ်ခု သွား​ကြ။ ကို​ယ့်​ညီအစ်ကို၊ ကို​ယ့်​အမျိုးသားချင်း၊ ကို​ယ့်​မိတ်ဆွေရင်း​တွေကို သတ်​ကြ။’ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါရဲ့​အမိန့်​ပဲ” လို့​ပြောတယ်။+ ၂၈  လေဝိ​အမျိုးသားတွေ​လည်း မောရှေ​ပြောတဲ့​အတိုင်း လုပ်တဲ့​အတွက် အဲဒီ​နေ့​မှာ ယောက်ျား ၃,၀​၀​၀ လောက် သေသွား​တယ်။ ၂၉  မောရှေ​က “ဒီနေ့၊ ယေဟောဝါ​ဘုရားဆီ ကိုယ့်ကို​ယ်​ကိုယ် ဆက်ကပ်​ကြပါ။ ခင်ဗျားတို့​က ကို​ယ့်​သား​အရင်း၊ ညီအစ်ကို​ရင်းကို​တောင် တိုက်ခိုက်​ခဲ့​တယ်။+ ဘုရားသခင် ကောင်းချီး​ပေး​လိမ့်မယ်”+ လို့​ပြောတယ်။ ၃၀  နောက်​တစ်နေ့​မှာ မောရှေ​က “ခင်ဗျားတို့ ကြီးလေး​တဲ့​အပြစ်​ကို ကျူးလွန်​ခဲ့​ကြပြီ။ ဒါကြောင့် အခု ယေဟောဝါ​ဘုရားဆီ တက်​သွား​ပြီး အပြစ်​ပြေ​ရာ​ပြေ​ကြောင်း တောင်းပန်​ကြည့်​မယ်”+ လို့​လူတွေကို​ပြောတယ်။ ၃၁  မောရှေ​က ယေဟောဝါ​ဆီ​သွား​ပြီး “ဒီလူတွေ ကြီးလေး​တဲ့​အပြစ် လုပ်လိုက်​ပါပြီ။ ရွှေ​ဘုရား​လုပ်ပြီး ကိုးကွယ်​ကြပါ​ပြီ။+ ၃၂  ဒါပေမဲ့ အလိုတော်​ရှိရင် သူတို့​အပြစ်​ကို ခွင့်လွှတ်​ပေးပါ။+ ဒါမှမဟုတ် ကိုယ်တော့်​စာစောင်​ထဲက​နေ ကျွန်တော့်​နာမည်ကို ပယ်ဖျက်​ပေးပါ”+ လို့​တောင်းပန်​တယ်။ ၃၃  ယေဟောဝါ​က မောရှေ​ကို “ငါ့ကို​ပြစ်မှားသူ​ရဲ့​နာမည်ကို​ပဲ ငါ့​စာစောင်​က​နေ ပယ်ဖျက်​မယ်။ ၃၄  ငါ​ပြောတဲ့​နေရာ​ဆီ ဒီ​လူတွေကို ခေါ်သွား​ပါ။ ငါ့ရဲ့​ကောင်းကင်တမန်​က ရှေ့​က​နေ သွား​လိမ့်မယ်။+ ဒီ​လူတွေရဲ့​အပြစ်​အတွက် ငါ​ဒဏ်ခတ်​မယ့်​အချိန် ရောက်လာ​မယ်” လို့​ပြောပြီး၊ ၃၅  အာရုန်​ကို နွားရုပ်​လုပ်​ခိုင်း​တဲ့ လူတွေကို ယေဟောဝါ​ဒဏ်ခတ်​တယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လည်ပင်း​ခိုင်မာ​မှန်း။”