မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင့်နိုင်ငံတော်ဆိုတာ ယေဟောဝါဘုရားသခင်တည်ထောင်တဲ့ တကယ့်အစိုးရတစ်ခုဖြစ်တယ်။ “ဘုရားသခင့်နိုင်ငံတော်” ကို “ကောင်းကင်နိုင်ငံတော်” လို့လည်းခေါ်တယ်။ အကြောင်းက ကောင်းကင်ကနေ အုပ်ချုပ်လို့ဖြစ်တယ်။ (မာကု ၁:၁၄၊ ၁၅၊ မဿဲ ၄:၁၇) ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရတွေနဲ့ ကဏ္ဍတော်တော်များများမှာ ဆင်တူတယ်။ ဒါပေမဲ့ လူ့အစိုးရတွေထက် အဖက်ဖက်က သာတယ်။

  •   အုပ်ချုပ်သူ။ ဘုရားသခင်က နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုခရစ်ကို ခန့်ထားပြီး ဘယ်လူ့အုပ်စိုးရှင်ထက်မဆို သာလွန်တဲ့ အခွင့်အာဏာပေးထားတယ်။ (မဿဲ ၂၈:၁၈) ယေရှုဟာ ရရှိထားတဲ့တန်ခိုးကို ကောင်းတဲ့ဘက်ကနေပဲ အသုံးပြုတယ်။ ကိုယ်တော်ဟာ ယုံကြည်စိတ်ချထိုက်တဲ့၊ သနားကြင်နာတတ်တဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပြီ။ (မဿဲ ၄:၂၃၊ မာကု ၁:၄၀၊ ၄၁၊ ၆:၃၁-၃၄၊ လုကာ ၇:၁၁-၁၇) ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ယေရှုဟာ ကောင်းကင်ကနေ မိမိနဲ့အတူတွဲပြီး “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ဖို့ လူမျိုးအသီးသီးကလူတွေကို ရွေးချယ်ခဲ့တယ်။—ဗျာဒိတ် ၅:၉၊ ၁၀

  •   အုပ်ချုပ်မယ့်သက်တမ်း။ ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ လူ့အစိုးရတွေနဲ့မတူဘဲ ဘုရားသခင့်နိုင်ငံတော်က “ပျက်စီးချင်းသို့မရောက်နိုင်။”—ဒံယေလ ၂:၄၅

  •   လက်အောက်ခံများ။ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်မှာပဲမွေးမွေး ဘုရားသခင်တောင်းဆိုထားတာတွေကို လုပ်မယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံ ဖြစ်နိုင်ပါတယ်။—တမန်တော် ၁၀:၃၄၊ ၃၅

  •   ဥပဒေ။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဥပဒေတွေ (ဒါမှမဟုတ် ပညတ်တွေ) က အမူအကျင့်အမှားတွေကို တားမြစ်ရုံလောက်ပဲမဟုတ်ဘူး။ လက်အောက်ခံတွေရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို တိုးတက်စေတယ်။ ဥပမာ၊ ကျမ်းစာက ဒီလိုဆိုတယ်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။’” (မဿဲ ၂၂:၃၇-၃၉) ဘုရားသခင်ကို ချစ်ခြင်း၊ လူသားချင်းကို ချစ်ခြင်းက တခြားသူတွေအတွက် အကောင်းဆုံးအကျိုးဖြစ်စေတဲ့နည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လက်အောက်ခံတွေကို လှုံ့ဆော်ပေးတယ်။

  •   ပညာရေး။ ဘုရားသခင့်နိုင်ငံတော်က လက်အောက်ခံတွေအတွက် မြင့်မားတဲ့စံနှုန်း သတ်မှတ်ထားပြီး အဲဒီစံနှုန်းကိုပြည့်မီနိုင်အောင် လူတွေကို သင်ကြားပေးတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈

  •   တာဝန်။ လက်အောက်ခံတွေကို ထိခိုက်နစ်နာစေပြီး အုပ်ချုပ်သူတွေကို ကြီးပွားစေတာမျိုး ဘုရားသခင့်နိုင်ငံတော်က ဖြစ်စေမှာမဟုတ်ဘူး။ ဘုရားသခင်ကိုချစ်တဲ့သူတွေက ကမ္ဘာ့ပရဒိသုမှာ ထာဝစဉ်နေရမယ်ဆိုတဲ့ ကတိတော်အပါအဝင် ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေမှာဖြစ်တယ်။—ဟေရှာယ ၃၅:၁၊ ၅၊ ၆၊ မဿဲ ၆:၁၀၊ ဗျာဒိတ် ၂၁:၁-၄