မာတိကာဆီ ကျော်သွား

သင် သေသွားရင် ဘာဖြစ်မလဲ

သင် သေသွားရင် ဘာဖြစ်မလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၉:၅; ဆာလံ ၁၄၆:၄) ဒါကြောင့် ကျွန်ုပ်တို့သေသွားရင် လုံးဝမတည်ရှိတော့ဘူး။ သေဆုံးသွားသူတွေဟာ စဉ်းစားတာ၊ လုပ်ဆောင်တာ၊ ခံစားတာ ဘာဆိုဘာမှမလုပ်ဆောင်နိုင်တော့ဘူး။

“သင်သည် မြေမှုန့်သို့ ပြန်ရမည်”

 ပထမဆုံးလူသား အာဒံကို ဘုရားသခင် ပြောဆိုခဲ့ရာကနေ ကျွန်ုပ်တို့ သေဆုံးသွားရင် ဘာဖြစ်မလဲဆိုတာ သိနိုင်တယ်။ အာဒံ နာခံမှုမရှိလို့ ဘုရားသခင် သူ့ကို ဒီလိုပြောခဲ့တယ်– “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်က အာဒံကို “မြေမှုန့်” ကနေ မဖန်ဆင်းခင် အာဒံဆိုတာ မရှိခဲ့ဘူး။ (ကမ္ဘာဦး ၂:၇) အဲဒီလိုပဲ အာဒံသေသွားတဲ့အခါ သူဟာ မြေမှုန့်ပြန်ဖြစ်သွားပြီး လုံးဝမတည်ရှိတော့ပါဘူး။

 အခုလည်း လူတွေသေရင် မြေမှုန့်ပြန်ဖြစ်သွားပြီး လုံးဝမတည်ရှိတော့ပါဘူး။ သမ္မာကျမ်းစာမှာ လူတွေနဲ့ တိရစ္ဆာန်တွေအကြောင်း အခုလိုပြောတယ်– “အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။”​—ဒေသနာ ၃:၁၉၊ ၂၀

သေခြင်းဆိုတာ ဘဝနိဂုံးမဟုတ်

 ကျမ်းစာမှာ သေတာကို အိပ်တာနဲ့ နှိုင်းယှဉ်တတ်တယ်။ (ဆာလံ ၁၃:၃; ယောဟန် ၁၁:၁၁–၁၄; တမန်တော် ၇:၆၀) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူတစ်ယောက်က သူ့ဘေးမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိဘူး။ အဲဒီလိုပါပဲ၊ သေတဲ့သူဟာ ဘာကိုမှ မသိပါဘူး။ ဒါပေမဲ့ ဘုရားသခင်က အိပ်ပျော်တဲ့သူကို ပြန်နှိုးသလိုမျိုး သေလွန်သူတွေကို အသက်ပြန်ရှင်စေမယ်လို့ သမ္မာကျမ်းစာမှာ ကတိပြုထားပါတယ်။ (ယောဘ ၁၄:၁၃–၁၅) ဘုရားသခင် အသက်ပြန်ရှင်အောင် လုပ်ပေးမယ့်သူတွေအတွက် သေခြင်းဆိုတာ ဘဝနိဂုံးမဟုတ်ပါဘူး