မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

ကျွန်တော်တို့ရဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်လုပ်ဆောင်နေသလဲ

ကျွန်တော်တို့ရဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်လုပ်ဆောင်နေသလဲ

စပိန်

ဘယ်​လာ​ရု​စ်

ဟော​င်​ကောင်

ပီရူး

ယေရှု​​က မ​သေဆုံး​မီ ရက်​အနည်းငယ်​အလို​မှာ ဒီလို​ပြောခဲ့တယ်– “လူမျိုး​အားလုံး​အတွက်​ သက်သေ​ဖြစ်စေ​ဖို့ နိုင်ငံ​တော်​သတင်းကောင်းကို လူ​နေထိုင်​ရာ မြေ​တစ်ခွင်​လုံးမှာ ဟောပြော​ရ​လိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်။” (မဿဲ ၂၄:၁၄) ဒီ​ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း ပြီးစီး​အောင်မြင်​ဖို့ ဘယ်လို လုပ်ဆောင်​နိုင်မလဲ။ ယေရှု​ မြေကြီး​ပေါ် ရှိ​စဉ် လုပ်ဆောင်​ခဲ့တဲ့​နည်း​အတိုင်း လုပ်ဆောင်ခြင်း​အားဖြင့်​ပါပဲ။—လုကာ ၈:၁

လူတွေ​ရဲ့​အိမ်တွေမှာ သွား​ပြီး ဟောပြော​ဖို့ ကျွန်တော်တို့ ကြိုးစား​ကြ​တယ်။ ယေရှု​​က တပည့်​တွေကို တစ်အိမ်မှတစ်အိမ် သွား​ပြီး သတင်းကောင်း ဟောပြော​ဖို့ လေ့ကျင့်ပေး​ခဲ့တယ်။ (မဿဲ ၁၀:၁၁-၁၃။ တမန်တော် ၅:၄၂။ ၂၀:၂၀) ပထမ​ရာစု သတင်းကောင်း​ဟောပြောသူ​တွေအတွက်​ ဟောပြော​ရမယ့်​ရပ်ကွက်​တွေကို သတ်မှတ်​ပေး​ခဲ့တယ်။ (မဿဲ ၁၀:၅၊ ၆။ ၂ ကောရိန္သု ၁၀:၁၃) အဲဒီ​လို​ပါပဲ၊ ဒီနေ့ ကျွန်တော်တို့ရဲ့ ဟောပြောခြင်း​လုပ်ငန်းကို ကောင်းစွာ စီစဉ်​ထားပြီး အသင်း​တော်​တိုင်း​အတွက်​ ဟောပြော​ရမယ့်​ရပ်ကွက်​တွေကို သတ်မှတ်​ထားတယ်။ ဒါက “လူတွေ​ကို ဟောပြော​ပြီး စေ့စေ့စပ်စပ် သက်သေခံ” ကြ​ဆိုတဲ့ ယေရှု​ရဲ့​အမိန့်​ကို လုပ်ဆောင်​နိုင်​စေတယ်။—တမန်တော် ၁၀:၄၂

လူတွေ​ကို တွေ့​နိုင်တဲ့ ဘယ်​နေရာမှာ​မဆို ဟောပြော​ဖို့ ကျွန်တော်တို့ ကြိုးစား​တယ်။ ယေရှု​​က ကမ်း​နား၊ အများသုံး​ရေတွင်း စတဲ့ လူတွေ​ရှိတဲ့​နေရာ​တွေမှာ ဟောပြောခြင်း​အားဖြင့်​လည်း ပုံသက်သေ​ပြခဲ့တယ်။ (မာကု ၄:၁။ ယောဟန် ၄:၅-၁၅) ကျွန်တော်တို့​လည်း တယ်လီဖုန်း​နဲ့​ဖြစ်ဖြစ်၊ လမ်းပေါ်​မှာ၊ စီးပွားရေး​ရပ်ကွက်​တွေမှာ၊ ပန်းခြံ​မှာ​ဖြစ်ဖြစ် တွေ့ရတဲ့​လူတွေ​ကို သမ္မာကျမ်းစာ​အကြောင်း ပြောပြ​ကြ​တယ်။ အိမ်နီးချင်း​တွေ၊ အလုပ်ဖော်​တွေ၊ ကျောင်းနေဖက်​တွေနဲ့ ဆွေမျိုး​တွေကိုလည်း အခွင့်အရေး​​ရ​တိုင်း သက်သေခံ​ကြ​တယ်။ ဒီလို​ကြိုးစားလုပ်ဆောင်မှု​တွေကြောင့် “ကယ်တင်ခြင်း​သတင်းကောင်း” ကို ကမ္ဘာ​တစ်​၀န်း​က သန်းနဲ့ချီတဲ့​သူတွေ ကြားသိ​ခွင့်​ရကြ​တယ်။—ဆာလံ ၉၆:၂

ဘုရား​သခင့်​နိုင်ငံ​တော်​သတင်းကောင်း​အကြောင်း၊ ဒီ​သတင်းကောင်း​က အနာဂတ်​နဲ့ ဘယ်လို သက်ဆိုင်​တယ်​ဆိုတဲ့​အကြောင်း ပြောပြ​ချင်တဲ့​သူ​တစ်ယောက်ယောက်​ကို စဉ်းစား​မိ​သလား။ ဒီ​မျှော်လင့်ချက်​ပေးတဲ့​သတင်း​ကို ကိုယ့်​အတွက်​​ပဲ သိမ်း​မထား​ပါနဲ့။ သူတို့​တစ်​တွေကို အမြန်​ဆုံး ဝေမျှပေး​ပါ။

  • ဘယ် “သတင်းကောင်း” ကို ဟောပြော​ကြ​ရ​မ​လဲ။

  • ယေဟော​ဝါ​သက်သေ​တွေ​က ယေရှု​ရဲ့​ဟောပြောခြင်း​နည်းလမ်း​ကို ဘယ်လို တုပ​ကြ​သလဲ။