ယောဟန် ၁၄:၁-၃၁

  • အဖဘု​ရား​ဆီ ရောက်​နိုင်​တဲ့ တစ်​ခု​တည်း​သော​လမ်း ယေရှု (၁-၁၄)

    • ‘လမ်း​ခ​ရီး၊ အမှန်​တ​ရား၊ အသက်​ဖြစ်​တဲ့ ကျွန်တော်’ ()

  • စွမ်းအား​တော် တောင်း​ပေး​မယ်​လို့ ယေရှု​ကတိပြု (၁၅-၃၁)

    • ‘အဖဘု​ရား​က ကျွန်​တော့်​ထက် ပိုကြီးမြတ်’ (၂၈)

၁၄  “ခင်​ဗျား​တို့ သိပ်​မစိုး​ရိမ်​ပါ​နဲ့။+ ဘု​ရား​သခင်​ကို ယုံ​ကြည်​သက်​ဝင်​ကြ​ပါ။+ ကျွန်​တော့်​ကို​လည်း ယုံ​ကြည်​သက်​ဝင်​ကြ​ပါ။ ၂  အဖရဲ့​အိမ်​တော်​မှာ နေ​စ​ရာတွေ အများ​ကြီး​ပဲ။ မဟုတ်​ရင် ကျွန်​တော် အခု​လို ပြော​ပါ့​မလား။ ခင်​ဗျား​တို့​အတွက် နေ​စ​ရာ​ပြင်​ဆင်​ဖို့ ကျွန်​တော်​သွား​ရ​မယ်။+ ၃  ကျွန်​တော်​သွား​ပြီး ခင်​ဗျား​တို့​အတွက် နေ​စ​ရာ​ပြင်​ဆင်​ပြီး​ရင် ပြန်​လာခဲ့​မယ်။ ကျွန်​တော် ရှိ​တဲ့​နေ​ရာ​မှာ ခင်​ဗျား​တို့​လည်း ရှိ​နေ​ဖို့ ပြန်​လာ​ခေါ်​မယ်။+ ၄  ကျွန်​တော်​သွား​မယ့် နေ​ရာ​ကို​ရော လမ်း​ခ​ရီး​ကို​ပါ ခင်​ဗျား​တို့ သိ​တာ​ပဲ။” ၅  သော​မက+ “သခင်၊ ကျွန်​တော်​တို့​က သခင်​သွား​မယ့်​နေ​ရာ​ကို​မှ မသိ​တာ။ လမ်း​ခ​ရီး​ကို ဘယ်​လို​လုပ်​သိ​မှာ​လဲ” လို့​မေး​တယ်။ ၆  ယေရှု​က “ကျွန်​တော်​ဟာ လမ်း​ခ​ရီး+ ဖြစ်​တယ်။ အမှန်​တ​ရား​လည်း+ ဖြစ်​တယ်။ အသက်​လည်း+ ဖြစ်​တယ်။ ကျွန်​တော့်​ကို မဖြတ်​သန်း​ဘဲ ဘယ်​သူ​မှ အဖဘု​ရား​ဆီ မရောက်​နိုင်​ဘူး။+ ၇  ကျွန်​တော့်​ကို​သိ​ရင် အဖဘု​ရား​ကို​လည်း သိ​မှာ​ပဲ။ အခု​ချိန်​က​စ​ပြီး အဖဘု​ရား​ကို ခင်ဗျား​တို့ သိ​ရ​မြင်​ရ​ပြီ”+ လို့​ဖြေတယ်။ ၈  ဖိ​လိပ္ပု​က “သခင်၊ အဖဘု​ရား​ကို မြင်​ချင်​လို့ ကျွန်​တော်​တို့​ကို ပြပါ​ဦး။ ဒါ​ဆို ကျေ​နပ်​ပါ​ပြီ” လို့​ပြော​တယ်။ ၉  အဲဒီ​အခါ ယေရှု ပြန်​ပြော​တာ​က “ဖိ​လိပ္ပု၊ ကျွန်​တော် ခင်​ဗျား​တို့​နဲ့ ဒီ​လောက်​အကြာ​ကြီး နေ​ခဲ့​တာ​တောင် ကျွန်​တော့်​ကို မသိ​သေး​ဘူး​လား။ ကျွန်​တော့်​ကို​မြင်​တာ​ဟာ အဖဘု​ရား​ကို မြင်​တာ​ပဲ။+ ဒါ​ဆို ‘အဖဘု​ရား​ကို မြင်​ချင်​လို့  ကျွန်​တော်​တို့​ကို ပြပါ’ ဆို​ပြီး ဘာ​ကြောင့်​ပြော​တာ​လဲ။ ၁၀  ကျွန်​တော်​ဟာ အဖဘု​ရား​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ၊ အဖဘု​ရား​က​လည်း ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ​ဆို​တာ မယုံ​ဘူး​လား။+ ကျွန်​တော် ပြော​တဲ့​အရာတွေ​ဟာ ကိုယ့်​သဘော​နဲ့​ကိုယ် ပြော​တာ​မဟုတ်​ဘူး၊+ ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​တဲ့ အဖဘု​ရားရဲ့ လုပ်​ဆောင်​မှု​တွေ​ပဲ။ ၁၁  ကျွန်​တော်​က အဖဘု​ရား​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ၊ အဖဘု​ရား​က​လည်း ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ​ဆို​တာ ယုံကြ​ပါ။ ဒီ​အချက်​ကို မယုံ​ရင်​တောင် ကျွန်​တော့်ရဲ့ လုပ်​ဆောင်​မှု​တွေ​ကို ယုံ​ကြ​ပါ။+ ၁၂  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကျွန်​တော့်​ကို ယုံ​ကြည်​သက်​ဝင်​တဲ့​သူ​ဟာ ကျွန်​တော်​လုပ်​တဲ့ အလုပ်​တွေ​ကို လုပ်​လိမ့်​မယ်။ အဲ​ဒါ​ထက် ကြီး​မား​တာ​တွေ​ကို လုပ်​လိမ့်​မယ်။+ ဘာ​ကြောင့်​လဲ​ဆို​တော့ ကျွန်​တော်​က အဖဘု​ရား​ဆီ သွား​ရ​တော့​မှာ။+ ၁၃  ကျွန်​တော့်​နာမည်​ကို အမှီ​ပြု​ပြီး ခင်​ဗျား​တို့ ဆုတောင်း​ရင် တောင်း​သမျှ​ကို  ကျွန်​တော်​လုပ်​ပေး​မယ်။ ဒါ​ဆို​ရင် အဖဘု​ရား​က သား​တော်​ကြောင့် ဘုန်း​ထင်​ရှား​လိမ့်​မယ်။+ ၁၄  ကျွန်​တော့်​နာ​မည်​ကို  အမှီ​ပြု​ပြီး ခင်ဗျား​တို့ တောင်း​ဆို​သမျှ ကျွန်​တော်​လုပ်​ပေး​မယ်။ ၁၅  “ကျွန်​တော့်​ကို​ချစ်​ရင်  ကျွန်​တော့်​ပညတ်​တွေ​ကို ခင်​ဗျား​တို့ လိုက်​နာ​ကြ​လိမ့်​မယ်။+ ၁၆  ကျွန်​တော်​က​လည်း အဖဘု​ရား​ဆီ တောင်း​ပေး​မယ်။ ခင်​ဗျား​တို့​နဲ့​အတူ အမြဲရှိ​နေ​မယ့် ကူညီ​သူ* နောက်​တစ်​ယောက်​ကို အဖဘု​ရား ပေး​သနား​လိမ့်​မယ်။+ ၁၇  အဲဒီ​ကူညီ​သူ​ဟာ အမှန်​တ​ရား​ကို ဖော်​ပြတဲ့ စွမ်းအား​တော်​ပဲ။+ လော​က​က စွမ်းအား​တော်​ကို သိ​လည်း​မသိ၊ မြင်​လည်း​မမြင်​တဲ့​အတွက် စွမ်းအား​တော်​ကို မရ​ကြ​ဘူး။+ ခင်​ဗျား​တို့​က​တော့ စွမ်းအား​တော်​ကို  သိ​ကြ​တယ်။ စွမ်းအား​တော်​က  ခင်​ဗျား​တို့​နဲ့​အတူ ရှိ​နေ​လို့၊ ခင်ဗျား​တို့​ဆီ​မှာ ရှိ​နေ​လို့​ပဲ။ ၁၈  ကျွန်​တော်​က ခင်​ဗျား​တို့​ကို ခို​ကိုး​ရာ​မဲ့ ပစ်​ထား​ခဲ့​မှာ မဟုတ်​ဘူး။  ခင်​ဗျား​တို့​ဆီ လာဦး​မယ်။+ ၁၉  မကြာ​ခင် လော​က​ဟာ ကျွန်​တော့်​ကို မြင်​ရ​တော့​မှာ မဟုတ်​ဘူး။ ခင်​ဗျား​တို့​က​တော့ မြင်​လိမ့်​မယ်။+ ကျွန်​တော် အသက်​ရှင်​သလို ခင်​ဗျား​တို့​လည်း အသက်​ရှင်​မှာ​ကိုး။ ၂၀  ကျွန်​တော်​ဟာ အဖဘု​ရား​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​မှန်း၊ ခင်​ဗျား​တို့​ဟာ ကျွန်​တော်​နဲ့  တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​သလို ကျွန်​တော်​လည်း ခင်​ဗျား​တို့​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​မှန်း အဲဒီ​နေ့​ကျရင်  ခင်​ဗျား​တို့  သိ​ရ​လိမ့်​မယ်။+ ၂၁  ကျွန်​တော့်​ပညတ်​တွေ​ကို ခံ​ယူ​ပြီး လိုက်​နာ​တဲ့​သူ​ဟာ ကျွန်​တော့်​ကို ချစ်​တဲ့​သူ​ပဲ။ ကျွန်​တော့်​ကို ချစ်​တဲ့​သူ​ကို အဖဘုရား​က​လည်း ချစ်​မှာ​ပဲ။ ကျွန်​တော်​လည်း သူ့​ကို​ချစ်​ပြီး ကျွန်​တော့်​ကို သူ​သိ​အောင် ရှင်း​ရှင်း​လင်း​လင်း ဖော်​ပြမယ်။” ၂၂  ယုဒ​ရှ​ကာ​ရုတ် မဟုတ်​တဲ့ ယုဒ+ နောက်​တစ်​ယောက်​က “သခင်၊ လော​က​ကို​ကျ​တော့ မဖော်​ပြဘဲ ကျွန်​တော်​တို့​ကို​ပဲ ရှင်း​ရှင်း​လင်း​လင်း ဖော်​ပြချင်​တာ ဘာ​ဖြစ်​လို့​လဲ” လို့​မေး​တယ်။ ၂၃  ယေရှု​ပြန်​ဖြေတာ​က  “ကျွန်​တော့်​ကို ချစ်​တဲ့​သူ​ဟာ ကျွန်​တော့်​စကား​ကို လိုက်​နာ​မှာ​ပဲ။+ အဖဘု​ရား​က​လည်း သူ့​ကို ချစ်​လိမ့်​မယ်။ ကျွန်​တော်​နဲ့ အဖဘုရား​က သူ့​ဆီ​လာ​ပြီး သူ​နဲ့​အတူ ရှိ​နေ​မယ်။+ ၂၄  ကျွန်​တော့်​ကို မချစ်​တဲ့​သူ​က ကျွန်​တော့်​စကား​ကို မလိုက်​နာ​ဘူး။ ခင်​ဗျား​တို့​ကြား​ရ​တဲ့ စကား​တွေ​ဟာ ကျွန်​တော့်​စကား မဟုတ်​ဘူး။ စေ​လွှတ်​လိုက်​တဲ့ အဖဘု​ရားရဲ့ စကား​တွေ​ပဲ။+ ၂၅  “ခင်​ဗျား​တို့​နဲ့​အတူ ရှိ​နေ​တုန်း ကျွန်​တော် ဒီ​အကြောင်း​တွေ ပြော​တယ်။ ၂၆  အဖဘု​ရား​က ကူညီ​သူ​ဖြစ်​တဲ့ သန့်​ရှင်း​သော စွမ်းအား​တော်​ကို  ကျွန်​တော့်​နာ​မည်​နဲ့ လွှတ်​လိုက်​တဲ့​အခါ အဲဒီ​စွမ်းအား​တော်​က  ခင်​ဗျား​တို့​ကို  အရာ​အားလုံး သွန်သင်​ပေး​လိမ့်​မယ်။ ကျွန်​တော် ပြော​ခဲ့​သမျှ​ကို​လည်း ပြန်​မှတ်​မိ​စေ​လိမ့်​မယ်။+ ၂၇  ငြိမ်သက်​ခြင်း​ကို ခင်​ဗျား​တို့​ဆီ ထား​ခဲ့​မယ်။ ငြိမ်သက်​ခြင်း​ကို ပေး​ခဲ့​မယ်။+ ကျွန်​တော်​ပေး​တဲ့ ငြိမ်သက်​ခြင်း​ဟာ လော​က​ပေး​တဲ့ ငြိမ်သက်​ခြင်း​နဲ့ မတူ​ဘူး။ ဒါ​ကြောင့် ခင်​ဗျား​တို့ သိပ်​မစိုး​ရိမ်​ပါ​နဲ့။ မကြောက်​ပါ​နဲ့။ ၂၈  ‘ကျွန်​တော်​သွား​ပြီး​ရင် ပြန်​လာဦး​မယ်’ လို့ ပြော​တာ ခင်​ဗျား​တို့ ကြား​ခဲ့ရ​ပြီပဲ။ ကျွန်​တော့်​ကို​ချစ်​ရင် အဖဘု​ရား​ဆီ ကျွန်​တော်​သွား​တာ​ကို ခင်​ဗျား​တို့ ဝမ်း​သာ​လိမ့်​မယ်။ အဖဘု​ရား​က ကျွန်​တော့်​ထက် ပို​ကြီးမြတ်​တယ်။+ ၂၉  ဒါ​တွေ တ​ကယ်​ဖြစ်​လာ​တဲ့​အခါ ခင်​ဗျား​တို့ ယုံ​အောင်​လို့ အခု​က​တည်း​က ကျွန်​တော် ကြို​ပြော​ထား​တာ​ပါ။+ ၃၀  အခု​က​စ​ပြီး ကျွန်​တော် အများ​ကြီး မပြော​တော့​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ဒီ​လော​က​ရဲ့​မင်း​က+ လာ​နေ​ပြီ။ သူ​လာ​ပေမဲ့ ကျွန်​တော့်​ကို မချုပ်​ကိုင်​နိုင်​ပါ​ဘူး။+ ၃၁  ဒါ​ပေမဲ့ ကျွန်​တော် အဖဘု​ရား​ကို ချစ်​တယ်​ဆို​တာ ဒီ​လော​က​သိ​အောင် အဖဘု​ရား မိန့်မှာ​တဲ့​အတိုင်း လုပ်​တယ်။+ ကဲ၊ ထ​ကြ​တော့။ ကျွန်​တော်​တို့ သွား​ရ​အောင်။

အောက်ခြေမှတ်ချက်များ

သန့်​ရှင်း​သော စွမ်းအား​တော်​ကို ပုဂ္ဂိုလ်​တစ်​ဦး​နဲ့ တင်​စား​ထား။