မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းတာ အကျိုးရှိသလား

ဘုရားသခင် ဘာကြောင့် ဆုတောင်းခိုင်းတာလဲ

ဘုရားသခင် ဘာကြောင့် ဆုတောင်းခိုင်းတာလဲ

ကျွန်ုပ်တို့နဲ့ ဘုရားသခင် မိတ်ဖွဲ့ချင်တယ်။

မိတ်ဆွေတွေဟာ ဆက်ဆံရေးကောင်းချင်တယ်ဆိုရင် အပြန်အလှန် ပြောဆိုဆက်သွယ်ဖို့လိုပါတယ်။ အဲဒီလိုပါပဲ၊ ဘုရားသခင်က မိမိနဲ့စကားပြောပြီး မိတ်ဖွဲ့ဖို့ ကျွန်ုပ်တို့ကို ကမ်းလှမ်းထားပါတယ်။ ကိုယ်တော် အခုလိုပြောတယ်– ‘သင်တို့သည် ငါ့ကိုခေါ်၍ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။’ (ယေရမိ ၂၉:၁၂) ဘုရားသခင်နဲ့ သင် စကားပြောလာတာနဲ့အမျှ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” လာနိုင်မှာဖြစ်ပြီး “ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်” လာမှာဖြစ်ပါတယ်။ (ယာကုပ် ၄:၈) ‘ထာဝရဘုရားသည် ပတ္ထနာပြု [ဆုတောင်း] သောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏’ လို့ ကျမ်းစာမှာ အာမခံထားပါတယ်။ (ဆာလံ ၁၄၅:၁၈) ဘုရားသခင်ဆီ များများဆုတောင်းလေ ဘုရားနဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးနှောင်ကြိုးက ပိုခိုင်မာလာလေပါပဲ။

‘ထာဝရဘုရားသည် ပတ္ထနာပြု [ဆုတောင်း] သောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။’—ဆာလံ ၁၄၅:၁၈

သင့်ကို ဘုရားကူညီပေးချင်တယ်။

‘သားသည် မုန့်ကိုတောင်းလျှင် ကျောက်ခဲပေးမည့်သူ သင်တို့တွင်ရှိသလော။ ငါးကိုတောင်းလျှင် မြွေကိုပေးမည်လော။ ထို့ကြောင့် သင်တို့သည် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်များကို ပေးတတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ထိုမျှမက သာ၍ပေးတော်မူမည်’ မဟုတ်လားဆိုပြီး ယေရှုပြောခဲ့ပါတယ်။ (မဿဲ ၇:၉-၁၁) ဘုရားသခင် ဆုတောင်းခိုင်းရတာက ကျွန်ုပ်တို့ကို “ဂရုစိုက်” လို့၊ ကူညီပေးချင်လို့ပါ။ (၁ ပေတရု ၅:၇) ဒါ့အပြင် သင့်ပြဿနာတွေကိုလည်း ပြောပြစေချင်တယ်။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့” ဆိုပြီး ကျမ်းစာမှာဖော်ပြထားပါတယ်။—ဖိလိပ္ပိ ၄:၆

လူသားတွေမှာ ဘုရားသခင်ကို မှီခိုလိုစိတ်ရှိတယ်။

ဘုရားမဲ့ဝါဒီတချို့အပါအဝင် လူသန်းပေါင်းများစွာက ဆုတောင်းဖို့လိုအပ်မှန်း အသိအမှတ်ပြုတာကို လူမှုဗေဒပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြတယ်။ * လူသားတွေဟာ ဘုရားသခင်ကို မွေးရာပါမှီခိုလိုစိတ်နဲ့ ဖန်ဆင်းခံထားရမှန်း အဲဒီအချက်တွေက သက်သေပြနေပါတယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ယေရှုပြောခဲ့ပါတယ်။ (မဿဲ ၅:၃) မွေးရာပါမှီခိုလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့နည်းလမ်းတစ်ခုက ဘုရားသခင်နဲ့ ပုံမှန် ဆုတောင်းစကားပြောခြင်းဖြစ်ပါတယ်။

ဆုတောင်းဖို့ ဘုရားသခင့်ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့လက်ခံမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ။

^ စာပိုဒ်၊ 8 ၂၀၁၂၊ ပြူ သုတေသနစင်တာရဲ့အဆိုအရ အမေရိကန်နိုင်ငံရှိ ဘုရားမဲ့ဝါဒီ ၁၁ ရာခိုင်နှုန်းက အနည်းဆုံး တစ်လတစ်ကြိမ်ဆုတောင်းကြကြောင်း သိရတယ်။