မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်နိုင်သလဲ

အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်နိုင်သလဲ

 အမှားအမှန်သိစိတ်ကို ဘယ်အရာနဲ့ နှိုင်းယှဉ်နိုင်သလဲ။

  •   သံလိုက်အိမ်မြှောင်

  •   မှန်

  •   မိတ်ဆွေ

  •   တရားသူကြီး

 အဖြေကတော့ လေးခုစလုံး ပါပဲ။ အကြောင်းရင်းတွေကို ဒီဆောင်းပါးမှာ ရှင်းပြပါလိမ့်မယ်။

 အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ

 အမှားအမှန်သိစိတ်ဆိုတာ အမှားနဲ့အမှန်ကို သိတဲ့ အတွင်းစိတ် ဖြစ်တယ်။ “စိတ်နှလံးထဲ၌ မှတ်သားသောတရား” နဲ့တူတယ်လို့ ကျမ်းစာမှာ ပြောတယ်။ (ရောမ ၂:၁၅ယုဒသန်ကျမ်း) ကြည်လင်တဲ့ အမှားအမှန်သိစိတ်က ကိုယ်လုပ်တော့မယ်အရာ၊ လုပ်ပြီးတဲ့အရာကို အကဲဖြတ်ဝေဖန်နိုင်အောင် ကူညီပေးတယ်။

  •   အမှားအမှန်သိစိတ်က သံလိုက်အိမ်မြှောင်နဲ့ တူတယ်။ သင့်ကို လမ်းမှန် ညွှန်ပြပေးလို့ ပြဿနာကို ရှောင်နိုင်တယ်။

  •   အမှားအမှန်သိစိတ်က မှန်နဲ့ တူတယ်။ သင့်ရဲ့ ကိုယ်ကျင့်တရား အခြေအနေ၊ အတွင်းစိတ်သဘောထား ဘယ်လို ရှိတယ်ဆိုတာ ဖော်ပြတယ်။

  •   အမှားအမှန်သိစိတ်က မိတ်ဆွေကောင်းနဲ့ တူတယ်။ သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။ နားထောင်မယ်ဆိုရင် အောင်မြင်စေနိုင်တယ်။

  •   အမှားအမှန်သိစိတ်က တရားသူကြီးနဲ့ တူတယ်။ အမှားတစ်ခုခု လုပ်မိတဲ့အခါ အပြစ်ရှိကြောင်း သင့်ကို ဖော်ပြတယ်။

ကြည်လင်တဲ့ အမှားအမှန်သိစိတ်က ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးနိုင်

 အဓိကအချက်– (၁) မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ (၂) အမှားတွေကို ပြုပြင်ဖို့အတွက် အမှားအမှန်သိစိတ်က အဓိကကျတယ်။

 အမှားအမှန်သိစိတ်ကို ဘာကြောင့် လေ့ကျင့်ရမလဲ

 “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ” လို့ ကျမ်းစာ ပြောတယ်။ (၁ ပေတရု ၃:၁၆) အမှားအမှန်သိစိတ်ကို မလေ့ကျင့်ထားဘူးဆိုရင် ထိန်းသိမ်းဖို့လည်း ခက်တယ်။

 “ကျွန်မ ဘယ်ရောက်နေတယ်ဆိုတာ မိဘတွေကို အမှန်အတိုင်း မပြောဘူး။ ပြီးတော့ လျှို့ဝှက်ထားလိုက်တယ်။ အစပိုင်းမှာတော့ ကျွန်မရဲ့ အမှားအမှန်သိစိတ်က အနှောင့်အယှက်ပေးပေမဲ့ နောက်ပိုင်းမှာတော့ အပြစ်ရှိတယ်လို့ မခံစားရတော့ဘူး။”—ဂျနီဖာ။

 နောက်ဆုံးတော့ မိဘတွေကို အမှန်တိုင်း ပြောပြဖို့၊ မလိမ်ညာဖို့ ဂျနီဖာရဲ့ အမှားအမှန်သိစိတ်က လှုံ့ဆော်ပေးခဲ့တယ်။

 စဉ်းစားကြည့်ပါ– ဂျနီဖာရဲ့ အမှားအမှန်သိစိတ်က သူ့ကို ဘယ်အချိန်တုန်းက သတိပေးခဲ့သလဲ။

 “ရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး နေရတာ ခက်တယ်။ စိတ်ဖိစီးတယ်။ ဒါပေမဲ့ အမှန်းအမှန်သိစိတ်က ဆုံးဖြတ်ချက်အမှားချဖို့ ခွင့်ပြုလိုက်ပြီဆိုရင် နောက်ထပ် ဆုံးဖြတ်ချက်အမှား ချဖို့ မခက်တော့ဘူး။”—မက်သရူး။

 တချို့သူတွေက မိမိတို့ရဲ့ အမှားအမှန်သိစိတ်ကို လုံးလုံး ထည့်မတွက်ကြဘူး။ သူတို့မှာ “ကိုယ်ကျင့်တရား မရှိ” ဘူးလို့ ကျမ်းစာ ပြောတယ်။ (ဧဖက် ၄:၁၉) သူတို့မှာ “ရှက်ကြောက်စိတ် လုံးဝမရှိ” ဘူးလို့ ခေတ်သုံးမြန်မာကျမ်းစာမှာ ပြန်ဆိုထားတယ်။

 စဉ်းစားကြည့်ပါ– အမှားလုပ်ပြီး အပြစ်ရှိတယ်လို့ မခံစားရသူတွေရဲ့ ဘဝတွေဟာ ပိုသာယာသလား။ ဘာပြဿနာတွေကို သူတို့ ကြုံတွေ့ရမလဲ။

 အဓိကအချက်– ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားဖို့ဆိုရင် “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” ရမယ်။—ဟီဘရူး ၅:၁၄

 အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်နိုင်သလဲ

 အမှားအမှန်သိစိတ်ကို လေ့ကျင့်ဖို့ဆိုရင် သင်ဘာလုပ်သင့်တယ်ဆိုတာ သိစေတဲ့ စံနှုန်းကောင်းတစ်ခု ရှိဖို့လိုတယ်။ တချို့သူတွေက အောက်ပါပုဂ္ဂိုလ်တွေ ချမှတ်တဲ့ စံနှုန်းတွေကို ကျင့်သုံးကြတယ်–

  •   မိသားစုနဲ့ ယဉ်ကျေးမှု

  •   ရွယ်တူတွေ

  •   နာမည်ကျော် ဖျော်ဖြေရေးသမားတွေ

 ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ စံနှုန်းကတော့ အကောင်းဆုံးပါပဲ။ အဲဒါက အံ့ဩစရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်၊ ကျွန်တော်တို့အတွက် အကောင်းဆုံးကို သိတဲ့အရှင်ရဲ့ “လမ်းညွှန်မှုနဲ့” ကျမ်းစာကို ရေးထားလို့ပါ။—၂ တိမောသေ ၃:၁၆

 နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

 စံနှုန်း– “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေ” တယ်။—ဟီဘရူး ၁၃:၁၈

  •   စာခိုးချဖို့၊ မိဘတွေကို လိမ်ညာဖို့၊ ခိုးဖို့ သွေးဆောင်ခံရတဲ့အခါ အဲဒီစံနှုန်းက သင့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

  •   အမှားအမှန်သိစိတ်က အရာရာမှာ ရိုးသားဖို့ သင့်ကို လှုံ့ဆော်တယ်ဆိုရင် အခုရော နောင်ပါ ဘယ်လို အကျိုးခံစားရမယ်လို့ ထင်သလဲ။

 စံနှုန်း– “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ။”—၁ ကောရိန္သု ၆:၁၈

  •   ညစ်ညမ်းရုပ်ပုံတွေ ကြည့်ဖို့၊ အိမ်ထောင်မပြုခင် လိင်ဆက်ဆံဖို့ သွေးဆောင်ခံရတဲ့အခါ အဲဒီစံနှုန်းက သင့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

  •   အမှားအမှန်သိစိတ်က လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ဖို့ သင့်ကို လှုံ့ဆော်တယ်ဆိုရင် အခုရော နောင်ပါ ဘယ်လို အကျိုးခံစားရမလဲ။

 စံနှုန်း– “အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။ . . . အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ဧဖက် ၄:၃၂

  •   မောင်နှမ တစ်ယောက်၊ သူငယ်ချင်း တစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ အဲဒီစံနှုန်းက သင့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

  •   အမှားအမှန်သိစိတ်က သနားကြင်နာဖို့၊ ကရုဏာပြဖို့ သင့်ကို လှုံ့ဆော်တယ်ဆိုရင် အခုရော နောင်ပါ ဘယ်လို အကျိုးခံစားရမလဲ။

 စံနှုန်း– “ယေဟောဝါက . . . အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်။”—ဆာလံ ၁၁:၅

  •   ရုပ်ရှင်၊ တီဗွီအစီအစဉ်၊ ဗီဒီယိုဂိမ်းတွေ ရွေးချယ်တဲ့အခါ အဲဒီစံနှုန်းက သင့်ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို လွှမ်းမိုးသင့်သလဲ။

  •   အမှားအမှန်သိစိတ်က အကြမ်းဖက်မှုပါတဲ့ ဖျော်ဖြေရေးတွေကို ငြင်းဆန်ဖို့ သင့်ကို လှုံ့ဆော်တယ်ဆိုရင် အခုရော နောင်ပါ ဘယ်လို အကျိုးခံစားရမလဲ။

 ဖြစ်ရပ်မှန်– “ကျွန်တော့်မှာ အကြမ်းဖက်ဗီဒီယိုဂိမ်း ကစားတဲ့ သူငယ်ချင်းတွေ ရှိတယ်။ ကျွန်တော်လည်း ကစားတယ်။ အဖေက ကျွန်တော့်ကို အဲဒီဂိမ်းတွေ ဆက်မကစားနဲ့တော့လို့ ပြောတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေဆီ အလည်သွားတဲ့အခါ ကျွန်တော် ကစားတယ်။ အိမ်ပြန်ရောက်ရင်တော့ အဲဒီအကြောင်း ဘာမှ မပြောဘူး။ အဖေက ဘာဖြစ်တာလဲလို့ မေးရင် ဘာမှမဖြစ်ပါဘူးလို့ ကျွန်တော် ပြန်ဖြေတယ်။ တစ်နေ့တော့ ဆာလံ ၁၁:၅ ကို ဖတ်ပြီး ကျွန်တော့်လုပ်ရပ် မကောင်းဘူးလို့ ခံစားရတယ်။ အဲဒီဗီဒီယိုဂိမ်းတွေကို ဆက်မကစားသင့်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် ကျွန်တော် ဆက်မကစားတော့ဘူး။ သူငယ်ချင်းတစ်ယောက်လည်း ကျွန်တော့်ကိုကြည့်ပြီး အကြမ်းဖက် ဗီဒီယိုဂိမ်းတွေ မကစားတော့ဘူး။”—ဂျေရမီ။

 စဉ်းစားကြည့်ပါ– ဂျေရမီရဲ့ အမှားအမှန်သိစိတ် ဘယ်အချိန်မှာ စ အလုပ်လုပ်သလဲ။ ဘယ်အချိန်မှာ သူစပြီး နားထောင်သလဲ။ ဂျေရမီဆီကနေ ဘာသိရသလဲ။

 အဓိကအချက်– ကိုယ့်ရဲ့ အမှားအမှန်သိစိတ်က ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ ကိုယ့်အတွက် ဘာက အရေးကြီးသလဲဆိုတာ ဖော်ပြတယ်။ သင့်ရဲ့ အမှားအမှန်သိစိတ်ကကော သင့်အကြောင်း ဘာပြောသလဲ။