ယောဟန် ၁၃:၁-၃၈

  • တ​ပည့်တွေရဲ့​ခြေ​ကို ဆေး​ပေး (၁-၂၀)

  • ယုဒ သစ္စာ​ဖောက်​မယ့်​အကြောင်း ကြိုပြော (၂၁-၃၀)

  • ပညတ်​အသစ် (၃၁-၃၅)

    • “အချင်း​ချင်း ချစ်​မယ်​ဆို​ရင်” (၃၅)

  • ပေတရု​ငြင်း​မှာ​ကို ကြို​ပြော (၃၆-၃၈)

၁၃  ယေရှု​က ဒီ​လော​က​က​နေ ထွက်​ခွာ​ပြီး  အဖဘု​ရား​ဆီ  ပြန်​ရ​မယ့်​အချိန်+ ရောက်​ပြီဆို​တာ​ကို ပသခါ​ပွဲ​မတိုင်​ခင်​က​တည်း​က သိ​နေ​တယ်။+ ဒီ​လော​က​မှာ​ရှိ​နေ​တဲ့ နောက်​လိုက်​တွေ​ကို သူ ချစ်​တယ်။ သူတို့​ကို သက်​ဆုံး​တိုင်​အောင် ချစ်​ခဲ့​တယ်။+ ၂  သူတို့ ည​စာ​စား​နေ​ချိန်​မှာ မာရ်​နတ်​က ရှိ​မုန်​ရဲ့​သား ယုဒ​ရှ​ကာ​ရုတ်​စိတ်​ထဲ ယေရှု​ကို သစ္စာ​ဖောက်​ချင်​တဲ့​ဆန္ဒ+  ပေါ်​လာ​အောင် လုပ်​ပြီး​နေ​ပြီ။+ ၃  ယေရှု​က  အရာ​ခပ်​သိမ်း​ကို မိမိ​လက်​ထဲ အဖဘု​ရား အပ်​ထား​တယ်၊ ဘု​ရား​သခင်​ဆီ​က​နေ သူ​ရောက်​လာ​ပြီး​နောက် ဘု​ရား​သခင်​ဆီ ပြန်​သွား​ရ​မယ်​ဆို​တာ​တွေ​ကို သိ​နေ​တယ်။+ ၄  ဒါ​ကြောင့် စား​ပွဲ​က​နေ ထပြီး အပေါ်​ဝတ်​ရုံ​ကို ချွတ်၊ ပဝါ​ကို​ယူ​ပြီး ခါး​မှာ​စည်း​လိုက်​တယ်။+ ၅  အင်​တုံ​ထဲ ရေ​ထည့်​ပြီး တ​ပည့်တွေရဲ့​ခြေ​ကို ဆေး​ပေး​တယ်။ အဲဒီ​နောက် ခါး​မှာ​စည်း​ထား​တဲ့ ပဝါ​နဲ့ သုတ်​ပေး​တယ်။ ၆  ရှိ​မုန်​ပေတရု​က သူ့​အလှည့်​ရောက်​တဲ့​အခါ “သခင်၊ ကျွန်​တော့်​ခြေ​ကို ဆေး​မလို့​လား”  လို့​မေး​တော့၊ ၇  ယေရှု​က “ကျွန်​တော်​လုပ်​နေ​တာ​ကို ခင်​ဗျား အခု နား​လည်​မှာ မဟုတ်​ဘူး။ နောက်​မှ နား​လည်​လိမ့်​မယ်” လို့​ဖြေတယ်။ ၈  ဒါ​နဲ့ ပေတရု​က “ကျွန်​တော့်​ခြေ​ကို သခင် လုံးဝ​ မဆေး​ရ​ဘူး” လို့​ပြော​တော့ ယေရှု​က “ခင်​ဗျား​ခြေ​ကို မဆေး​ရရင်+ ခင်​ဗျား​နဲ့​ကျွန်​တော် ဘာ​မှ​မသက်​ဆိုင်​တော့​ဘူး” လို့​ပြော​တယ်။ ၉  အဲဒီ​အခါ ရှိမုန်​ပေတရု​က “သခင်၊ ခြေ​ကို​ဆေး​မယ်​ဆို​ရင် လက်​ကို​ရော ခေါင်း​ကို​ပါ ဆေး​ပေး​ပါ” လို့​ ပြော​တယ်။ ၁၀  ယေရှု​က “ရေ​ချိုး​ပြီး​သား​လူ​ဟာ တစ်​ကိုယ်​လုံး သန့်​ရှင်း​နေ​ပြီဖြစ်​လို့ ခြေ​ဆေး​ဖို့​ပဲ လို​တာ။ ခင်​ဗျား​တို့​ဟာ သန့်​ရှင်း​ပြီး​သား​ပဲ။ ဒါ​ပေမဲ့ အားလုံး​တော့ မဟုတ်​ဘူး” လို့​ပြော​တယ်။ ၁၁  ဘယ်​သူ  သစ္စာ​ဖောက်​မယ်​ဆို​တာ သိ​နေ​တဲ့​အတွက်+ ယေရှု​က “အားလုံး​တော့ မသန့်​ရှင်း​ဘူး” လို့​ပြော​လိုက်​တာ​ပဲ။ ၁၂  ယေရှု​က တ​ပည့်တွေရဲ့​ခြေ​ကို ဆေး​ပြီး​တဲ့​နောက် အပေါ်​ဝတ်​ရုံ​ကို ဝတ်​ပြီး စား​ပွဲ​မှာ ပြန်​ထိုင်​တယ်။ ပြီး​တော့ “ကျွန်​တော် ဘာ​လို့ ဒီ​လို​လုပ်​တယ်​ဆို​တာ နား​လည်​ကြ​သလား။ ၁၃  ကျွန်​တော့်​ကို ‘ဆ​ရာ၊’ ‘သခင်’ ဆို​ပြီး ခင်​ဗျား​တို့ ခေါ်​တယ်။ ခေါ်​တဲ့​အတိုင်း ဟုတ်​နေ​တော့ ခင်​ဗျား​တို့ အဲဒီ​လို​ခေါ်​တာ မမှား​ပါ​ဘူး။+ ၁၄  သခင်​လည်း​ဖြစ်၊ ဆ​ရာ​လည်း​ဖြစ်​တဲ့ ကျွန်​တော်​တောင်​မှ ခင်​ဗျား​တို့​ရဲ့​ခြေ​ကို ဆေး​ပေး​တယ်​ဆို​ရင်+ ခင်​ဗျား​တို့​လည်း အချင်း​ချင်း​ရဲ့​ခြေ​ကို ဆေး​ပေး​ရ​မယ်။+ ၁၅  ဒါ​ဟာ ခင်​ဗျား​တို့​အတွက် ကျွန်​တော်​ပြတဲ့ စံ​န​မူ​နာ​ပဲ။ ကျွန်​တော်​လုပ်​သလို ခင်​ဗျား​တို့ လိုက်​လုပ်​ကြ​ပါ။+ ၁၆  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ အမှန်​အတိုင်း ပြော​မယ်။ ကျွန်​ဟာ သခင်​ထက် ကြီးမြတ်​တာ မဟုတ်​ဘူး။ စေ​လွှတ်​ခံ​ရ​သူ​ဟာ စေ​လွှတ်​သူ​ထက် ကြီးမြတ်​တာ မဟုတ်​ဘူး။ ၁၇  ဒါ​တွေ​ကို ခင်​ဗျား​တို့ သိ​ထား​ပြီဆို​တော့ သိ​တဲ့​အတိုင်း လုပ်​မယ်​ဆို​ရင် ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။+ ၁၈  ခင်​ဗျား​တို့​အားလုံး​ကို ပြော​နေ​တာ​တော့ မဟုတ်​ပါ​ဘူး။ ကျွန်​တော် ရွေး​ချယ်​ထား​တဲ့​သူ​တွေ​ကို ကျွန်​တော်​သိ​တယ်။ ဒါ​ပေမဲ့ ‘ငါ​နဲ့​အတူ လက်​ဆုံ​စား​တဲ့​သူ​က ငါ့​ကို ဖနောင့်​နဲ့​ပေါက်​တယ်’+ ဆို​တဲ့ ကျမ်း​စကား​ဟာ ပြည့်​စုံ​ရ​မှာ​ပေါ့။+ ၁၉  အဲဒီ​အတိုင်း ဖြစ်​လာ​တဲ့​အခါ ကျွန်​တော်​ဟာ အဲဒီ​တစ်​ယောက်​ပဲ​ဆို​တာ  ခင်​ဗျား​တို့​ယုံ​အောင်​လို့  အခု​က​တည်း​က  ကြို​ပြော​ထား​တာ။+ ၂၀  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကျွန်​တော် စေ​လွှတ်​တဲ့​သူ​ကို လက်ခံ​သူ​ဟာ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ပဲ။+ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ဟာ ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့​အရှင်​ကို လက်ခံ​တဲ့​သူ​ပဲ”+ လို့​ပြော​တယ်။ ၂၁  အဲဒီ​လို ပြော​ပြီး​တဲ့​နောက် ယေရှု​ဟာ အကြီး​အကျယ် စိတ်​သော​က​ရောက်​နေ​တယ်။  ဒါ​ကြောင့်  “ကျွန်​တော်  ပြော​မယ်။ ခင်​ဗျား​တို့​ထဲ​က တစ်​ယောက် ကျွန်​တော့်​ကို သစ္စာ​ဖောက်​လိမ့်​မယ်” ဆို​ပြီး တဲ့​တိုး​ပဲ ပြော​လိုက်​တယ်။+ ၂၂  ဘယ်​သူ့​ကို ရည်​ရွယ်​ပြီး​ပြော​နေ​မှန်း တ​ပည့်တွေ မသိ​တဲ့​အတွက် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​နေ​ကြ​တယ်။+ ၂၃  ယေရှု​ချစ်​တဲ့ တ​ပည့်​က+ ဘေး​ကပ်​လျက်​မှာ ထိုင်​နေ​တဲ့​အတွက်၊ ၂၄  ရှိ​မုန်​ပေတရု​က သူ့​ကို အချက်​ပြပြီး “ဘယ်​သူ​လဲ​ဆို​တာ ပြော​ပြပါ” လို့ မေး​ခိုင်း​တယ်။ ၂၅  အဲ​ဒီ​တ​ပည့်​က ယေရှု​ရဲ့ ရင်​ခွင်​ကို ကျော​မှီ​လိုက်​ပြီး “သခင်၊ အဲ​ဒါ ဘယ်​သူ​လဲ”+  လို့​မေး​တယ်။ ၂၆  ယေရှု​က “ဒီ​မုန့်​တစ်​လုတ်​စာ​ကို ကျွန်​တော် နှစ်​ပြီး ပေး​တဲ့​သူ​ပဲ”+ လို့​ပြော​ပြီး မုန့်​တစ်​လုတ်​စာ​ကို နှစ်​လိုက်​တယ်။ ပြီး​တော့ ရှိမုန်​ရှကာ​ရုတ်​ရဲ့​သား ယုဒ​ကို ပေး​တယ်။ ၂၇  မုန့်​တစ်​လုတ်​စာ​ကို ယုဒ​စား​ပြီး​တဲ့​အခါ စာ​တန်​က သူ့​စိတ်​ကို ကြိုး​ကိုင်​ခြယ်​လှယ်​တော့​တယ်။+ ယေရှု​က “ယုဒ၊ လုပ်​စ​ရာ​ရှိ​တာ မြန်​မြန်​လုပ်​ပေတော့”  လို့​ပြော​တယ်။ ၂၈  ယေရှု ဘာ​လို့ အဲဒီ​လို​ပြော​လိုက်​မှန်း စား​ပွဲ​မှာ​ထိုင်​နေ​တဲ့​သူ တစ်​ယောက်​မှ မသိ​ဘူး။ ၂၉  ယုဒ​ဟာ ငွေ​သေတ္တာ​ကိုင်​ရ​သူ​ဆို​တော့+ ပွဲ​တော်​အတွက် လို​အပ်​တာ​တွေ ဝယ်​ဖို့၊ နွမ်း​ပါး​သူ​တွေ​ကို ပေး​ကမ်း​ဖို့ ယေရှု ခိုင်း​တာ​လို့  တ​ချို့​ထင်​နေ​ကြ​တယ်။ ၃၀  ယုဒ​က မုန့်​တစ်​လုတ်စာ​ကို စား​ပြီး​နောက် ချက်​ချင်း​ပဲ ည​အမှောင်​ထဲ+ ထွက်​သွား​တယ်။ ၃၁  ယုဒ ထွက်​သွား​ပြီး​နောက် ယေရှု​က “အခု လူ​သား​ဟာ ဘုန်း​ထင်​ရှား​တော့​မယ်။+ လူ​သား​ကြောင့် ဘု​ရား​သခင်​လည်း ဘုန်း​ထင်​ရှား​တော့​မယ်။ ၃၂  ဘု​ရား​သခင်​ကိုယ်​တိုင် လူ​သား​ကို ဘုန်း​ထင်​ရှား​စေ​လိမ့်​မယ်။+ အခု​ပဲ ဘုန်း​ထင်​ရှား​စေ​လိမ့်​မယ်။ ၃၃  ချစ်​သား​တို့၊ ကျွန်​တော် ခ​ဏ​ပဲ နေ​ရ​တော့​မယ်။ ခင်​ဗျား​တို့ ကျွန်​တော့်​ကို ရှာ​လိမ့်​မယ်။ ‘ကျွန်​တော်​သွား​မယ့်​နေ​ရာ​ကို ခင်​ဗျား​တို့ မလာ​နိုင်​ဘူး’+ ဆို​ပြီး ဂျူး​တွေ​ကို ပြော​ခဲ့​တဲ့​အတိုင်း အခု ခင်​ဗျား​တို့​ကို​လည်း ကျွန်​တော်​ပြော​တယ်။ ၃၄  အချင်း​ချင်း ချစ်​ကြ​ပါ​ဆို​တဲ့ ပညတ်​အသစ်​တစ်​ခု ကျွန်​တော်​ပေး​မယ်။ ခင်​ဗျား​တို့​ကို ကျွန်​တော်​ချစ်​သလို+ အချင်း​ချင်း ချစ်​ကြ​ပါ။+ ၃၅  အချင်း​ချင်း ချစ်​မယ်​ဆို​ရင် ခင်​ဗျား​တို့​ဟာ ကျွန်​တော့်​တ​ပည့်တွေ​ပဲ​ဆို​တာ လူ​တွေ​သိ​လိမ့်​မယ်” လို့​ပြော​တယ်။+ ၃၆  ရှိ​မုန်​ပေတရု​က “သခင်၊ ဘယ်​သွား​မလို့​လဲ” လို့​မေး​တော့ ယေရှု​က “ကျွန်​တော်​သွား​မယ့်​နေ​ရာ​ကို ခင်​ဗျား​တို့ အခု မလိုက်​နိုင်​ဘူး။ နောက်​မှ လိုက်​ရ​လိမ့်​မယ်” လို့​ဖြေတယ်။+ ၃၇  ပေတ​ရု​က “သခင်၊ ဘာ​လို့ အခု မလိုက်​နိုင်​ရ​မှာ​လဲ။ သခင့်​အတွက်​ဆို ကျွန်​တော့်​အသက်​ကို​တောင် စွန့်​မှာ​ပါ” လို့​ပြော​တယ်။+ ၃၈  ယေရှု​က  “ကျွန်​တော့်​အတွက် တကယ် အသက်​စွန့်​မှာ​လား။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကြက်​မတွန်​ခင် ကျွန်​တော့်​ကို မသိ​ပါ​ဘူး​လို့ ခင်​ဗျား သုံး​ကြိမ်​ငြင်း​လိမ့်​မယ်” လို့​ပြော​တယ်။+

အောက်ခြေမှတ်ချက်များ