ထွက်မြောက်ရာ ၃:၁-၂၂

  • မောရှေ​နဲ့ မီးလောင်​နေတဲ့ ချုံပုတ် (၁-၁၂)

  • နာမတော်​အကြောင်း ယေဟောဝါ ရှင်းပြ (၁၃-၁၅)

  • မောရှေ​ကို ယေဟောဝါ ညွှန်ကြား (၁၆-၂၂)

 မောရှေ​က ယောက္ခမ​ဖြစ်​သူ မိဒျန်​လူမျိုး ပုရောဟိတ်​ယေသရော​ရဲ့ သိုးအုပ်​ကို ထိန်းကျောင်း​ရတယ်။+ သူက သိုးအုပ်​ကို တော​အနောက်ဘက်​မှာ ကျောင်း​ရင်း ဟော​ရပ်​လို့​ခေါ်တဲ့ ဘုရားသခင့်​တောင်​ကို ရောက်လာတယ်။+ ၂  အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်​ဟာ ချုံပုတ်​မှာ​လောင်​နေတဲ့ မီး​အသွင်​နဲ့ ပေါ်လာတယ်။+ သူ​ကြည့်လိုက်​တော့ ချုံပုတ် မီးလောင်​နေ​ပေ​မဲ့ မီး​မ​ကျွမ်း​ဘူး။ ၃  ဒါနဲ့ “ချုံပုတ်​က ဘာလို့ မီး​မ​ကျွမ်း​တာ​ပါ​လိမ့်။ ထူးဆန်း​လိုက်တာ၊ သွား​ကြည့်​ဦး​မှ​ပဲ” ဆို​ပြီး၊ ၄  သွား​ကြည့်ဖို့ လုပ်တာကို ယေဟောဝါ မြင်တဲ့အခါ ချုံပုတ်​ထဲက​နေ “မောရှေ၊ မောရှေ” လို့​ခေါ်တယ်။ သူက “ကျွန်တော် ရှိပါတယ်” လို့​ထူး​တယ်။ ၅  ဘုရား​သခင်​က “ရှေ့​ဆက်​မ​တိုး​နဲ့။ မင်း​ရပ်နေတဲ့​နေရာဟာ သန့်ရှင်း​တဲ့​မြေ​ဖြစ်လို့ ဖိနပ်​ချွတ်​ပါ” လို့​ပြောတယ်။ ၆  ပြီးတော့ “ငါ​ဟာ ဘိုးဘေး​တို့​ရဲ့​ဘုရား၊ အာဗြဟံ​ရဲ့​ဘုရား၊+ အိဇက်ရဲ့ဘုရား၊+ ယာကုပ်​ရဲ့​ဘုရား​ပဲ”+ လို့​ဆက်​ပြောတယ်။ မောရှေ​လည်း ဘုရားသခင်ကို မကြည့်​ဝံ့​လို့ မျက်နှာ​ကို ကွယ်ထား​လိုက်တယ်။ ၇  ယေဟောဝါ​က “အီဂျစ်ပြည်​မှာ ငါ့​လူတွေ ဒုက္ခရောက်​နေတာကို ငါ​အသေအချာ​မြင်​တယ်။ မတရား​ခိုင်းစေ​သူတွေ​ကြောင့် သူတို့​အော်ဟစ်တာ​ကို​လည်း ငါ​ကြားတယ်။ သူတို့​ခံစား​ရတဲ့ ဝေဒနာ​တွေကို ငါ​ကောင်းကောင်း​သိတယ်။+ ၈  သူတို့ကို အီဂျစ်​တွေ​ရဲ့​လက်​ထဲက​နေ ကယ်တင်​ဖို့၊+ အီဂျစ်ပြည်​က​နေ ခေါ်​ထုတ်ပြီး ခါနန်၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တို့+ နေထိုင်တဲ့ သာယာ​ကျယ်ဝန်း​တဲ့​ပြည်၊ နို့​နဲ့​ပျားရည်​စီး​တဲ့​ပြည်​ကို+ ပို့ဆောင်​ဖို့ ငါ​ဆင်း​လာမယ်။ ၉  အခု အစ္စရေးတွေ​ရဲ့ အော်ဟစ်သံ​ဟာ ငါ့​ဆီ​ရောက်​လာပြီ။ သူတို့ကို အီဂျစ်​တွေ မညှာမတာ နှိပ်စက်​ညှဉ်းဆဲ​နေတာကိုလည်း ငါ​မြင်​ပြီ။+ ၁၀  ဒါကြောင့် အခု မင်းကို ဖာရော​ဆီ ငါ​စေလွှတ်​မယ်။ ငါ့​လူမျိုး​အစ္စရေးတွေကို အီဂျစ်ပြည်​က​နေ မင်း​ခေါ်ထုတ်​လာ​ရမယ်”+ လို့ ဆက်​ပြောတယ်။ ၁၁  ဒါပေမဲ့ မောရှေ​က “ဖာရောမင်း​ဆီ သွား​ပြီး အစ္စရေးတွေကို အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာဖို့ ကျွန်တော့်​မှာ အစွမ်းအစ မရှိပါဘူး” လို့​ပြန်ပြောတယ်။ ၁၂  ဘုရား​သခင်​က “မင်း​နဲ့အတူ ငါ​ရှိတယ်။+ မင်း ဒီ​လူတွေကို အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​လာ​ရမယ်။ အဲဒီနောက် မင်း​တို့​က စစ်မှန်တဲ့​ဘုရား​သခင်​ဖြစ်တဲ့ ငါ့ကို ဒီ​တောင်မှာ ကိုးကွယ်​ကြ​လိမ့်မယ်။+ အဲဒါဟာ မင်းကို ငါ​စေလွှတ်တယ်​ဆို​တဲ့ အထောက်အထား​ပဲ” လို့​ပြောတယ်။ ၁၃  ဒါပေမဲ့ မောရှေ​က “အစ္စရေးတွေဆီ သွား​ပြီး ‘ဘိုးဘေး​တို့​ရဲ့​ဘုရားက ကျွန်တော့်ကို စေလွှတ်​လိုက်တာ’ လို့​ပြောတဲ့အခါ ‘အဲဒီ​ဘုရားနာမည်​က ဘာလဲ’+ လို့ သူတို့​မေး​ခဲ့​ရင် ဘာ​ပြန်ပြော​ရ​မ​လဲ” ဆို​ပြီး ဘုရားသခင်ကို မေးတယ်။ ၁၄  ဒါနဲ့ ဘုရား​သခင်​က “‘ငါ​ဖြစ်ချင်​တာ​မှန်သမျှ ငါ​ဖြစ်လာမယ်’+ ဆို​တာ ငါ့​နာမည်​ပဲ။ ‘ငါ​ဖြစ်လာ​မယ်လို့ နာမည်​ရှိတဲ့​အရှင်​က စေလွှတ်​လိုက်တာ’+ ဆို​ပြီး အစ္စရေးတွေကို ပြောရမယ်” လို့​မောရှေ​ကို ပြောတယ်။ ၁၅  ပြီးတော့ ဘုရား​သခင် ဆက်​ပြောတယ်– “‘ဘိုးဘေး​တို့​ရဲ့​ဘုရား၊ အာဗြဟံ​ရဲ့​ဘုရား၊+ အိဇက်ရဲ့ဘုရား၊+ ယာကုပ်​ရဲ့​ဘုရား+ ယေဟောဝါ​က ကျွန်တော့်ကို စေလွှတ်​လိုက်တာ’ လို့ အစ္စရေးတွေကို ပြောပါ။ ဒီ​နာမည်ဟာ ထာဝစဉ် ငါ့​နာမည်​ပဲ။+ လူမျိုး​အဆက်​ဆက် ငါ့ကို ဒီ​နာမည်​နဲ့ သိ​ရကြ​လိမ့်မယ်။ ၁၆  အခု သွား​ပြီး အစ္စရေး​အကြီးအကဲ​တွေကို စုဝေး​ပါ။ ‘ဘိုးဘေး​တို့​ရဲ့​ဘုရား၊ အာဗြဟံ​ရဲ့​ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်​ရဲ့​ဘုရား ယေဟောဝါ​က ကျွန်တော့်​ဆီ ရောက်လာပြီး ပြောတယ်– “မင်း​တို့​ကိုရော အီဂျစ်ပြည်​မှာ မင်း​တို့​ခံ​ရတာတွေကို​ရော ငါ​တကယ်​သတိထား​မိ​ပြီ။+ ၁၇  ဒါကြောင့် ညှဉ်းဆဲ​နေတဲ့ အီဂျစ်​တွေ​လက်​က​နေ မင်း​တို့ကို ကယ်​ထုတ်ပြီး+ ခါနန်၊ ဟိတ္တိ၊ အာမောရိ၊+ ဖေရဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တို့+ နေထိုင်တဲ့ နို့​နဲ့​ပျားရည်​စီး​တဲ့​ပြည်​ကို+ ခေါ်သွား​မယ်လို့ ငါ​ကတိ​ပေးတယ်”’ ဆို​ပြီး သူတို့ကို​ပြောပါ။ ၁၈  “မင်း​ပြောတာကို သူတို့​နားထောင်​မှာ​ပါ။+ အစ္စရေး​အကြီးအကဲ​တွေ​နဲ့အတူ အီဂျစ်​ဘုရင်​ဆီ သွား​ပါ။ ‘ဟီဘရူး​တွေ​ရဲ့+ ဘုရား​သခင် ယေဟောဝါ​က ကျွန်တော်တို့ကို ဆက်သွယ်​လာတယ်။ ဒါကြောင့် အခု တောကန္တာရ​ကို သုံးရက်​ခရီး သွား​ပါ​ရစေ။ ကျွန်တော်တို့ရဲ့​ဘုရား​သခင် ယေဟောဝါ​ဆီ ပူဇော်သက္ကာ ဆက်သ​ချင်​လို့​ပါ’ ဆို​ပြီး ပြောလိုက်။+ ၁၉  ဒါပေမဲ့ ငါ့ရဲ့​အားကြီးတဲ့လက်​နဲ့ အတင်းအကျပ် မ​ခိုင်း​မချင်း အီဂျစ်​ဘုရင်​က မင်း​တို့ကို သွား​ခွင့်ပြု​မှာ​မဟုတ်မှန်း ငါ​ကောင်းကောင်း​သိတယ်။+ ၂၀  ဒါကြောင့် ငါ​လက်​ဆန့်​ပြီး အီဂျစ်ပြည်​ကို ထူးဆန်း​အံ့ဩ​ဖွ​ယ် လုပ်ရပ်တွေ​နဲ့ ဒဏ်ခတ်​မယ်။ အဲဒီတော့​မှ မင်း​တို့ကို သူ လွှတ်​ပေးမယ်။+ ၂၁  အီဂျစ်​တွေ​ရှေ့မှာ ငါ့​လူမျိုး မျက်နှာသာရ​အောင် ငါ​လုပ်​မယ်။ မင်း​တို့ လက်​ဗလာ​နဲ့ ထွက်လာ​ရမှာ မဟုတ်ဘူး။+ ၂၂  မိန်းမ​တိုင်း​က အိမ်နီးချင်း​တွေ​ဆီမှာ၊ ကို​ယ့်​အိမ်မှာ​ရှိတဲ့ တိုင်းတစ်ပါးသူ​ဆီမှာ ရွှေ​ထ​ည်​ငွေ​ထ​ည်​နဲ့ အဝတ်အစား​တွေ တောင်း​ပြီး ကို​ယ့်​သားသမီးတွေကို ဝတ်ဆင်​ပေးမယ်။ အီဂျစ်​တွေ​ရဲ့ ပစ္စည်းဥစ္စာ​ကို သိမ်းယူ​ရ​လိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ