မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်နှစ်

ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ပါ

ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ပါ
  • ဘုရားသခင့်မိတ်ဆွေဖြစ်ဖို့ သင် ဘာလုပ်ရမလဲ။

  • စာတန်ရဲ့စွပ်စွဲချက်မှာ သင်ဘယ်လိုနည်းနဲ့ ပါဝင်ပတ်သက်နေသလဲ။

  • ယေဟောဝါ မနှစ်သက်တဲ့အကျင့်တွေက ဘာတွေလဲ။

  • ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း ဘယ်လိုနေထိုင်နိုင်သလဲ။

၁၊ ၂။ ယေဟောဝါရဲ့ ရင်းနှီးတဲ့မိတ်ဆွေတချို့ကို ပြောပြပါ။

ဘယ်လိုလူစားမျိုးကို သင် မိတ်ဆွေအဖြစ် သတ်မှတ်ချင်သလဲ။ ရှုမြင်ချက်တွေ၊ စိတ်ဝင်စားရာတွေ၊ အကျင့်စရိုက်စံနှုန်းတွေ တူညီတဲ့သူနဲ့ မိတ်ဆွေဖွဲ့ချင်မှာဖြစ်တယ်။ ရိုးသားမှု၊ ကြင်နာမှု စတဲ့ စိတ်ထားကောင်းရှိသူတစ်ဦးနဲ့ သင်ရင်းနှီးချင်မှာပဲ။

သမိုင်းတစ်လျှောက်မှာ ဘုရားသခင်ဟာ လူတချို့ကို သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ရွေးချယ်ခဲ့တယ်။ ဥပမာ၊ ယေဟောဝါက အာဗြဟံကို မိတ်ဆွေလို့ခေါ်ခဲ့တယ်။ (ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃ တို့ကိုဖတ်ပါ။) ဒါဝိဒ်က ယေဟောဝါချစ်မြတ်နိုးတဲ့ လူစားမျိုးဖြစ်တဲ့အတွက်ကြောင့် ဘုရားသခင်က သူ့ကို “ငါ့စိတ်နှလုံးနှင့်ညီညွတ်သောသူ” လို့ခေါ်ခဲ့တယ်။ (တမန်တော် ၁၃:၂၂) ပရောဖက်ဒံယေလကိုလည်း “အလွန်ချစ်အပ်သောသူ” အဖြစ် ယေဟောဝါရှုမြင်ခဲ့တယ်။—ဒံယေလ ၉:၂၃

၃။ ယေဟောဝါက လူတချို့ကို ကိုယ်တော့်မိတ်ဆွေအဖြစ် ဘာကြောင့်ရွေးချယ်ခဲ့သလဲ။

ယေဟောဝါက အာဗြဟံ၊ ဒါဝိဒ်နဲ့ ဒံယေလတို့ကို မိတ်ဆွေတွေအဖြစ် ဘာကြောင့် သတ်မှတ်ခဲ့တာလဲ။ “ငါ၏စကားကို သင်နားထောင်သောကြောင့်” လို့ အာဗြဟံကို ယေဟောဝါပြောခဲ့တယ်။ (ကမ္ဘာဦး ၂၂:၁၈) ဒါကြောင့် ယေဟောဝါတောင်းဆိုရာကို နှိမ့်ချစွာလုပ်ဆောင်သူတွေနဲ့ ကိုယ်တော် ရင်းနှီးတယ်။ “ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်” လို့ ရှေးခေတ်အစ္စရေးလူမျိုးကို ကိုယ်တော်ပြောခဲ့တယ်။ (ယေရမိ ၇:၂၃) သင်လည်း ယေဟောဝါရဲ့စကားကို နားထောင်မယ်ဆိုရင် ကိုယ်တော့်မိတ်ဆွေဖြစ်နိုင်တယ်။

ယေဟောဝါက မိမိရဲ့မိတ်ဆွေတွေကို ခွန်အားပေး

၄၊ ၅။ ယေဟောဝါဟာ သူ့လူမျိုးရဲ့အကျိုးအတွက် သူ့ရဲ့အစွမ်းတန်ခိုးကို ဘယ်လိုပြသလဲ။

ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခွင့်ရလို့ ရရှိတဲ့အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ “သူ့ကို နှလုံးအပြည့်အဝနဲ့ ဝတ်ပြုသူတွေအကျိုးအတွက် သူ့ရဲ့အစွမ်းခွန်အားကိုပြဖို့” အခွင့်အရေးရှာတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၂ ရာဇဝင်ချုပ် ၁၆:၉ကဘ) ယေဟောဝါက သင့်အကျိုးအတွက် သူ့ရဲ့အစွမ်းတန်ခိုးကို ဘယ်လိုပြနိုင်သလဲ။ နည်းတစ်နည်းကို ဆာလံ ၃၂:၈ မှာ ခုလို ဖော်ပြထားတယ်– “သင့်ကို ငါ [ယေဟောဝါ] သွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။”

ယေဟောဝါရဲ့ဂရုစိုက်မှုကို ထိထိမိမိ ဖော်ပြထားတာပဲ။ ကိုယ်တော်က သင်လိုအပ်တဲ့ညွှန်ကြားချက်ကို ပေးမှာဖြစ်ပြီး အဲဒါကို သင်လိုက်နာတဲ့အခါ သင့်ကို ကူညီစောင့်ရှောက်မှာဖြစ်တယ်။ ဘုရားသခင်က သင်ကြုံတွေ့ရတဲ့ စုံစမ်းနှောင့်ယှက်မှု၊ စမ်းသပ်မှုတွေကို အောင်မြင်စွာခံရပ်နိုင်ဖို့ ကူညီပေးချင်တယ်။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) ဒါကြောင့် သင်က နှလုံးအပြည့်အဝနဲ့ ယေဟောဝါကိုဝတ်ပြုမယ်ဆိုရင် ဒီလိုပြောခဲ့တဲ့ ဆာလံဆရာလို သင်ယုံကြည်စိတ်ချနိုင်ပါတယ်– ‘ငါသည် ယေဟောဝါကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ။’ (ဆာလံ ၁၆:၈; ၆၃:၈) ယေဟောဝါနှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ဖို့ ကိုယ်တော် သင့်ကို ကူညီနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်နှစ်သက်တဲ့နည်းလမ်းအတိုင်း နေထိုင်တာကိုမကြိုက်တဲ့ ဘုရားသခင်ရဲ့ရန်သူ ရှိတယ်။

စာတန်ရဲ့စွပ်စွဲချက်

၆။ လူသားတွေနဲ့ပတ်သက်ပြီး စာတန် ဘယ်လိုစွပ်စွဲခဲ့သလဲ။

စာတန်က ဘုရားသခင်ရဲ့အုပ်ချုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ပြဿနာဖန်တီးခဲ့တဲ့အကြောင်း ဒီစာအုပ်ရဲ့ အခန်း ၁၁ မှာ ရှင်းပြခဲ့တယ်။ စာတန်က ယေဟောဝါကို လိမ်ညာသူလို့ စွပ်စွဲခဲ့တယ်၊ အမှားအမှန်နဲ့ပတ်သက်ပြီး အာဒံနဲ့ဧဝကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မပေးလို့ ဘုရားသခင် မတရားဘူးဆိုတဲ့ သဘောမျိုးပြောခဲ့တယ်။ အာဒံနဲ့ဧဝ အပြစ်ကျူးလွန်ပြီးတဲ့နောက် မြေကြီးပေါ်မှာ သူတို့ရဲ့သားသမီးတွေ စပြီးတိုးပွားလာတယ်၊ အဲဒီအချိန်မှာ စာတန်က လူသားအားလုံးရဲ့ စိတ်ရင်းနဲ့ပတ်သက်ပြီး ဒီလိုစွပ်စွဲခဲ့တယ်– “လူတွေက ဘုရားသခင်ကိုချစ်လို့ ဝတ်ပြုနေကြတာမဟုတ်ဘူး။ ငါ့ကိုအခွင့်အရေး ပေးကြည့်ပါလား၊ ဘယ်သူ့ကိုမဆို ဘုရားသခင်ဆီကနေ လမ်းလွဲသွားအောင် ငါလုပ်နိုင်တယ်။” စာတန် အဲဒီအတိုင်းယူဆတယ်လို့ ယောဘမှတ်တမ်းမှာ ဖော်ပြထားတယ်။ ယောဘဆိုတာ ဘယ်သူလဲ၊ စာတန်ရဲ့စွပ်စွဲချက်မှာ သူ ဘယ်လို ပါဝင်ပတ်သက်ခဲ့သလဲ။

၇၊ ၈။ (က) ယောဘဟာ သူ့ခေတ်ကလူတွေနဲ့ ဘာကြောင့်မတူသလဲ။ (ခ) စာတန်က ယောဘရဲ့စိတ်ရင်းနဲ့ပတ်သက်ပြီး ဘယ်လိုပြောခဲ့သလဲ။

ယောဘဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၆၀၀ ခန့်က အသက်ရှင်ခဲ့သူဖြစ်တယ်။ သူဟာ လူကောင်းတစ်ဦးဖြစ်တာကြောင့် သူနဲ့ပတ်သက်ပြီး ယေဟောဝါဒီလိုပြောခဲ့တယ်– “မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်။” (ယောဘ ၁:၈) ယောဘကို ဘုရားသခင် နှစ်သက်သဘောကျခဲ့တယ်။

ဘုရားသခင်ကိုဝတ်ပြုတဲ့ ယောဘရဲ့စိတ်ရင်းနဲ့ပတ်သက်ပြီး စာတန်မေးခွန်းထုတ်ခဲ့တယ်။ စာတန်က ယေဟောဝါကို ဒီလိုပြောခဲ့တယ်– “ကိုယ်တော်သည် သူ့ [ယောဘ၏] ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့ သိုး၊ နွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်။”—ယောဘ ၁:၁၀၊ ၁၁

၉။ စာတန်ရဲ့စွပ်စွဲချက်ကို ယေဟောဝါ ဘယ်လိုဖြေရှင်းခဲ့သလဲ၊ ဘာကြောင့်လဲ။

ယောဘ အကျိုးရလို့သာ ဘုရားသခင်ကို ဝတ်ပြုတာလို့ စာတန်ပြောခဲ့တယ်။ ယောဘသာ ဆင်းရဲဒုက္ခတွေနဲ့ စမ်းသပ်ခံရမယ်ဆိုရင် ဘုရားသခင်ကို ဆက်ဝတ်ပြုတော့မှာ မဟုတ်ဘူးလို့လည်း စွပ်စွဲခဲ့တယ်။ စာတန်ရဲ့စွပ်စွဲချက်ကို ယေဟောဝါ ဘယ်လိုဖြေရှင်းခဲ့သလဲ။ ဒီကိစ္စက ယောဘရဲ့စိတ်ရင်းနဲ့ ပတ်သက်နေလို့ ယောဘကိုစမ်းသပ်ဖို့ စာတန်ကို ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ဒါမှသာ ဘုရားသခင်ကို ယောဘ တကယ်ချစ်မချစ် ပေါ်လာမှာဖြစ်တယ်။

ယောဘ စမ်းသပ်ခံခဲ့ရ

၁၀။ ဘယ်လိုစမ်းသပ်မှုတွေကို ယောဘကြုံတွေ့ခဲ့ရသလဲ၊ သူ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၀ မကြာခင်မှာပဲ စာတန်ဟာ ယောဘကို နည်းအမျိုးမျိုးနဲ့ စမ်းသပ်တော့တယ်။ ယောဘရဲ့တိရစ္ဆာန်တချို့ အခိုးခံရပြီး တချို့အသတ်ခံခဲ့ရတယ်။ သူ့ရဲ့ကျွန်အများစု အသတ်ခံခဲ့ရတယ်။ ဒါကြောင့် စီးပွားရေးကျပ်တည်းခဲ့တယ်။ အဲဒီနောက် ယောဘရဲ့သားသမီးဆယ်ယောက်ဟာ လေပြင်းမုန်တိုင်းကြောင့် သေဆုံးသွားကြတယ်။ ဒီလို အဖြစ်ဆိုးတွေကို ကြုံတွေ့ရပေမဲ့ ‘ယောဘသည် မမှားယွင်း။ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။’—ယောဘ ၁:၂၂

၁၁။ (က) စာတန်ဟာ ယောဘနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဘယ်လိုစွပ်စွဲခဲ့သလဲ၊ ဒီစွပ်စွဲချက်ကို ယေဟောဝါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) နာကျင်စေတဲ့ အနာရောဂါဖြစ်ပေမဲ့ ယောဘ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၁ စာတန် လက်မလျှော့ခဲ့ဘူး။ ယောဘဟာ သူ့ရဲ့ပိုင်ဆိုင်ရာတွေ၊ ကျွန်တွေနဲ့ သားသမီးတွေဆုံးၡုံးတာကို ခံနိုင်ရည်ရှိပေမဲ့ သူကိုယ်တိုင် ဖျားနာလာမယ်ဆိုရင် ဘုရားသခင်ကို ဝတ်ပြုတော့မှာမဟုတ်ဘူးလို့ စာတန် စဉ်းစားခဲ့မှာပဲ။ ဒါနဲ့ ယောဘရဲ့ကိုယ်ခန္ဓာမှာ ရွံစရာကောင်းပြီး နာကျင်စေတဲ့အနာရောဂါ ပေါက်စေဖို့ စာတန်ကို ယေဟောဝါ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ်ထားတဲ့ ယောဘရဲ့ယုံကြည်ခြင်း ပျောက်မသွားခဲ့ဘူး။ အဲဒီအစား “ငါက ငါ့သမာဓိကို သေတဲ့အထိ စွန့်မှာမဟုတ်ဘူး” ဆိုပြီး သူအခိုင်အမာပြောခဲ့တယ်။—ယောဘ ၂၇:၅ကဘ။

ယောဘဟာ သူ့ရဲ့သစ္စာရှိမှုကြောင့် ဆုချခံခဲ့ရ

၁၂။ စာတန်ရဲ့စွပ်စွဲချက်ကို ယောဘ ဘယ်လိုချေပခဲ့သလဲ။

၁၂ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေသူဟာ စာတန်ဆိုတာ ယောဘမသိခဲ့ဘူး။ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး မာရ်နတ်ရဲ့စွပ်စွဲချက်အသေးစိတ်ကို ယောဘမသိခဲ့ဘူး၊ ဒါကြောင့် သူခံစားရတဲ့ဒုက္ခတွေက ဘုရားသခင်ကြောင့်ဖြစ်တာလို့ သူယူမှတ်ခဲ့တယ်။ (ယောဘ ၆:၄; ၁၆:၁၁-၁၄) ဒါပေမဲ့ သူ ယေဟောဝါအပေါ် ဆက်ပြီးသမာဓိစောင့်သိခဲ့တယ်။ ကိုယ်ကျိုးအတွက် ဘုရားသခင်ကိုဝတ်ပြုတယ်ဆိုတဲ့ စာတန်ရဲ့စွပ်စွဲချက်မှားကြောင်း ယောဘရဲ့သစ္စာရှိမှုက သက်သေပြနိုင်ခဲ့တယ်။

၁၃။ ဘုရားသခင်အပေါ် ယောဘ သစ္စာရှိခဲ့တဲ့အတွက် ဘာဖြစ်ခဲ့သလဲ။

၁၃ ယောဘရဲ့သစ္စာရှိမှုကြောင့် ယေဟောဝါဟာ စာတန်ရဲ့စွပ်စွဲချက်ကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ခဲ့တယ်။ ယောဘဟာ တကယ်ပဲ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ပြီး သူ့ရဲ့သစ္စာရှိတဲ့လုပ်ရပ်ကြောင့် ဘုရားသခင် သူ့ကို ဆုချခဲ့တယ်။—ယောဘ ၄၂:၁၂-၁၇

သင်ပါဝင်ပတ်သက်ပုံ

၁၄၊ ၁၅။ စာတန်ရဲ့စွပ်စွဲချက်က ယောဘအပါအဝင် လူသားအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၄ စာတန်ပေါ်ပေါက်စေခဲ့တဲ့ ဘုရားသခင်အပေါ် သမာဓိစောင့်သိမှု အရေးကိစ္စက ယောဘတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ သင်လည်း ပါဝင်ပတ်သက်နေတယ်။ ဒါကို သုတ္တံ ၂၇:၁၁ မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အဲဒီကျမ်းချက်မှာ ယေဟောဝါက “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” လို့ပြောထားတယ်။ ယောဘသေဆုံးပြီး နှစ်ပေါင်းများစွာကြာမှ ရေးသားခဲ့တဲ့ အဲဒီစကားတွေက စာတန်ဟာ ဘုရားသခင်ကို ကဲ့ရဲ့နေဆဲဖြစ်ပြီး ကိုယ်တော့်ကျေးကျွန်တွေကို စွပ်စွဲနေသေးတယ်ဆိုတာ ဖော်ပြတယ်။ ယေဟောဝါနှစ်သက်တဲ့ နည်းလမ်းအတိုင်း ကျွန်ုပ်တို့ အသက်ရှင်နေထိုင်တဲ့အခါ စာတန်ရဲ့မှားယွင်းတဲ့စွပ်စွဲချက်တွေကို ပြန်ချေပနိုင်ဖို့ အမှန်တကယ်ကူညီပေးနေတာဖြစ်တယ်၊ ဒါက ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။ သင့်အသက်တာမှာ ပြောင်းလဲစရာတချို့ ပြုလုပ်ရမှာဖြစ်ပေမဲ့ စာတန်ရဲ့အလိမ်အညာစကားကို ချေပခွင့်ရလို့ ဝမ်းသာသင့်တယ်။

၁၅ “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်” ဆိုပြီး စာတန် ပြောခဲ့တာကို သတိပြုပါ။ (ယောဘ ၂:၄) “လူသည်” လို့ပြောတဲ့အတွက်ကြောင့် စာတန်ရဲ့စွပ်စွဲချက်က ယောဘတစ်ယောက်တည်းသာမက လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါက အရမ်းအရေးကြီးတဲ့အချက်ဖြစ်တယ်။ စာတန်က ဘုရားသခင်အပေါ် သင့်ရဲ့ သစ္စာသမာဓိနဲ့ပတ်သက်ပြီး သံသယဝင်နေတယ်။ အခက်အခဲတွေပေါ်လာတဲ့အခါ ဘုရားသခင့်စကားနားမထောင်ဘဲ ဖြောင့်မတ်တဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်တာကို စာတန်တွေ့မြင်ချင်တယ်။ စာတန် ဘယ်လိုကြိုးစားသလဲ။

၁၆။ (က) ဘုရားသခင်ကို လူတွေဝတ်မပြုတော့အောင် ဘယ်နည်းတွေကို စာတန်အသုံးပြုသလဲ။ (ခ) သင့်ကိုတိုက်ခိုက်ဖို့ စာတန် အဲဒီနည်းတွေကို ဘယ်လိုအသုံးပြုနိုင်သလဲ။

၁၆ အခန်း ၁၀ မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ဘုရားသခင်ထံကနေ လူတွေကိုလှည့်ထွက်သွားစေဖို့ စာတန် နည်းမျိုးစုံအသုံးပြုနေတယ်။ ဒါ့အပြင် “ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကိုမျိုရန် လှည့်လည်ရှာဖွေ” နေတယ်။ (၁ ပေတရု ၅:၈) ဒါကြောင့် ကျမ်းစာလေ့လာပြီး သိလာတဲ့အချက်တွေကို ကျင့်သုံးဖို့ သင်ကြိုးစားတာကို မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ တခြားသူတွေ ဆန့်ကျင်တဲ့အခါ စာတန်ရဲ့သြဇာလွှမ်းမိုးမှုကို တွေ့မြင်နိုင်တယ်။ * (ယောဟန် ၁၅:၁၉၊ ၂၀) ဒါပေမဲ့ စာတန်ဟာ “အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်” တယ်။ (၂ ကောရိန္သု ၁၁:၁၄) စာတန်က သင့်ကို ဘုရားသခင်နှစ်သက်တဲ့ ဘဝလမ်းစဉ်အတိုင်း အသက်မရှင်စေဖို့ သိပ်မသိသာတဲ့နည်းတွေကိုသုံးပြီး လှည့်ဖြားနိုင်တယ်။ ဒါ့အပြင် သင်က မကောင်းတဲ့အတွက် ဘုရားသခင် သင့်ကိုမချစ်ဘူးလို့ ခံစားရစေပြီး စိတ်ဓာတ်ကျအောင်လည်း လုပ်နိုင်တယ်။ (သုတ္တံ ၂၄:၁၀) စာတန်ဟာ “ဟောက်သောခြင်္သေ့” ပဲဖြစ်စေ၊ “အလင်း၏ကောင်းကင်တမန်” ပဲဖြစ်စေ သူ့ရဲ့စွပ်စွဲချက်ကတော့ သင်သာ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ခံရမယ်ဆိုရင် ဘုရားသခင်ကို ဝတ်ပြုတော့မှာမဟုတ်ဘူး ဆိုတဲ့အချက်ပါပဲ။ ယောဘလိုပဲ စာတန်ရဲ့စွပ်စွဲချက်ကို သင် ဘယ်လိုချေပပြီး ဘုရားသခင်အပေါ် သမာဓိစောင့်သိကြောင်း သက်သေပြနိုင်မလဲ။

ယေဟောဝါရဲ့ပညတ်တွေကို နာခံခြင်း

၁၇။ ယေဟောဝါရဲ့ပညတ်တွေကို နာခံရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

၁၇ ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း နေထိုင်ခြင်းအားဖြင့် စာတန့်စွပ်စွဲချက် မှားတယ်ဆိုတာ သင်ချေပနိုင်ပါတယ်။ အဲဒီထဲမှာ ဘယ်အရာပါဝင်သလဲ။ ‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့’ ဆိုပြီး ကျမ်းစာမှာ အဖြေပေးထားတယ်။ (တရားဟောရာ ၆:၅) ဘုရားသခင်ကို သင် ပိုချစ်လာလေ ကိုယ်တော်တောင်းဆိုရာတွေကို သင် ပိုလုပ်ချင်လာလေပဲ။ “ဘုရားသခင်ကိုချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏” လို့တမန်တော်ယောဟန် ရေးခဲ့တယ်။ သင်က ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မယ်ဆိုရင် “ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်” ဆိုတာ သင်သိလာပါလိမ့်မယ်။—၁ ယောဟန် ၅:၃

၁၈၊ ၁၉။ (က) ယေဟောဝါရဲ့ ပညတ်တချို့က ဘာတွေလဲ။ (လေးထောင့်ကွက် “ယေဟောဝါမုန်းတဲ့အရာတွေကို ရှောင်ပါ” ကိုကြည့်။) (ခ) ဘုရားသခင်က ကျွန်ုပ်တို့ထံကနေ မတန်တဆ မတောင်းဆိုဘူးဆိုတာ ဘယ်လိုသိရသလဲ။

၁၈ ယေဟောဝါရဲ့ပညတ်တွေက ဘာလဲ။ အဲဒီထဲကတချို့ဟာ ကျွန်ုပ်တို့ရှောင်ရမယ့် အမူအကျင့်တွေဖြစ်တယ်။ ဥပမာ၊  “ယေဟောဝါမုန်းတဲ့အရာတွေကို ရှောင်ပါ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။ သမ္မာကျမ်းစာမှာ ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချထားတဲ့ အမူအကျင့်တွေကို သင်တွေ့ရမယ်။ ရုတ်တရက်ကြည့်ရင် အမူအကျင့်တချို့က မကောင်းဘူးလို့ မထင်ရဘူး။ ဒါပေမဲ့ ရည်ညွှန်းထားတဲ့ ကျမ်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ပညတ်တွေကို လိုက်နာခြင်းက ပညာရှိလမ်းစဉ်ဖြစ်တယ်ဆိုတာ သင်တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အမူအကျင့်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ သင့်အတွက် အရမ်းခက်ခဲနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ခြင်းက ကျေနပ်ပျော်ရွှင်မှုများစွာ ခံစားရစေပါတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါ့အပြင် အဲဒါတွေက သင်လုပ်နိုင်တဲ့အရာတွေ ဖြစ်တယ်။ ဘယ်လိုသိရသလဲ။

၁၉ ယေဟောဝါက ကျွန်ုပ်တို့တတ်နိုင်တာထက်ပိုပြီး ဘယ်တော့မှ မတောင်းဆိုဘူး။ (တရားဟောရာ ၃၀:၁၁-၁၄ ကိုဖတ်ပါ။) ကိုယ်တော်က ကျွန်ုပ်တို့ရဲ့စွမ်းရည်နဲ့ ကျွန်ုပ်တို့ လုပ်နိုင်တဲ့အတိုင်းအတာကို ကျွန်ုပ်တို့ထက် ပိုသိတယ်။ (ဆာလံ ၁၀၃:၁၄) ဒါ့အပြင် ယေဟောဝါက ကိုယ်တော့်စကားကိုနားထောင်ဖို့ ကျွန်ုပ်တို့ကို ခွန်အားပေးနိုင်တယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါက သင်ခံရပ်နိုင်ဖို့ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” နဲ့ ထောက်မပေးနိုင်တယ်။ (၂ ကောရိန္သု ၄:၇) ပေါလုက စုံစမ်းနှောင့်ယှက်မှုများစွာကို ခံရပ်ပြီးတဲ့နောက် “ငါ့ကိုတန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” လို့ပြောနိုင်ခဲ့တယ်။—ဖိ ၄:၁၃

ဘုရားသခင်နှစ်သက်တဲ့ အရည်အသွေးတွေကို မွေးမြူပါ

၂၀။ ဘုရားသခင်နှစ်သက်တဲ့ ဘယ်အရည်အသွေးတွေကို မွေးမြူသင့်သလဲ၊ ဒီအရည်အသွေးတွေက ဘာကြောင့် အရေးကြီးသလဲ။

၂၀ ဘုရားသခင့်နှစ်သက်မှုခံရဖို့ဆိုတာ ကိုယ်တော်မုန်းတဲ့အရာတွေကို ရှောင်ရုံလောက်ပဲ မကဘူး။ ကိုယ်တော်ချစ်မြတ်နိုးတဲ့အရာတွေကို ချစ်ဖို့လည်းလိုတယ်။ (ရောမ ၁၂:၉) သင်ဟာ သင်နဲ့ ရှုမြင်ချက်၊ စိတ်ဝင်စားရာ၊ အကျင့်စရိုက်စံနှုန်းတူတဲ့သူနဲ့ မိတ်ဆွေဖွဲ့ချင်တယ်မဟုတ်လား။ ယေဟောဝါလည်း အဲဒီလိုပဲ။ ဒါကြောင့် ယေဟောဝါနှစ်သက်မြတ်နိုးရာတွေကို သင်လည်း နှစ်သက်မြတ်နိုးတတ်ဖို့ သင်ယူပါ။ အဲဒီထဲကတချို့ကို ဆာလံ ၁၅:၁-၅ (ဖတ်ပါ) မှာဖော်ပြထားတယ်၊ အဲဒီကျမ်းချက်မှာ ဘုရားသခင့်မိတ်ဆွေအဖြစ် သတ်မှတ်ခံရသူတွေအကြောင်း ဖော်ပြထားတယ်။ ယေဟောဝါရဲ့မိတ်ဆွေတွေက “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသောအရည်အသွေးများ” ကို တင်ပြကြသူတွေဖြစ်တယ်။ အဲဒီအရည်အသွေးတွေမှာ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” အရည်အသွေးတွေ ပါဝင်တယ်။—ဂလာတိ ၅:၂၂၊ ၂၃

၂၁။ ဘုရားသခင်နှစ်သက်တဲ့ အရည်အသွေးတွေကို မွေးမြူရာမှာ ဘယ်အရာတွေက သင့်ကို ကူညီပေးမလဲ။

၂၁ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှု၊ လေ့လာခြင်းက ဘုရားသခင်နှစ်သက်တဲ့ အရည်အသွေးတွေမွေးမြူဖို့ သင့်ကို ကူညီပေးမှာဖြစ်တယ်။ ဘုရားသခင်တောင်းဆိုရာတွေကို သင်ယူခြင်းက သင့်အတွေးအခေါ်ကို ဘုရားသခင့်အတွေးအခေါ်နဲ့ တူညီစေဖို့ ကူညီပေးမှာဖြစ်တယ်။ (ဟေရှာယ ၃၀:၂၀၊ ၂၁) ယေဟောဝါကိုချစ်တဲ့မေတ္တာ ပိုခိုင်မြဲလာတာနဲ့အမျှ ဘုရားသခင်နှစ်သက်တဲ့နည်းလမ်းအတိုင်း နေထိုင်သွားလိုစိတ် ပိုရှိလာမှာဖြစ်တယ်။

၂၂။ ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်းနေထိုင်တာက သင် ဘာလုပ်နေရာကျသလဲ။

၂၂ ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်းနေထိုင်ဖို့ ကြိုးစားအားထုတ်မှုလိုတယ်။ သမ္မာကျမ်းစာမှာ သင့်အသက်ရှင်နေထိုင်ပုံ ပြောင်းလဲလိုက်ခြင်းကို အကျင့်စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို ယူတင်ဝတ်ဆောင်ခြင်းနဲ့ နှိုင်းယှဉ်ထားတယ်။ (ကောလောသဲ ၃:၉၊ ၁၀) ယေဟောဝါရဲ့ပညတ်တွေနဲ့ပတ်သက်ပြီး ဆာလံဆရာက “တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏” လို့ရေးခဲ့တယ်။ (ဆာလံ ၁၉:၁၁) ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ခြင်းက တကယ်အကျိုးရှိတယ်ဆိုတာ သင်လည်း တွေ့မြင်ရမှာဖြစ်တယ်။ အဲဒီလိုအသက်ရှင်နေထိုင်တာက သင်ဟာ စာတန်ရဲ့စွပ်စွဲချက် မှားတယ်လို့ ချေပနေတာဖြစ်ပြီး ယေဟောဝါရဲ့စိတ်ကို ပျော်ရွှင်စေမှာဖြစ်တယ်။

^ စာပိုဒ်၊ 16 ဒီလိုပြောလို့ သင့်ကို ဆန့်ကျင်နေတဲ့သူတစ်ဦးချင်းကို စာတန် ထိန်းချုပ်ထားတယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ စာတန်က ဒီလောကစနစ်ရဲ့ ဘုရားသခင်ဖြစ်နေလို့ ဒီလောကတစ်ခုလုံးဟာ သူ့လက်အောက်မှာရှိနေတယ်။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) ဒါကြောင့် ဘုရားသခင်နှစ်သက်တဲ့အသက်တာနဲ့ နေထိုင်ခြင်းက လူကြိုက်မများတဲ့လမ်းစဉ်ဖြစ်လို့ သင့်ကို ဆန့်ကျင်မယ့်သူ တချို့ရှိမယ်လို့ မျှော်လင့်နိုင်ပါတယ်။