ဂလာတိ ၅:၁-၂၆

  • ခ​ရစ်​ယာန်တွေရဲ့ လွတ်​လပ်​မှု (၁-၁၅)

  • စွမ်း​အား​တော်ရဲ့ လမ်း​ပြမှု​အတိုင်း လျှောက်​လှမ်း (၁၆-၂၆)

    • အပြစ်​ရှိ​တဲ့ အကျင့်​တွေ (၁၉-၂၁)

    • စွမ်း​အား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်အသွေး​တွေ (၂၂၊ ၂၃)

 အဲဒီ​လို​လွတ်​လပ်​မှု​ရ​နိုင်​ဖို့  ခ​ရစ်​တော်​က ကျွန်​တော်​တို့​ကို လွတ်​မြောက်​စေ​ပြီ။ ဒါ​ကြောင့် အခိုင်​အမာ ရပ်​တည်​ကြ​ပါ။+ ကျွန်​ထမ်း​ပိုး​ကို ပြန်​မထမ်း​ကြ​နဲ့​တော့။+ ၂  ကျွန်​တော်​ပေါ​လု ပြော​မယ်။ ခင်​ဗျား​တို့ အရေ​ဖျား​ဖြတ်​မယ်​ဆို​ရင် ခရစ်​တော် လုပ်​ဆောင်​ခဲ့ရာတွေ​ဟာ ဘာ​မှ အကျိုး​ရှိ​မှာ မဟုတ်​ဘူး။+ ၃  အရေ​ဖျား​ဖြတ်​သူ​တိုင်း​ဟာ  ပညတ်​တ​ရား အလုံး​စုံ​ကို စောင့်​ထိန်း​ရ​မယ့် တာ​ဝန်​ရှိ​တယ်​ဆို​တာ ကျွန်​တော် ထပ်​သတိ​ပေး​လိုက်​မယ်။+ ၄  ပညတ်​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ဖို့ ကြိုး​စား​နေ​တဲ့ ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​နဲ့ ကင်း​ကွာ​နေ​ပြီ။+ ခ​ရစ်​တော်ရဲ့ မဟာ​က​ရု​ဏာ​နဲ့ ဝေး​ကွာ​နေ​ပြီ။ ၅  ကျွန်​တော်​တို့​က​တော့ စွမ်း​အား​တော်​ကြောင့်၊ ယုံ​ကြည်​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ရ​ဖို့ မျှော်​လင့်​စောင့်​စား​နေ​တယ်။ ၆  ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​သူ​တွေ​အတွက်​တော့ အရေ​ဖျား​ဖြတ်​ခြင်း၊ မဖြတ်​ခြင်း​ဟာ အရေး​မကြီး​ဘူး။+ ချစ်​ခြင်း​မေတ္တာ​က​နေ ပေါက်​ဖွား​လာ​တဲ့ ယုံ​ကြည်​ခြင်း​က​သာ အရေး​ကြီး​တာ​ပါ။ ၇  တစ်​ချိန်​တုန်း​က ခင်​ဗျား​တို့ အမှန်​တ​ရား​လမ်း​မှာ ကောင်း​ကောင်း​ပြေး​နေ​တာ​ပဲ။+ အမှန်​တ​ရား​အတိုင်း ဆက်​မလိုက်​တော့​အောင် ဘယ်​သူ​တား​ဆီး​နေ​တာ​လဲ။ ၈  ခင်​ဗျား​တို့​ကို  ခေါ်​တော်​မူ​တဲ့ ဘု​ရား​သခင်​က အဲ​ဒီ​လို ဆက်​မလိုက်​တော့​အောင် မသွေး​ဆောင်​ပါ​ဘူး။ ၉  တ​ဆေး​အနည်း​ငယ်​က မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​တယ်။+ ၁၀  သခင်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​နေ​တဲ့ ခင်​ဗျား​တို့​ဟာ+ ကျွန်​တော်​နဲ့ အမြင်​ချင်း​တူ​မယ်​ဆို​တာ ယုံ​ကြည်​ပါ​တယ်။ ခင်​ဗျား​တို့​ကို ဒုက္ခ​ပေး​တဲ့​သူ​ဟာ+ ဘယ်​သူ​ပဲ​ဖြစ်​နေ​ပါ​စေ ထိုက်​သင့်​သလို တ​ရား​စီ​ရင်​ခံ​ရ​လိမ့်​မယ်။ ၁၁  ညီ​အစ်​ကို​တို့၊ ကျွန်​တော်​သာ အရေ​ဖျား​ဖြတ်​ခြင်း​အကြောင်း ဆက်​ဟော​နေ​သေး​တယ်​ဆို​ရင် နှိပ်​စက်​ညှဉ်း​ပန်း​ခံ​ရ​မှာ မဟုတ်​ဘူး။ အဲ​ဒီ​လို ဆက်​ဟော​နေ​သေး​တယ်​ဆို​ရင် သစ်​တိုင်​ပေါ် ခ​ရစ်​တော် သေဆုံး​ခဲ့​တာ​နဲ့​ပတ်​သက်​တဲ့ ကျွန်​တော့်​သွန်​သင်​ချက်​ဟာ တိုက်​မိ​လဲ​စ​ရာ​ဖြစ်​မှာ မဟုတ်​ဘူး။+ ၁၂  ခင်​ဗျား​တို့​ကို နှောင့်​ယှက်​ဖို့ ကြိုး​စား​နေ​သူ​တွေ သင်း​ကွပ်​လိုက်​ကြ​ပါ​စေ။* ၁၃  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​ဟာ လွတ်​လပ်​မှု​ရ​ဖို့ ခေါ်​တော်​မူ​ခြင်း​ခံ​ရ​တာ​ပါ။ အဲ​ဒီ​လွတ်​လပ်​မှု​ကို ခု​တုံး​လုပ်​ပြီး အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် မလိုက်​ကြ​ပါ​နဲ့။+ မေတ္တာ​စိတ်​နဲ့ အချင်း​ချင်း အစေ​ခံ​ကြ​ပါ။+ ၁၄  “လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ” ဆို​တဲ့ ပညတ်​တစ်​ခု​က ပညတ်​တ​ရား အလုံး​စုံ​ကို ပြည့်​စုံ​စေ​ပြီ။*+ ၁၅  အချင်း​ချင်း နာ​ကျင်​စေ​မယ်၊ တိုက်​ခိုက်​နေ​မယ်​ဆို​ရင်+ အချင်း​ချင်း ဖျက်​ဆီး​ရာ​ပဲ ရောက်​မှာ​မို့လို့ သတိ​ထား​ကြ​ပါ။+ ၁၆  ကျွန်​တော် ပြော​မယ်။ စွမ်းအား​တော်ရဲ့  လမ်း​ပြမှု​အတိုင်း   အမြဲလျှောက်​လှမ်း​ကြ​ပါ။+ ဒါ​ဆို​ရင် အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​နောက် လိုက်​ကြ​တော့​မှာ မဟုတ်​ဘူး။+ ၁၇  အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​ဟာ စွမ်း​အား​တော်​နဲ့ ဆန့်​ကျင်​တယ်။ စွမ်း​အား​တော်​က​လည်း အပြစ်​ရှိ​တဲ့​အလို​ဆန္ဒ​နဲ့ ဆန့်​ကျင်​တယ်။ အဲ​ဒီ​နှစ်​ခု​ဟာ ဆန့်​ကျင်​ဘက်​ဖြစ်​နေ​တဲ့​အတွက် ကိုယ်​လုပ်​ချင်​တာ​ကို မလုပ်​နိုင်​ကြ​ဘူး။+ ၁၈  ဒါ့​အပြင် ခင်​ဗျား​တို့​သာ စွမ်း​အား​တော်ရဲ့ ဦး​ဆောင်​မှု​ကို ခံ​ယူ​မယ်​ဆို​ရင် ပညတ်​လက်​အောက်​မှာ မရှိ​တော့​ဘူး။ ၁၉  အပြစ်​ရှိ​တဲ့​အကျင့်​တွေ​ကို အထင်​အရှား မြင်​နေ​ရ​တာ​ပဲ။ အဲ​ဒီ​အကျင့်​တွေ​က​တော့  လိင်​အကျင့်​ယို​ယွင်း​ခြင်း၊*+ မသန့်​ရှင်း​ခြင်း၊ မျက်​နှာ​ပြောင်​တိုက်​ခြင်း၊*+ ၂၀  ရုပ်​တု​ကိုး​ကွယ်​ခြင်း၊  နတ်​ဆိုး​ပညာ​လိုက်​စား​ခြင်း၊*+ ရန်​လို​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မနာ​လို​ခြင်း၊ ဒေါ​သပေါက်​ကွဲ​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊ ၂၁  မနာ​လို​မရှု​ဆိတ်​ဖြစ်​ခြင်း၊ သောက်​စား​မူး​ယစ်​ခြင်း၊+ အထိန်း​အကွပ်​မဲ့ ပွဲ​လုပ်​ခြင်း​စ​တဲ့ အရာတွေ​ပဲ။+ ဒါ​တွေ​နဲ့​ပတ်​သက်​ပြီး သတိ​ပေး​ခဲ့​ဖူး​သလို အခု​လည်း သတိ​ပေး​လိုက်​မယ်။ ဒါ​တွေ​ကို ကျင့်​တဲ့​သူ​တွေ​ဟာ ဘု​ရား​သခင့် နိုင်​ငံ​တော်​ကို အမွေ​ခံ​ရ​မှာ မဟုတ်​ဘူး။+ ၂၂  စွမ်း​အား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​တွေ* က​တော့ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊  စိတ်​ရှည်​ခြင်း၊  ကြင်​နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊+  ယုံ​ကြည်​ခြင်း၊ ၂၃  နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ချုပ်​တည်း​ခြင်း​တို့​ပါ​ပဲ။+   အဲ​ဒါ​တွေ​ကို  ဆန့်​ကျင်​တဲ့ ပညတ်​ဆို​တာ  မရှိ​ဘူး။ ၂၄  ခ​ရစ်​တော်​ယေရှု ပိုင်​ဆိုင်​သူ​တွေ​ဟာ အပြစ်​ရှိ​တဲ့ ရမ္မက်တွေ၊ အလို​ဆန္ဒတွေ​ကို သစ်​တိုင်​မှာ ရိုက်​ထား​လိုက်​ကြ​ပြီ။+ ၂၅  ကျွန်​တော်​တို့​ဟာ  စွမ်း​အား​တော်ရဲ့ လမ်း​ပြမှု​နဲ့​အညီ အသက်​ရှင်​တာ​မှန်​ရင် စွမ်း​အား​တော် လမ်း​ပြတဲ့​အတိုင်း စ​နစ်​တ​ကျ လျှောက်​လှမ်း​ကြ​စို့။+ ၂၆  အတ္တ​ဆန်​တာ၊+ အချင်း​ချင်း ပြိုင်​ဆိုင်​တာ၊+ မနာ​လို​မရှု​ဆိတ် ဖြစ်​တာ​တွေ​ကို ရှောင်​ကြ​စို့။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “မိန်း​မစိုး​တွေ ဖြစ်​သွား​ကြ​ပါ​စေ။” ဒီ​နည်း​နဲ့ သူ​တို့​ကိုယ်​တိုင်​ထောက်​ခံ​နေ​တဲ့ ပညတ်​တ​ရား​ကို စောင့်​ထိန်း​ဖို့ အရည်​အချင်း​ပြည့်​မီ​တော့​မှာ မဟုတ်​ဘူး။
“ပညတ်​တ​ရား​တစ်​ခု​လုံး​ရဲ့ အနှစ်​ချုပ်​ပဲ” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “အသီး​အပွင့်။”