တရားဟောရာ ၄:၁-၄၉

  • နာခံဖို့ တိုက်တွန်း (၁-၁၄)

    • ဘုရား​လုပ်ဆောင်​ပေးခဲ့​တာကို မမေ့​ကြ​နဲ့ ()

  • မိမိ​တစ်ပါး​တည်းကို ကိုးကွယ်​ဖို့ ယေဟောဝါ​တောင်းဆို (၁၅-၃၁)

  • ယေဟောဝါ​မှတစ်ပါး တခြား​ဘုရား မရှိ (၃၂-၄၀)

  • ဂျော်ဒန်​အရှေ့ဘက် ခိုလှုံရာမြို့​များ (၄၁-၄၃)

  • ပညတ်တရား​အကြောင်း နိဒါန်း (၄၄-၄၉)

 “အစ္စရေး​တို့၊ ကျွန်တော် သွန်သင်ပေး​နေတဲ့ စည်းမျဉ်း​တွေ​နဲ့ တရားစီရင်ချက်​တွေကို နားထောင်ပါ။ ဒါမှ ခင်ဗျားတို့ အသက်ဆက်​ရှင်​ပြီး+ ဘိုးဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ ပေးမယ့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်မယ်။ ၂  ကျွန်တော် မှာ​ကြားနေတဲ့ ဒီစကားတွေကို ထပ်​မ​ဖြည့်​ပါ​နဲ့။ မ​နုတ်​ပယ်​ပါ​နဲ့။+ ကျွန်တော် မှာ​ကြားနေတဲ့ ယေဟောဝါ​ဘုရားရဲ့ ပညတ်ချက်​တွေကို လိုက်နာ​ကြပါ။ ၃  “ဗာလပေဂုရ​ဘုရားကို ခင်ဗျားတို့​ဝတ်ပြု​တုန်းက ယေဟောဝါ​ဘုရား ဘာလုပ်ခဲ့​မှန်း ကိုယ်တိုင် မြင်ခဲ့​ကြ​တာပဲ။ ဗာလပေဂုရ​နောက် လိုက်​သူ​တိုင်း​ကို ယေဟောဝါ​ဘုရား ဖျက်ဆီး​ခဲ့​တယ်။+ ၄  ယေဟောဝါ​ဘုရားကိုပဲ တွယ်တာ​နေတဲ့ ခင်ဗျားတို့​က​တော့ ဒီနေ့​အထိ အသက်ရှင်​နေတယ်။ ၅  ယေဟောဝါ​ဘုရား မိန့်မှာ​တဲ့ စည်းမျဉ်း​တွေ၊ တရားစီရင်ချက်​တွေကို+ ကျွန်တော် သွန်သင်ပေး​ခဲ့ပြီ။ ခင်ဗျားတို့ သိမ်းပိုက်​မယ့်​ပြည်​မှာ အဲဒီအတိုင်း လိုက်နာ​ကြပါ။ ၆  ဂရုတစိုက် စောင့်ထိန်း​ကြပါ။+ ဒါဆိုရင် အဲဒီ​စည်းမျဉ်း​တွေ​အကြောင်း ကြားတဲ့​သူ​တိုင်း​က ခင်ဗျားတို့​ရဲ့ ဉာဏ်​ပညာနဲ့+ သိနားလည်နိုင်စွမ်း​ကို+ သိမြင်​လာမယ်။ ‘တကယ့်ကို ပညာ​ရှိပြီး သိနားလည်နိုင်စွမ်း​ရှိတဲ့ လူမျိုး​ကြီး​ပါ​လား’+ ဆို​ပြီး ပြော​ကြ​မယ်။ ၇  ယေဟောဝါ​ဘုရားက ကျွန်တော်တို့ ဆုတောင်းတဲ့အခါ​တိုင်း အနီးအနား​မှာ ရှိတယ်။ ဒီလို​ဘုရား​မျိုး ဘယ်​လူမျိုး​တွေ​မှာ ရှိလို့​လဲ။+ ၈  ဒီနေ့ ကျွန်တော် သွန်သင်ပေးတဲ့ ဒီ​ပညတ်တရား​လို မှန်ကန်တဲ့ စည်းမျဉ်း​တွေ၊ တရားစီရင်ချက်​တွေ ဘယ်​လူမျိုး​ကြီး​ဆီမှာ ရှိလို့​လဲ။+ ၉  “ဒါကြောင့် ကိုယ်တိုင်​မြင်ခဲ့​တာ​တွေကို တစ်သက်လုံး မမေ့​ဖို့၊ စိတ်ထဲမှာ မ​ပျောက်ပျက်​သွား​စေဖို့ ကိုယ့်ကို​ယ်​ကိုယ် ဂရုစိုက်​ပါ၊ သတိထား​ကြပါ။ သားမြေး​တွေကိုလည်း ပြောပြ​ကြပါ။+ ၁၀  ဟော​ရပ်​အရပ်မှာ ယေဟောဝါ​ဘုရား​ရှေ့ ခင်ဗျားတို့ ရပ်​ခဲ့တဲ့​နေ့​တုန်းက ‘ငါ့​စကား​တွေကို ကြားနာ​နိုင်အောင်+ လူတွေကို စုရုံး​ပါ။ ဒါမှ သူတို့ အသက်ရှင်နေ​သ​ရွေ့ ငါ့ကို ကြောက်ရွံ့ရိုသေ​လာမယ်။+ သားမြေး​တွေကိုလည်း သင်ပေး​နိုင်မယ်’+ ဆို​ပြီး ကျွန်တော့်ကို ယေဟောဝါ ပြောခဲ့တယ်။ ၁၁  “ဒါနဲ့ တောင်​ခြေ​နား​မှာ ခင်ဗျားတို့ လာ​ရပ်​ကြ​တယ်။ အဲဒီ​အချိန် တောင်ပေါ်မှာ မီးလောင်​နေ​ပြီး မီး​တောက်​မီးလျှံ​တွေ မိုး​ပေါ် တက်​နေတယ်။ မည်းမှောင်​နေတဲ့ တိမ်ထုကြီး ဖုံးလွှမ်း​နေတယ်။+ ၁၂  ယေဟောဝါ​ဘုရားက မီး​ထဲက​နေ စကား​ပြောတဲ့အခါ+ စကားသံ​ကို+ ခင်ဗျားတို့ ကြား​ရပေမဲ့ ပုံသဏ္ဌာန်​ကို​တော့ မ​မြင်ခဲ့​ရဘူး။+ ၁၃  ခင်ဗျားတို့ လိုက်နာ​ရမယ့် ပ​ဋိ​ညာ​ဉ်​ဖြစ်တဲ့+ ပညတ်တော်​ဆယ်ပါး​ကို+ ဘုရား မိန့်မှာ​ပြီး ကျောက်ပြား​နှစ်ချပ်​ပေါ်​မှာ ရေး​ပေးခဲ့တယ်။+ ၁၄  ခင်ဗျားတို့​ကို သွန်သင်ပေး​ရမယ့် စည်းမျဉ်း​တွေ၊ တရားစီရင်ချက်​တွေ​အကြောင်း ကျွန်တော့်ကို ယေဟောဝါ​ဘုရား မိန့်မှာ​ခဲ့​တယ်။ ခင်ဗျားတို့ ဝင်ရောက်​သိမ်းပိုက်​မယ့်​ပြည်​မှာ အဲဒီအတိုင်း​ပဲ လိုက်နာ​ရမယ်။ ၁၅  “ဟော​ရပ်​အရပ်မှာ မီး​ထဲက​နေ ယေဟောဝါ​ဘုရား စကား​ပြောတဲ့​နေ့တုန်းက ဘုရားရဲ့​ပုံသဏ္ဌာန်​ကို ခင်ဗျားတို့ မ​မြင်ခဲ့​ရဘူး။ ဒါကြောင့် ကိုယ့်ကို​ယ်​ကိုယ် သတိထား​ကြ– ၁၆  အရာ​တစ်ခုခု​နဲ့​တူတဲ့ ရုပ်တု​တွေ ထု​လုပ်ပြီး မ​ဖောက်ပြန်​ကြ​နဲ့။ ယောက်ျား​ပုံ၊ မိန်းမ​ပုံ၊+ ၁၇  မြေတိရစ္ဆာန်​တစ်မျိုးမျိုး​ရဲ့​ပုံ၊ မိုး​ကောင်းကင်မှာ ပျံသန်း​တဲ့ ငှက်​တစ်မျိုးမျိုး​ရဲ့​ပုံ၊+ ၁၈  တွားသွား​သတ္တဝါ​တစ်မျိုးမျိုး​ရဲ့​ပုံ၊ မြေကြီး​အောက် ရေ​ထဲက ငါး​တစ်မျိုးမျိုး​ရဲ့​ပုံတွေကို မ​ထု​လုပ်ကြ​နဲ့။+ ၁၉  ကောင်းကင်ကို မော့ကြည့်​လို့ နေ၊ လ၊ ကြယ်​အစ​ရှိတဲ့ ကောင်းကင်​ပေါ်​က​အရာတွေကို မြင်တဲ့အခါ သွေးဆောင်​ခံရပြီး ဦးချ​ရှိခိုး​တာ၊ ဝတ်ပြု​တာ​မျိုး မ​လုပ်ကြ​နဲ့။+ အဲဒါတွေဟာ ကောင်းကင်အောက်​မှာ​ရှိတဲ့ လူအားလုံး​အတွက် ယေဟောဝါ​ဘုရား ပေး​ထားတာ​တွေ​ပဲ။ ၂၀  ခင်ဗျားတို့​ဟာ သံ​ရ​ည်​ကျို​မီးဖို​ဖြစ်တဲ့ အီဂျစ်ပြည်​က​နေ ယေဟောဝါ ခေါ်ထုတ်​လာခဲ့​သူတွေ​ပါ။ ဒါကြောင့်​လည်း အခုလို ဘုရား​ပိုင်ဆိုင်တဲ့ လူမျိုး ဖြစ်လာ​ကြပြီ။+ ၂၁  “ယေဟောဝါ​က ခင်ဗျားတို့​ကြောင့် ကျွန်တော့်ကို အမျက်ထွက်​ခဲ့​တယ်။+ ဂျော်ဒန်​မြစ်​ကို မ​ကူး​ရဘူး၊ ယေဟောဝါ​ဘုရား အမွေ​ပေးမယ့် သာယာ​လှပတဲ့​ပြည်​ထဲ မဝင်​ရဘူးလို့ ကျိန်ဆို​ခဲ့တဲ့​အတွက်၊+ ၂၂  ဒီ​ပြည်​မှာပဲ ကျွန်တော် သေဆုံး​ရ​တော့မယ်။ ဂျော်ဒန်​မြစ်​ကို ကူး​ရမှာ မဟုတ်ဘူး။+ ခင်ဗျားတို့​က​တော့ ဖြတ်ကူး​ပြီး သာယာ​လှပတဲ့​ပြည်​ကို သိမ်းယူ​ရမယ်။ ၂၃  ခင်ဗျားတို့​နဲ့ ယေဟောဝါ​ဘုရား​သခင်​ဖွဲ့ခဲ့တဲ့ ပ​ဋိ​ညာ​ဉ်​ကို+ မမေ့​ဖို့၊ ယေဟောဝါ​ဘုရား တားမြစ်​ထားတဲ့ အရာ​တစ်ခုခု​နဲ့​တူတဲ့ ရုပ်တုကို မ​ထုလုပ်​မိ​ဖို့ သတိထား​ကြပါ။+ ၂၄  ယေဟောဝါ​ဘုရား​ဟာ လောင်ကျွမ်း​စေတဲ့​မီး၊+ မိမိ​တစ်ပါး​တည်းကို​ပဲ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​ဘုရား+ ဖြစ်လို့ပဲ။ ၂၅  “ခင်ဗျားတို့ အဲဒီ​ပြည်​မှာ သားမြေး​တွေ​ရ​လာပြီး အ​နေ​ကြာ​လာတဲ့အခါ ဖောက်ပြန်​လာမယ်၊ ရုပ်တု​တွေ လုပ်​မယ်၊+ ယေဟောဝါ​ဘုရား​ရှေ့မှာ မကောင်းမှု​လုပ်ပြီး အမျက်ထွက်​စေမယ်​ဆို​ရင်၊+ ၂၆  ကောင်းကင်နဲ့ မြေကြီးကို သက်သေ​ထားပြီး ကျွန်တော်​ပြောမယ်– ခင်ဗျားတို့​ဟာ ဂျော်ဒန်​မြစ်​ကို ကူး​ပြီး သိမ်းပိုက်​ရတော့​မယ့်​ပြည်​မှာ အမြန်​ဆုံး ပျက်စီး​သွားမယ်။ ကြာရှည်​မနေ​ရ​ဘဲ အစ​တုံး ဖျက်ဆီး​ခံရမယ်။+ ၂၇  ယေဟောဝါ​ဘုရားက ခင်ဗျားတို့​ကို တ​ကွဲ​တ​ပြား ဖြစ်စေမယ်။+ တိုင်းပြည်​အရပ်ရပ်​ဆီ ယေဟောဝါ မောင်းထုတ်​လိုက်တဲ့​အတွက် အဲဒီ​ပြည်​တွေ​မှာ လူနည်းစု​ပဲ အသက်ရှင်​ကျန်ရစ်​ပြီး၊+ ၂၈  လူတွေ​လုပ်တဲ့ မမြင်နိုင်၊ မကြား​နိုင်၊ မစား​နိုင်၊ အနံ့​မခံနိုင်​တဲ့ သစ်သား​ဘုရား၊ ကျောက်ဘုရား​တွေကို ဝတ်ပြု​ရ​လိမ့်မယ်။+ ၂၉  “အဲဒီ​ပြည်​တွေ​မှာ ယေဟောဝါ​ဘုရားကို ခင်ဗျားတို့ ရှာ​မယ်၊+ စိတ်​စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ ရှာဖွေ​မေးမြန်း​မယ် ဆို​ရင်​တော့+ တွေ့​ကို​တွေ့ရ​လိမ့်မယ်။ ၃၀  နောက်ပိုင်းမှာ ခင်ဗျားတို့ အကြီးအကျယ် ဒုက္ခရောက်​ပြီး အခု​ပြောတဲ့​အတိုင်း ကြုံရတဲ့​အ​ခါ ယေဟောဝါဘုရားဆီ ပြန်လှည့်​လာပြီး ဘုရားရဲ့​စကားကို နားထောင်​ကြ​လိမ့်မယ်။+ ၃၁  ယေဟောဝါ​ဘုရား​ဟာ ကရုဏာ​ရှိတဲ့ဘုရား ဖြစ်လို့+ ခင်ဗျားတို့​ကို မစွန့်ပစ်​ဘူး၊ မဖျက်ဆီး​ဘူး။ ဘိုးဘေး​တွေ​နဲ့ ကျိန်ဆို​ပြီးဖွဲ့​ထားတဲ့ ပ​ဋိ​ညာ​ဉ်​ကို​လည်း မမေ့ဘူး။+ ၃၂  “ခင်ဗျားတို့​ခေတ်​မတိုင်ခင် တစ်ချိန်​တုန်းက​အကြောင်း​တွေကို မေးကြည့်​လိုက်ပါ။ ကမ္ဘာပေါ်မှာ လူကို ဘုရား​သခင် ဖန်ဆင်းချိန်​က​စပြီး ဒါမျိုး​ဖြစ်ဖူးလို့​လား။ မိုးကောင်းကင်​တစ်ဖက်​စွန်း​က​နေ နောက်​တစ်ဖက်​စွန်း​အထိ လိုက်ရှာ​ကြည့်ပါ။ ဒီလို​ကြီးကျယ်​တဲ့ ဖြစ်ရပ်​မျိုး ရှိဖူးလို့​လား၊ ဒီလို​အကြောင်း​မျိုး ကြားဖူး​လို့​လား။+ ၃၃  မီး​ထဲက​နေ ဘုရား​သခင် စကား​ပြောတဲ့​အသံ​ကို ခင်ဗျားတို့​လို ကြား​ပြီးမှ အသက်ဆက်​ရှင်​တဲ့ လူမျိုး​ရယ်​လို့ ရှိလို့​လား။+ ၃၄  ယေဟောဝါ​ဘုရားက အီဂျစ်ပြည်​မှာ တရားစီရင်ချက်၊ အံ့ဖွယ်အမှု၊ ထူးဆန်းတဲ့​အရာ၊+ စစ်ပွဲ၊+ အားကြီးတဲ့လက်၊+ တန်ခိုးကြီး​တဲ့ လက်ရုံး၊ ကြောက်မက်ဖွယ် လုပ်ရပ်တွေ​နဲ့+ ခင်ဗျားတို့​ကို တခြား​လူမျိုး​ထဲက​နေ ခေါ်ထုတ်​လာခဲ့​တယ်။ ဒါကို ခင်ဗျားတို့ မြင်ခဲ့​ကြ​တာပဲ။ ဘုရားက ဘယ်​လူမျိုး​ကို အဲဒီလို ခေါ်​ထုတ်ခဲ့​ဖူးလို့​လဲ။ ၃၅  ယေဟောဝါဟာ စစ်မှန်တဲ့​ဘုရား​သခင်​ဖြစ်မှန်း ခင်ဗျားတို့ သိအောင် အဲဒါတွေ ပြသ​ခဲ့​တယ်။+ ဘုရား​သခင်​က​လွဲ​လို့ တခြား​ဘုရား မရှိဘူး။+ ၃၆  ဘုရားက ခင်ဗျားတို့​ကို တည့်မတ်​ပေးဖို့ မိုးကောင်းကင်​က​နေ အသံ​တော်ကို ကြား​စေခဲ့တယ်။ မြေကြီး​ပေါ်​မှာ မီး​တောက်​မီးလျှံ​ကြီး​ကို မြင်​စေခဲ့တယ်။ မီး​ထဲက​နေ ခင်ဗျားတို့​ကို စကား​ပြောခဲ့တယ်။+ ၃၇  “ဘုရား​သခင်​က ဘိုးဘေး​တွေကို ချစ်​လို့ သူတို့ရဲ့​မျိုးနွယ်​ကို ရွေးချယ်​ပြီး+ ခင်ဗျားတို့​ကို အီဂျစ်ပြည်​က​နေ ကြီးမားတဲ့​တန်ခိုး​နဲ့ ခေါ်​ထုတ်ခဲ့​တယ်။ ၃၈  ပို​အင်အားကြီး​တဲ့ လူမျိုး​တွေကို ရှေ့​က​နေ မောင်းထုတ်​ပေးခဲ့တယ်။ ခင်ဗျားတို့​ကို ခေါ်​လာပြီး သူတို့​ပြည်​ကို အခုလို အမွေ​ပေးခဲ့တယ်။+ ၃၉  ဒါကြောင့် အထက်​ကောင်းကင်နဲ့ အောက်​အရပ်​မြေကြီး​ပေါ်​မှာ ယေဟောဝါဟာ စစ်မှန်တဲ့​ဘုရား​သခင်​ပဲ​ဆို​တာ အခု စွဲစွဲမြဲမြဲ သိမှတ်​ထားကြပါ။+ ကိုယ်တော့်​လို ဘုရား​မျိုး မရှိဘူး။+ ၄၀  အခု ကျွန်တော် မှာ​ကြားနေတဲ့ စည်းမျဉ်း​တွေ၊ ပညတ်ချက်​တွေကို လိုက်နာ​ကြပါ။ ဒါမှ ကိုယ်တိုင်​ရော၊ သားမြေး​တွေ​ပါ ကောင်းစား​ပြီး ယေဟောဝါ​ဘုရားပေး​တဲ့ ပြည်​မှာ အကြာကြီး နေ​ရမယ်။”+ ၄၁  အဲဒီ​အချိန်မှာ မောရှေ​က ဂျော်ဒန်​မြစ်​အရှေ့ဘက်​မှာ မြို့​သုံး​မြို့​ကို သီးသန့်​ခွဲထား​လိုက်တယ်။+ ၄၂  လူကို မုန်း​လို့ မဟုတ်ဘဲ မတော်တဆ သတ်​မိ​တဲ့​သူက+ အသက်ချမ်းသာ​ရဖို့ မြို့​သုံး​မြို့ထဲက တစ်မြို့​မြို့​ကို ထွက်ပြေး​ရမယ်။+ ၄၃  အဲဒီမြို့​တွေကတော့ ရုဗင်​အနွယ်​ရဲ့ ပိုင်နက်​ထဲက တောကန္တာရ ကုန်းပြင်မြင့်​မှာ ဗေ​ဇာ​မြို့၊+ ဂဒ်အနွယ်​ရဲ့ ပိုင်နက်​ထဲက ဂိလဒ်​ပြည်​မှာ ရာ​မုတ်​မြို့၊+ မနာရှေ​အနွယ်​ရဲ့ ပိုင်နက်​ထဲက+ ဗာရှန်​ပြည်​မှာ ဂေါ​လ​န်​မြို့​ပဲ။+ ၄၄  ဒါက​တော့ အစ္စရေး​လူမျိုး​ကို မောရှေ​ပေး​တဲ့ ပညတ်တရား​ပဲ။+ ၄၅  အီဂျစ်ပြည်​က​နေ ထွက်လာပြီး​နောက် အစ္စရေးတွေကို မောရှေ​ပေးခဲ့တဲ့ သတိပေးချက်​တွေ၊ စည်းမျဉ်း​တွေ၊ တရားစီရင်ချက်​တွေ ဖြစ်တယ်။+ ၄၆  ဂျော်ဒန်​မြစ်ဝှမ်း​ဒေသ​မှာ၊ ဗ​က်​ပေဂုရ​မြို့​ရှေ့​က+ ချိုင့်ဝှမ်း​မှာ၊ အာမောရိဘုရင် ရှိ​ဟု​န်​ရဲ့​ပြည်​မှာ ပေးခဲ့တယ်။ မောရှေ​နဲ့ အစ္စရေး​လူတွေက အီဂျစ်ပြည်​က​နေ ထွက်လာပြီး​နောက်+ ဟေရှဘုန်​မြို့မှာ​စိုးစံ​တဲ့+ အာမောရိဘုရင် ရှိ​ဟု​န်ကို အနိုင်​ရခဲ့တယ်။ ၄၇  ရှိ​ဟု​န်​ဘုရင်​ရဲ့ ပြည်​အပြင် ဗာရှန်​ဘုရင် ဩ​ဂတ်​ရဲ့​ပြည်​ကို​လည်း+ သိမ်းပိုက်​ခဲ့ကြ​တယ်။ ဒီ​အာမောရိဘုရင်​နှစ်ပါး​ဟာ ဂျော်ဒန်​မြစ်​အရှေ့ဘက် မြစ်ဝှမ်း​ဒေသ​မှာ နေထိုင်သူ​တွေ​ပဲ။ ၄၈  သူတို့ရဲ့​နယ်မြေ​က အာနုန်​သဲ​ချောင်း​ကမ်း​နား​ပေါ်​က အာရော်မြို့​က​နေ+ ဟေ​ရ​မုန်လို့​ခေါ်တဲ့+ စိ​အု​န်​တောင်​အထိ ကျယ်​တယ်။ ၄၉  ပိသဂါတောင်​ခြေ​မှာ​ရှိတဲ့ အရာဗာ​အိုင်* အထိ ဂျော်ဒန်​မြစ်​အရှေ့ဘက် မြစ်ဝှမ်း​ဒေသက အရာဗာ​အရပ် တစ်ခုလုံး​လည်း ပါဝင်တယ်။+

အောက်ခြေမှတ်ချက်များ

ဆား​ငန်​အိုင်၊ ပင်လယ်သေ။