ယောဟန် ၈:၁၂-၅၉

  • ယေရှု​အကြောင်း အဖဘု​ရား​သက်သေခံ (၁၂-၃၀)

    • “ဒီ​လော​က​ရဲ့​အလင်း” ယေရှု (၁၂)

  • အာဗြဟံ​ရဲ့ သား​သမီး (၃၁-၄၁)

    • “အမှန်​တ​ရား​က လွတ်​မြောက်​စေ​လိမ့်​မယ်” (၃၂)

  • မာရ်​နတ်​ရဲ့​သား​သမီး (၄၂-၄၇)

  • ယေရှု​နဲ့ အာဗြဟံ (၄၈-၅၉)

 ၁၂  အဲဒီ​နောက် ယေရှု​က “ကျွန်​တော်​ဟာ ဒီ​လော​က​ရဲ့ အလင်း​ပဲ။+ ကျွန်​တော့်ရဲ့ နောက်​လိုက်​တွေ​ဟာ ဘယ်​တော့​မှ မှောင်​မိုက်​ထဲ သွား​လာရ​မှာ မဟုတ်​ဘူး။ အသက်​ရ​စေ​တဲ့ အလင်း​ကို ပိုင်​ဆိုင်​ရ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၃  အဲဒီ​အခါ ဖာ​ရိ​ရှဲ​တွေ​က “ခင်​ဗျား​က ကိုယ့်​အကြောင်း​ကိုယ်​ပဲ သက်သေခံ​နေ​တော့ ခင်​ဗျား​စကား​တွေ ဘယ်​မှန်​မလဲ” လို့​ပြော​ကြ​တယ်။ ၁၄  ယေရှု​က “ကိုယ့်​အကြောင်း​ကိုယ် သက်သေခံ​နေ​တာ​ဆို​ပေမဲ့ ကျွန်​တော့်​စကား​တွေ​ဟာ အမှန်​ပဲ။ ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော် ဘယ်​က​လာ​တယ်၊ ဘယ်​ကို​သွား​နေ​တယ်​ဆို​တာ ကျွန်​တော်​သိ​တယ်။+ ခင်​ဗျား​တို့​က​တော့ ကျွန်​တော် ဘယ်​က​လာလို့ ဘယ်​ကို​သွား​နေ​မှန်း မသိ​ကြ​ဘူး။ ၁၅  ခင်​ဗျား​တို့​က အပြင်​ပန်း​ကို​ပဲ ကြည့်​ပြီး တ​ရား​စီ​ရင်​တတ်​ကြ​တယ်။+ ကျွန်​တော်​က​တော့ ဘယ်​သူ့​ကို​မှ မစီ​ရင်​ဘူး။ ၁၆  တ​ရား​စီ​ရင်​မယ်​ဆို​ရင်​တောင် ကျွန်​တော်​တစ်​ယောက်​တည်း  မဟုတ်​ဘဲ ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့ အဖပါ အတူ​ရှိ​နေ​တဲ့​အတွက် ကျွန်​တော့်ရဲ့ တ​ရား​စီ​ရင်​ချက်​ဟာ ဖြောင့်​မှန်​တယ်။+ ၁၇  ခင်​ဗျား​တို့​ရဲ့ ပညတ်​ကျမ်း​မှာ​လည်း ‘လူ​နှစ်​ဦး သက်​သေထွက်​ဆို​ရင် မှန်​တယ်’ ဆို​ပြီး ရေး​ထား​တာ​ပဲ။+ ၁၈  ကျွန်​တော်​က ကိုယ့်​အကြောင်း​ကိုယ် သက်သေခံ​သလို ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့ အဖက​လည်း ကျွန်​တော့်​အကြောင်း  သက်သေခံ​တယ်”+ လို့​ပြော​တော့၊ ၁၉  သူတို့​က “ခင်​ဗျားရဲ့ အဖဆို​တာ ဘယ်​မှာ​လဲ” လို့​မေး​ကြ​တယ်။ ယေရှု​က “ကျွန်​တော့်​ကို မသိ​မှ​တော့ ကျွန်​တော့်​အဖကို​လည်း ခင်​ဗျား​တို့​သိ​မှာ မဟုတ်​ဘူး။+ ကျွန်​တော့်​ကို​သိ​ရင် အဖကို​လည်း သိ​မှာ​ပဲ”+ လို့​ပြော​လိုက်​တယ်။ ၂၀  ဒီ​စကား​တွေ​ကို ဗိမာန်​တော်​ထဲ​က ဘဏ္ဍာ​တိုက်​မှာ+ သွန်သင်​နေ​တုန်း ယေရှု​ပြော​ခဲ့​တာ။ ဒါ​ပေမဲ့ အချိန်​မကျ​သေး​တဲ့​အတွက် ဘယ်​သူ​မှ သူ့​ကို မဖမ်း​ဆီး​ကြ​ဘူး။+ ၂၁  ယေရှု​က “ကျွန်​တော် သွား​ရ​တော့​မယ်။ ခင်​ဗျား​တို့ ကျွန်​တော့်​ကို ရှာ​ကြ​မှာ​ပဲ။ ဒါ​ပေမဲ့ အပြစ်​သား​အဖြစ်​နဲ့​ပဲ ခင်​ဗျား​တို့ သေရ​လိမ့်​မယ်။+ ကျွန်​တော်​သွား​မယ့်​နေ​ရာ​ကို  ခင်​ဗျား​တို့​ မလာ​နိုင်​ဘူး”+ လို့​ပြော​ပြန်​တယ်။ ၂၂  ဒါ​နဲ့ ဂျူး​တွေ​က  “‘ကျွန်​တော်​သွား​မယ့်​နေ​ရာ​ကို ခင်​ဗျား​တို့ မလာ​နိုင်​ဘူး” ဆို​တော့ သူ့​ကိုယ်​သူ သတ်​သေမလား​မ​သိ​ဘူး”  လို့​ပြော​တယ်။ ၂၃  ယေရှု​က  “ခင်​ဗျား​တို့​ဟာ  အောက်​အရပ်​က၊ ကျွန်​တော်​က​တော့  အထက်​အရပ်​က ဖြစ်​တယ်။+ ခင်ဗျား​တို့​ဟာ  ဒီ​လော​က​က၊  ကျွန်​တော်​က​တော့  ဒီ​လော​က​က  မဟုတ်​ဘူး။ ၂၄  ဒါ​ကြောင့် ခင်​ဗျား​တို့ အပြစ်​သား​အဖြစ်​နဲ့​ပဲ သေရ​လိမ့်​မယ်​လို့ ကျွန်​တော် ပြော​တာ။ ကျွန်​တော်​ဟာ အဲဒီ​တစ်​ယောက်​ပဲ​ဆို​တာ​ကို မယုံ​ရင် အပြစ်​သား​အဖြစ်​နဲ့​ပဲ ခင်​ဗျား​တို့ သေရ​လိမ့်​မယ်” လို့​ပြော​တယ်။ ၂၅  အဲဒီ​အခါ သူတို့​က “ဒါ​ဆို ခင်​ဗျား ဘယ်​သူ​လဲ” လို့​မေး​တော့ ယေရှု​က “ပြော​ပြရင်​လည်း အချိန်​ကုန်​ရုံ​ပဲ ရှိ​မယ်။ ၂၆  တ​ကယ်​တော့ ခင်​ဗျား​တို့​နဲ့​ပတ်​သက်​ပြီး ကျွန်​တော့်​မှာ ပြော​စ​ရာ​အများ​ကြီး ရှိ​တယ်။ စီ​ရင်​ချက်​ချ​စရာ​လည်း အများ​ကြီး​ရှိ​တယ်။ ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ဟာ အမှန်​အ​တိုင်း​ပဲ ပြော​တယ်။ ကျွန်​တော်​လည်း သူ့​ဆီ​က​ကြား​ခဲ့​တာ​တွေ​ကို​ပဲ ဒီ​လော​က​မှာ ပြန်​ပြော​တယ်”+ လို့​ဖြေတယ်။ ၂၇  အဖဘု​ရား​အကြောင်း သူ​ပြော​နေ​မှန်း သူတို့ မရိပ်​မိ​ကြ​ဘူး။ ၂၈  ဒါ​ကြောင့် ယေရှု​က “လူ​သား​ကို သစ်​တိုင်​ပေါ် မြှောက်​ထား​တဲ့​အခါ​ကျ​မှ+ ကျွန်​တော်​ဟာ အဲဒီ​တစ်​ယောက်​ပဲ၊+ ကိုယ်​တိုင်​အစ​ပြု​ပြီး ဘာ​တစ်​ခု​မှ မလုပ်​ဘူး၊+ ကျွန်​တော့်​အဖ သင်​ပေး​တဲ့​အတိုင်း ပြော​တယ်​ဆို​တာ​ကို ခင်​ဗျား​တို့ သိ​ရ​လိမ့်​မယ်။ ၂၉  ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့​အရှင်​ဟာ ကျွန်​တော်​နဲ့​အတူ ရှိ​တယ်။ သူ​နှစ်​သက်​တာ​ကို​ပဲ အမြဲလုပ်​တဲ့​အတွက် ကျွန်​တော့်​ကို တစ်​ယောက်​တည်း စွန့်​ပစ်မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၃၀  အဲဒီ​စကား​တွေ​ကို ကြား​တဲ့​အခါ လူ​အ​တော်​များ​များ ယေရှု​ကို ယုံ​ကြည်​လာ​ကြ​တယ်။ ၃၁  အဲဒီ​နောက် ယေရှု​က ယုံ​ကြည်​သူ​ဂျူး​တွေ​ကို “ခင်​ဗျား​တို့​သာ ကျွန်​တော့်​စကား​ကို  အမြဲလိုက်​နာ​ရင် ကျွန်တော့်​တ​ပည့်​အစစ်  ဖြစ်​ရုံ​မက၊ ၃၂  အ​မှန်​တ​ရား​ကို​ပါ သိ​ရ​လိမ့်​မယ်။+​ အဲဒီ​အမှန်​တ​ရား​က ခင်​ဗျား​တို့​ကို လွတ်​မြောက်​စေ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၃၃  ဒါ​နဲ့ တ​ခြား​လူ​တွေ​က “ကျုပ်​တို့​ဟာ  အာဗြဟံ​ရဲ့  သား​မြေး​တွေ​ပါ။ ဘယ်​သူ့​ဆီ​မှာ​မှ ကျွန်​ခံ​ဖူး​တာ မဟုတ်​ဘူး။ ကျုပ်​တို့ လွတ်​မြောက်​လိမ့်​မယ်​လို့ ခင်​ဗျား ဘာ​ကြောင့်​ပြော​ရ​တာ​လဲ” ဆို​ပြီး မေး​တော့၊ ၃၄  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ အပြစ်​လုပ်​တဲ့​သူ​ဟာ အပြစ်​ရဲ့​ကျွန်​ပဲ။+ ၃၅  ကျွန်​ဆို​တာ သခင့်​အိမ်​မှာ အမြဲနေ​ရ​မှာ မဟုတ်​ဘူး။  သား​က​ပဲ  အမြဲနေ​ရ​တာ။ ၃၆  ဒါ​ကြောင့် သား​တော်​က​သာ လွှတ်​ပေး​ရင်  တ​ကယ်​လွတ်​မြောက်​ကြ​လိမ့်​မယ်။ ၃၇  ခင်​ဗျား​တို့​ဟာ  အာဗြဟံ​ရဲ့  သား​မြေး​တွေ​မှန်း ကျွန်​တော်​သိ​တာ​ပေါ့။ ဒါ​ပေမဲ့ ကျွန်​တော့်​ကို​သတ်​ဖို့ ခင်​ဗျား​တို့ ကြိုး​စား​နေ​တယ်။ ကျွန်​တော့်​စကား​ကို​မှ  လက်မခံ​​နိုင်​ကြ​တာ။ ၃၈  ကျွန်​တော်​ အဖနဲ့​အတူ ရှိ​တုန်း​က  မြင်​ခဲ့ရ​တာ​တွေ​ကို  ပြော​တယ်။+ ခင်​ဗျား​တို့​လည်း ခင်​ဗျား​တို့​အဖဆီ​က ကြား​ခဲ့ရ​တာ​တွေ​ကို လုပ်​တယ်” လို့​ပြော​တယ်။ ၃၉  သူတို့​က “ကျုပ်​တို့​အဖဟာ အာဗြဟံ​ပဲ” ဆို​တော့ ယေရှု​က “အာဗြဟံ​ရဲ့ သား​သမီး​မှန်​ရင်+ အာဗြဟံ​ရဲ့​အကျင့်​ကို ကျင့်​မှာ​ပေါ့။ ၄၀  အခု​တော့ ဘု​ရား​သခင်​ဆီ​က ကြား​ခဲ့ရ​တဲ့ အမှန်​တ​ရား​အကြောင်း+ ပြော​ပြနေ​တဲ့ ကျွန်​တော့်​ကို သတ်​ဖို့ ခင်ဗျား​တို့ ကြိုး​စား​နေ​ကြ​တယ်။ အာဗြဟံ​က အဲဒီ​လို​မှ မလုပ်​ခဲ့​တာ။ ၄၁  ခင်​ဗျား​တို့​က ခင်​ဗျား​တို့​အဖရဲ့ အကျင့်​တွေ​ကို ကျင့်​နေ​တာ” လို့​ပြော​တော့ သူတို့​က “ကျုပ်​တို့​က အကျင့်​ပျက်​ပြား​ပြီး* ရ​လာ​တဲ့ သား​သမီး​တွေ မဟုတ်​ဘူး။ ကျုပ်​တို့​မှာ အဖတစ်​ယောက်​ပဲ ရှိ​တာ။ အဲ​ဒါ ဘု​ရား​သခင်​ပဲ” လို့​ပြန်​ပြော​ကြ​တယ်။ ၄၂  အဲဒီ​အခါ ယေရှု​က “ဘု​ရား​သ​ခင်​သာ ခင်​ဗျား​တို့​အဖမှန်​ရင် ကျွန်​တော့်​ကို ချစ်​ကြ​မှာ​ပဲ။+ ဘာ​လို့​လဲ​ဆို​တော့ ဘုရား​သခင် စေ​လွှတ်​လိုက်​လို့ ကျွန်​တော် ဒီ​မှာ​ရှိ​နေ​တာ။  ကိုယ့်​သဘော​နဲ့​ကိုယ် လာ​တာ မဟုတ်​ဘူး။ ဘု​ရား​သခင်​စေ​လွှတ်​လို့​ပါ။+ ၄၃  ကျွန်​တော်​ပြော​နေ​တာ​ကို  ဘာ​လို့   နား​မလည်​ကြ​တာ​လဲ။ ကျွန်​တော့်​စကား​ကို  လက်မခံ​​နိုင်​လို့​ပေါ့။ ၄၄  ခင်​ဗျား​တို့​ရဲ့​အဖဟာ မာရ်​နတ်​ပဲ။  သူ့​ဆန္ဒ​အတိုင်း  ခင်​ဗျား​တို့ လုပ်​ချင်​ကြ​တာ။+ သူ​ဟာ အစ​က​တည်း​က လူ့​အသက်​သတ်​တဲ့​သူ​ပဲ။+ သူ့​မှာ အမှန်​တ​ရား မရှိ​တဲ့​အတွက် အမှန်​တ​ရား​မှာ သူ တည်​မြဲမနေ​ဘူး။ မု​သား​ပြော​သူ၊ မု​သား​ရဲ့​အဖ ဖြစ်​တဲ့​အတွက် လိမ်​ညာ​ပြော​တဲ့​အခါ သူ့​ရဲ့​ပင်​ကို​ဉာဉ်​အတိုင်း ပြော​တတ်​တယ်။+ ၄၅  ကျွန်​တော်​က​တော့ အမှန်​တ​ရား​ကို​ပဲ ပြော​တဲ့​အတွက် ခင်​ဗျား​တို့ မယုံ​ကြ​ဘူး။ ၄၆  ကျွန်​တော့်​မှာ အပြစ်​ရှိ​တယ်​လို့ ခင်​ဗျား​တို့​ထဲ​က ဘယ်​သူ အထောက်​အထား ပြနိုင်​သလဲ။ အမှန်​တ​ရား​ကို ပြော​တာ​ပါ​ဆို​တော့​လည်း ဘာ​လို့ မယုံ​ကြ​တာ​လဲ။ ၄၇  ဘု​ရား​သခင်​နဲ့ စပ်​ဆိုင်​တဲ့​သူ​ဟာ ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို နား​ထောင်​တတ်​တယ်။+ ခင်ဗျား​တို့​က​တော့ ဘု​ရား​သခင်​နဲ့ မစပ်​ဆိုင်​တဲ့​အတွက် နား​မ​ထောင်​ကြ​ဘူး”+ လို့​ပြော​တယ်။ ၄၈  အဲဒီ​အခါ  ဂျူး​တွေ​က  “‘ခင်​ဗျား​ဟာ ရှ​မာ​ရိ​လူ​ပဲ။+ နတ်​ဆိုး​ပူး​နေ​တာ​ပဲ’+ လို့ ကျုပ်​တို့​ပြော​တာ မှန်​နေ​တယ်​မဟုတ်​လား” ဆို​ပြီး​ ပြော​တော့၊ ၄၉  ယေရှု​က  “ကျွန်​တော်  နတ်​ဆိုး​ပူး​နေ​တာ မဟုတ်​ဘူး။ ကျွန်​တော့်​အဖကို ဂုဏ်​တင်​နေ​တာ။ ခင်​ဗျား​တို့​က​တော့ ကျွန်​တော်​ဂုဏ်ပျက်​အောင်  လုပ်​နေ​တာ။ ၅၀  ကျွန်​တော်​က  ကိုယ့်​ကိုယ်​ကိုယ် ဂုဏ်​တက်​အောင် မလုပ်​ဘူး။+ ကျွန်​တော့်​ကို အကဲ​ဖြတ်​တဲ့​ အရှင်၊ ဂုဏ်​တက်​စေ​တဲ့​အရှင် ရှိ​တယ်။ ၅၁  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း​ပြော​မယ်။ ကျွန်​တော့်​စကား​ကို လိုက်​နာ​သူ​ဟာ သေခြင်း​ကို ဘယ်​တော့​မှ မြင်​တွေ့​ရ​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၅၂  အဲဒီ​အခါ  ဂျူး​တွေ​က “အခု ကျုပ်​တို့​သိ​ပြီ။ ခင်​ဗျား နတ်​ဆိုး​ပူး​နေ​တာ​ပဲ။ အာဗြဟံ​ရော ပရော​ဖက်​တွေ​ပါ သေဆုံး​ကုန်​ပြီ။ ‘ကျွန်​တော့်​စ​ကား​ကို လိုက်​နာ​တဲ့​သူ​ဟာ သေခြင်း​ကို ဘယ်​တော့​မှ ကြုံ​တွေ့​ရ​မှာ မဟုတ်​ဘူး’ လို့ ခင်​ဗျား​ပြော​နေ​ပါ​လား။ ၅၃  ခင်​ဗျား​က ဘိုး​ဘေး​အာဗြဟံ​ထက် ပို​ကြီးမြတ်လို့​လား။ သူ သေဆုံး​သွား​ပြီ။ ပရော​ဖက်​တွေ​လည်း သေဆုံး​သွား​ကြ​ပြီ။ ခင်​ဗျား​က ကိုယ့်​ကိုယ်​ကိုယ် ဘယ်​သူ​များ မှတ်​နေ​လဲ”  လို့​ပြော​တော့၊ ၅၄  ယေရှု​က  “ကိုယ့်​ကိုယ်​ကိုယ်  ဂုဏ်​တက်​အောင်​သာ လုပ်​နေ​ရင် ကျွန်​တော့်​ဂုဏ်​အသရေ​ဟာ အချည်း​နှီး​ပဲ။ ကျွန်​တော့်​ကို ဂုဏ်​တက်​အောင် လုပ်​တဲ့​သူ​က​တော့ ကျွန်​တော့်ရဲ့​အဖပဲ။+ ကျုပ်​တို့​ရဲ့ ဘု​ရား​သခင်​ပါ​လို့ ခင်​ဗျား​တို့​ပြော​နေ​တဲ့ အရှင်​ပဲ​လေ။ ၅၅  အဲဒီ​အရှင်​ကို ခင်​ဗျား​တို့ မသိ​ပေမဲ့+  ကျွန်​တော်​က​တော့  သိ​တယ်။+ မသိ​ဘူး​လို့ ကျွန်​တော်​ပြော​လိုက်​ရင် ခင်ဗျား​တို့​လို လူ​လိမ်​ဖြစ်​သွား​လိမ့်​မယ်။ ကျွန်​တော် အဲဒီ​အရှင်​ကို တကယ်​သိ​တယ်။ သူ့​စကား​ကို​လည်း လိုက်​နာ​တယ်။ ၅၆  ခင်​ဗျား​တို့​ရဲ့​ဘိုး​ဘေး အာဗြဟံ​က ကျွန်​တော်​လာ​မယ့်​နေ့​ကို မြင်​ရ​ဖို့ မျှော်​လင့်​ပြီး သိပ်​ပျော်ခဲ့​တာ။ သူ မြင်​ခဲ့ရ​တယ်၊ ပျော်​လည်း​ပျော်ခဲ့​တယ်”+ လို့​ပြော​တယ်။ ၅၇  “အ​သက် ၅၀ တောင် မရှိ​သေး​ဘဲ​နဲ့ အာဗြဟံ​ကို ခင်​ဗျား မြင်​ဖူးတယ်​ပေါ့” လို့ ဂျူး​တွေ​မေး​တော့၊ ၅၈  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊  အမှန်​အတိုင်း​ပြော​မယ်။ အာဗြဟံ မမွေး​ခင်​က​တည်း​က ကျွန်​တော်​ရှိ​နေ​ပြီ”+  လို့​ပြော​တယ်။ ၅၉  အဲ​ဒီ​အခါ သူတို့ ကျောက်​ခဲ​တွေ​ကောက်​ပြီး ပေါက်​မယ်​လုပ်​တော့ ယေရှု​က ပုန်း​ရှောင်​ပြီး ဗိမာန်​တော်​က​နေ ထွက်​သွား​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “လိင်​အကျင့်​ယို​ယွင်း​ပြီး။” ခက်​ဆစ် ‘ပေါ်​နီ​ယာ’ ကို​ကြည့်။