၂ တိမောသေ ၂:၁-၂၆

  • အရည်​အချင်း​ရှိ​သူ​တွေ​ကို တ​ရား​စ​ကား အပ်နှင်း (၁-၇)

  • သတင်း​ကောင်း​အတွက် ဆက်​ပြီး​ခံ​ရပ်​သွား (၈-၁၃)

  • တ​ရား​စ​ကား​ကို ပိုင်​ပိုင်​နိုင်​နိုင် သွန်​သင် (၁၄-၁၉)

  • လူ​ငယ်​တွေ​မှာ​ဖြစ်​တတ်​တဲ့ အလို​ဆန္ဒတွေ​ကို ဝေးဝေး​ရှောင် (၂၀-၂၂)

  • အတိုက်​အခံ​လုပ်​သူ​တွေ​ကို ပြု​မူ​ဆက်​ဆံ​သင့်​ပုံ (၂၃-၂၆)

 ငါ့​သား၊+ ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ရှိ​ခြင်း​ကြောင့် ရ​လာ​တဲ့ မဟာ​က​ရု​ဏာ​အား​ဖြင့် ကိုယ့်​ကိုယ်​ကိုယ် ကြံ့​ခိုင်​နေ​အောင် လုပ်​ပါ။ ၂  ငါ့​ဆီ​က​နေ မင်း​ကိုယ်​တိုင်​ရော လူ​အတော်​များ​များ​ပါ ကြား​သိ​ခဲ့ရ​တဲ့​အရာတွေ​ကို+ သစ္စာ​ရှိ​အမျိုး​သား​တွေ​ဆီ အပ်​နှင်း​ပါ။ ဒါ​မှ တ​ခြား​သူ​တွေ​ကို သွန်​သင်​ပေး​ဖို့ သူ​တို့ အရည်​အချင်း​ရှိ​လာ​လိမ့်​မယ်။ ၃  ခ​ရစ်​တော်​ယေရှု​ရဲ့ စစ်​သား​ကောင်း​တစ်​ဦး​အနေ​နဲ့+ ဆင်း​ရဲ​ဒုက္ခ​ခံ​ဖို့ အသင့်​ရှိ​ပါ။+ ၄  စစ်​မှု​ထမ်း​နေ​တဲ့​သူ​က စီး​ပွား​ရေး​လုပ်​ငန်း​တွေ​မှာ* ပါ​ဝင်​မှာ​မဟုတ်​ဘူး။ စစ်​သည်​အဖြစ် စာ​ရင်းသွင်း​ပေး​တဲ့​သူ​ကို စိတ်​ကျေ​နပ်​စေ​ချင်​တာ​ကိုး။ ၅  ပြိုင်​ပွဲ​ဝင်​တဲ့​သူ​က​လည်း စည်း​မျဉ်း​အတိုင်း မယှဉ်​ပြိုင်​ရင် သရဖူ​ ဆောင်း​ရ​မှာ မဟုတ်​ဘူး။+ ၆  ဝီ​ရိ​ယ​ရှိ​တဲ့ လယ်​သမား​ဟာ လယ်​ထွက်​သီး​နှံ​တွေ​ကို ဦး​ဆုံး စား​သုံး​ရ​မှာ​ပဲ။ ၇  ငါ​ပြော​နေ​တာ​တွေ​ကို အမြဲ စဉ်း​စား​ဆင်​ခြင်​ပါ။ ဘု​ရား​သခင်​က မင်း​ကို အရာရာ သိ​နား​လည်​နိုင်​စွမ်း ပေး​လိမ့်​မယ်။ ၈  ဒါ​ဝိဒ်ရဲ့​မျိုး​နွယ်​ဖြစ်​တဲ့+  ယေရှု​ခရစ်​ဟာ  သေရာ​က​နေ အသက်​ပြန်​ရှင်​ခဲ့​ပြီဆို​တာ+  သတိ​ရ​ပါ။  အဲ​ဒီ​သတင်း​ကောင်း​ကို ငါ​ဟော​နေ​တယ်။+ ၉  အဲဒီ​သတင်း​ကောင်း​ကြောင့် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ပြီး  ရာ​ဇ​ဝတ်​သား​တစ်​ယောက်​လို အကျဉ်း​ကျ​နေ​တယ်။+ ဒါ​ပေမဲ့ ဘုရား​သခင်​ရဲ့  တ​ရား​စ​ကား​ကို​တော့ ချုပ်​နှောင်​လို့ မရ​ပါ​ဘူး။+ ၁၀  ဘု​ရား​သခင် ရွေး​ချယ်​သူ​တွေရဲ့ အကျိုး​အ​တွက်​ အရာရာ​ကို ငါ​ခံ​ရပ်​နေ​မှာ​ပဲ။+ ဒါ​မှ သူ​တို့​လည်း ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​လာ​ပြီး ကယ်​တင်​ခြင်း ရ​နိုင်​လိမ့်​မယ်၊ ထာ​ဝ​ရ​ဘုန်း​အသရေ​ကို ခံ​စား​နိုင်​လိမ့်​မယ်။ ၁၁  ခ​ရစ်​တော်​နဲ့​အတူ သေဆုံး​တယ်​ဆို​ရင် ခ​ရစ်​တော်​နဲ့​အတူ အသက်​ရှင်​မယ်​ဆို​တဲ့​စ​ကား​ဟာ မှန်​ကန်​တယ်။+ ၁၂  ငါ​တို့ ဆက်​ပြီး​ခံ​ရပ်​မယ်​ဆို​ရင် ခ​ရစ်​တော်​နဲ့​အတူ ဘုရင်​တွေ​အဖြစ် အုပ်​စိုး​ရ​လိမ့်​မယ်။+ ခ​ရစ်​တော်​ကို ငြင်း​ပယ်​ရင်​တော့ ငါ​တို့​ကို​လည်း သူ​ငြင်း​ပယ်​မှာ​ပဲ။+ ၁၃  ငါ​တို့ သစ္စာ​မရှိ​ဘူး​ဆို​ရင်​လည်း ဘု​ရား​သခင်​က​တော့ သစ္စာ​ရှိ​တယ်။ ဘု​ရား​သခင်​က မိမိ​စံ​နှုန်း​ကို ဆန့်​ကျင်​ပြီး မလုပ်​ဘူး။* ၁၄  ဒါ​တွေ​နဲ့​ပတ်​သက်​ပြီး သူ​တို့​ကို မပြတ်​သတိ​ပေး​နေ​ပါ။  အကျိုး​မရှိ​ရုံ​သာ​မက ကြား​နာ​သူ​တွေ​ကို အကျိုး​ယုတ်​စေ​တဲ့ စ​ကား​တွေ​နဲ့​ပတ်​သက်​ပြီး မငြင်း​ခုံကြ​ဖို့ ဘု​ရား​သခင်​ရှေ့​မှာ သူ​တို့​ကို ညွှန်​ကြား​ပါ။ ၁၅  ဘု​ရား​သခင် နှစ်​သက်​သူ​အဖြစ်၊ ကိုယ်​လုပ်​ဆောင်​ခဲ့ရာတွေ​အတွက် ရှက်​စ​ရာ​အကြောင်း​မရှိ​တဲ့ လုပ်​သား​အဖြစ်၊ အမှန်​တ​ရား​နဲ့​ဆိုင်​တဲ့ တ​ရား​စ​ကား​ကို   ပိုင်​ပိုင်​နိုင်​နိုင် သွန်​သင်​ရှင်း​ပြနိုင်​သူ​အဖြစ်  ကိုယ့်​ကိုယ်​ကိုယ် ဆက်​သနိုင်​ဖို့ အစွမ်း​ကုန်​ကြိုး​စား​ပါ။+ ၁၆  သန့်​ရှင်း​မြင့်မြတ်ရာ​ကို စော်​ကား​တဲ့ အချည်း​နှီး​စ​ကား​တွေ​ကို နား​မထောင်​ပါ​နဲ့။+ အဲ​ဒီ​စ​ကား​တွေ​ဟာ ဘု​ရား​တ​ရား​မဲ့​တဲ့​အဖြစ်​ကို ပို​ပြီး ဦး​တည်​စေ​လို့​ပဲ။ ၁၇  အဲ​ဒီ​စ​ကား​တွေ​ဟာ အသား​ကို​လှိုက်​စား​တဲ့ ခူ​နာ​လို​ပဲ။ အဲ​ဒီ​လို​ပြော​တဲ့​သူ​တွေ​ထဲ​မှာ ဟု​မေနဲ​နဲ့ ဖိလက်​ပါ​တယ်။+ ၁၈  အဲ​ဒီ​လူ​တွေ​က ရှင်​ပြန်​ထ​မြောက်​ခြင်း ဖြစ်​နှင့်​နေ​ပြီလို့+ ပြော​ပြီး အမှန်​တ​ရား​လမ်း​က​နေ ကိုယ်​တိုင်​သွေ​ဖည်​သွား​ရုံ​မက လူ​တ​ချို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို​ပါ ပျက်​စီး​အောင် လုပ်​နေ​ကြ​ပြီ။ ၁၉  ဒါ​ပေမဲ့  ဘု​ရား​သခင်​ချ​ထား​တဲ့ အုတ်​မြစ်​က​တော့ အခိုင်​အမာ​တည်​နေ​ပြီ။ အဲ​ဒီ​အုတ်​မြစ်​ပေါ်​မှာ “ယေဟောဝါ* ဘု​ရား​က မိမိ​ရဲ့​လူ ဘယ်​သူ​လဲ​ဆို​တာ သိ​တယ်၊”+ “ယေဟောဝါ* ဘုရား​ရဲ့ နာ​မည်​ကို​ခေါ်​ပြီး+ ဆု​တောင်း​သူ​တိုင်း မတ​ရား​မှု​ကို စွန့်​လွှတ်​ပါ​စေ” ဆို​ပြီး က​မ္ပည်း​ထိုး​ထား​တယ်။ ၂၀  အိမ်​ကြီး​တစ်​လုံး​မှာ ရွှေ​အိုး၊ ငွေ​အိုး​တွေ​သာ​မက သစ်​သား​အိုး၊ မြေအိုး​တွေ​လည်း  ရှိ​တယ်။  အိုး​တ​ချို့​ကို အသရေ​ရှိ​တဲ့​နေ​ရာ​မှာ သုံး​တယ်၊ တ​ချို့​ကို​ အသရေ​မရှိ​တဲ့​နေ​ရာ​မှာ သုံး​တယ်။ ၂၁  အသရေ​မရှိ​တဲ့​အိုး​တွေ​နဲ့ ကင်း​ကင်း​နေ​တဲ့​သူ​ဟာ သီး​သန့်​ဖယ်​ထား​သူ၊ ပိုင်​ရှင်​အတွက် အသုံး​ဝင်​သူ၊ ကောင်း​မှု​အမျိုး​မျိုး​အတွက် အသင့်​ရှိ​သူ ဖြစ်​တယ်။ သူ့​ကို အသရေ​ရှိ​တဲ့​နေ​ရာ​မှာ သုံး​တယ်။ ၂၂  ဒါ​ကြောင့် လူ​ငယ်​တွေ​မှာ​ဖြစ်​တတ်​တဲ့ အလို​ဆန္ဒတွေ​ကို ဝေး​ဝေး​ရှောင်​ပါ။ ဖြူ​စင်​တဲ့​နှ​လုံး​သား​ရှိ​ပြီး​ ဘု​ရား​သခင်​ကို ယုံ​ကြည်​ကိုး​စား​သူ​တွေ​နဲ့​အတူ ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ ငြိမ်​သက်​ခြင်း​ရှိ​နိုင်​ဖို့ အမြဲ ကြိုး​စား​ပါ။ ၂၃  ဒါ့​အပြင် မိုက်​မဲ​ပြီး အဓိပ္ပာယ်​မရှိ​တဲ့ စ​ကား​တွေ​နဲ့ အပြန်​အလှန် ငြင်း​ခုံ​နေ​တာ​က+ ခိုက်​ရန်​ဖြစ်​စေ​တယ်​ဆို​တာ​ကို သိ​မှတ်​ပြီး အဲ​ဒါ​ကို ငြင်း​ပယ်​ပါ။ ၂၄  ဘု​ရား​သခင်​ရဲ့​ကျွန်​ဟာ ခိုက်​ရန်​ဖြစ်​စ​ရာ မလို​ဘူး။ လူ​အား​လုံး​နဲ့ ပြော​ဆို​ဆက်​ဆံ​တဲ့​အခါ သိမ်​မွေ့​တဲ့​သူ၊*+ သွန်​သင်​နိုင်​စွမ်း​ရှိ​သူ၊ သူ​တစ်​ပါး​ရဲ့​အမှား​ကို သည်း​ခံ​နိုင်​သူ၊+ ၂၅  သဘော​ချင်း​မတူ​တဲ့​သူ​ကို နူး​ညံ့​သိမ်​မွေ့​စွာ သွန်​သင်​ပေး​သူ ဖြစ်​ရ​မယ်။+ သူ​တို့ နောင်​တ​ရ​ပြီး* အမှန်​တ​ရား​နဲ့​ဆိုင်​တဲ့ တိ​ကျ​မှန်​ကန်​တဲ့ အသိ​ပညာ သိ​ရှိ​လာ​အောင် ဘု​ရား​သခင် အခွင့်​အရေး​ပေး​တာ ဖြစ်​ကောင်း​ဖြစ်​လိမ့်​မယ်။+ ၂၆  ဒီ​လို​နဲ့ သူ​တို့​တွေ အသိ​တ​ရား ရ​လာ​ပြီး မာရ်​နတ်​ထောင်​ထား​တဲ့ ကျော့​ကွင်း​က​နေ လွတ်​ကောင်း​လွတ်​နိုင်​လိမ့်​မယ်။ မာရ်​နတ်​က မိမိ​အလို​အတိုင်း လိုက်​လုပ်​ဖို့ သူ​တို့​ကို အရှင်​လတ်​လတ် ဖမ်း​ဆီး​ထား​တာ။+

အောက်ခြေမှတ်ချက်များ

“နေ့​စဉ်​လုပ်​ငန်း​ဆောင်​တာ​တွေ​မှာ” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “မိမိ​ကိုယ်​ကို မငြင်း​နိုင်​ဘူး။”
ဒါ​မှ​မဟုတ်၊ “လိမ္မာ​ပါး​နပ်​တဲ့​သူ။”
ဒါ​မှ​မဟုတ်၊ “သဘော​ထား​ပြောင်း​ပြီး။”