မဿဲ ၂၀:၁-၃၄

  • စ​ပျစ်​ခြံ​လုပ်​သား​တွေ လုပ်​ခ​တန်း​တူ​ရ (၁-၁၆)

  • ယေရှု သေဆုံးမ​ယ့်​အကြောင်း ထပ်​မံ​ကြိုပြော (၁၇-၁၉)

  • နိုင်​ငံ​တော်​မှာ ရာ​ထူး​ရ​ဖို့ တောင်း​ဆို​ကြ (၂၀-၂၈)

    • လူ​အများ​အတွက် ရွေး​ဖိုး​ဖြစ်​တဲ့ ယေရှု (၂၈)

  • မျက်​မမြင်​နှစ်​ယောက်​ကို ကု​သပေး (၂၉-၃၄)

၂၀  “ကောင်း​ကင်​နိုင်​ငံ​ဟာ လုပ်​သား​တွေ​ကို ငှား​ဖို့ မနက်​စော​စော ထွက်​သွား​တဲ့ စ​ပျစ်​ခြံ​ပိုင်​ရှင်​နဲ့ တူ​တယ်။+ ၂  သူ​က လုပ်​သား​တွေ​ကို တစ်​နေ့ ဒေ​နာ​ရိ* တစ်​ပြား ပေး​မယ်​လို့ သဘော​တူ​ပြီး​နောက် စ​ပျစ်​ခြံ​ဆီ လွှတ်​လိုက်​တယ်။ ၃  အဲဒီ​နောက် မနက် ၉ နာ​ရီ* လောက်​မှာ ပြန်​ထွက်​သွား​ပြီး အလုပ်​မရှိ​ဘဲ စျေး​မှာ ရပ်​နေ​သူ​တွေ​ကို တွေ့​တဲ့​အခါ၊ ၄  ‘ခင်​ဗျား​တို့​လည်း ကျွန်​တော့်​စ​ပျစ်​ခြံ​ကို သွား​ကြ။ ထိုက်​သင့်​တဲ့ အခ​ကို ပေး​မယ်’ လို့ ပြော​တယ်။ ၅  သူတို့​လည်း သွား​ကြ​တယ်။ စ​ပျစ်​ခြံ​ပိုင်​ရှင်​က နေ့​လယ် ၁၂ နာ​ရီ* နဲ့ ည​နေ ၃ နာ​ရီ* လောက်​မှာ ပြန်​ထွက်​သွား​ပြီး အရင်​လို​ပဲ လူ​တွေ​ကို ဖိတ်​ခေါ်​တယ်။ ၆  ည​နေ ၅ နာ​ရီ* လောက်​မှာ ပြန်​ထွက်​သွား​ပြီး ရပ်​နေ​တဲ့​လူ​တွေ​ကို တွေ့​တဲ့​အခါ ‘တစ်​နေ​ကုန် အလုပ်​မလုပ်​ဘဲ ဒီ​မှာ ဘာ​လို့ ရပ်​နေ​ကြ​တာ​လဲ’ လို့ မေး​တယ်။ ၇  ‘ကျွန်​တော်​တို့​ကို ငှား​မယ့်​သူ မရှိ​လို့​ပါ’ ဆို​ပြီး ဖြေကြ​တဲ့​အခါ ‘ကျွန်​တော့်​စ​ပျစ်​ခြံ​မှာ သွား​အလုပ်​လုပ်​ပါ’ လို့ ပြော​လိုက်​တယ်။ ၈  “ည​နေ​စောင်း​တော့ စ​ပျစ်​ခြံ​ပိုင်​ရှင်​က ‘လုပ်​သား​တွေ​ကို ခေါ်​လာခဲ့။ နောက်​ဆုံး ဝင်​လာ​သူ​တွေ​က​နေ စ​ပြီး အရင်​ဆုံး ဝင်​လာ​သူ​တွေ​အထိ လုပ်​ခ​ကို ပေး​လိုက်’+ လို့ ခြံ​တာဝန်​ခံ​ကို မှာ​တယ်။ ၉  ည​နေ ၅ နာ​ရီ* ကျ​မှ အလုပ်​ဝင်​သူ​တွေ​က လာ​ပြီး ဒေ​နာ​ရိ​တစ်​ပြား​စီ ရ​ကြ​တယ်။ ၁၀  အရင်​ဆုံး​အလုပ်​ဝင်​သူ​တွေ လာ​တဲ့​အခါ လုပ်​ခ ပို​ရ​မှာ​ပဲ​လို့ ထင်​ပေမဲ့ ဒေ​နာ​ရိ​တစ်​ပြား​စီ​ပဲ ရ​ကြ​တယ်။ ၁၁  သူတို့​က လုပ်​ခ​လည်း ရရော ခြံ​ပိုင်​ရှင်​ကို၊ ၁၂  ‘ဒီ​လူ​တွေ​ဟာ နောက်​ဆုံး​မှ ရောက်​လာ​ပြီး တစ်​နာ​ရီ​လေး​ပဲ အလုပ်​လုပ်​ပေမဲ့ နေ​ပူ​ကျဲ​ကျဲ​မှာ တစ်​နေ​ကုန် ပင်​ပင်​ပန်း​ပန်း လုပ်​ရ​တဲ့ ကျွန်​တော်​တို့​နဲ့ တန်း​တူ လုပ်​ခ ပေး​ရ​ကောင်း​လား’ လို့ မကျေ​မနပ် ပြော​ကြ​တယ်။ ၁၃  ဒါ​ပေမဲ့ ခြံ​ပိုင်​ရှင်​က သူတို့​ထဲ​က တစ်​ယောက်​ကို ‘ဒီ​မှာ၊ ကျွန်​တော် မတ​ရား မလုပ်​ဘူး။ လုပ်​ခ​က ဒေ​နာ​ရိ​တစ်​ပြား​ဆို​ပြီး ကျွန်​တော်​တို့ သဘော​တူ​ထား​တယ် မဟုတ်​လား။+ ၁၄  ခင်​ဗျားရဲ့ လုပ်​ခ​ကို ယူ​ပြီး ပြန်​ပါ​တော့။ နောက်​ဆုံး ဝင်​လာ​သူ​တွေ​ကို​လည်း ခင်​ဗျား​ကို ပေး​သလောက် ပေး​ချင်​တယ်။ ၁၅  ကိုယ့်​ငွေ​ကို ကိုယ်​ကြိုက်​သလို လုပ်​ခွင့်​မရှိ​ဘူး​လား။ ကျွန်​တော် သဘော​ကောင်း​တာ​ကို ခင်​ဗျား မနာ​လို ဖြစ်​စ​ရာ​လား’+ လို့ ပြော​လိုက်​တယ်။ ၁၆  အဲဒီ​လို​ပဲ နောက်​ဆုံး​က လူ​တွေ ရှေ့​ဆုံး​ကို ရောက်​လိမ့်​မယ်။ ရှေ့​ဆုံး​က လူ​တွေ​လည်း နောက်​ဆုံး​ကို ရောက်​လိမ့်​မယ်။”+ ၁၇  ဂျေရု​ဆ​လင်​မြို့​ကို တက်​သွား​တဲ့ လမ်း​မှာ ယေရှု​က တ​ပည့် ၁၂ ယောက်​ကို​ပဲ ခေါ်​ပြီး၊+ ၁၈  “အခု ကျွန်​တော်​တို့ ဂျေရု​ဆ​လင်​မြို့​ကို သွား​နေ​တာ။ လူ​သား​ကို ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ​လက်​ထဲ အပ်​လိမ့်​မယ်။ သူတို့ သေဒဏ်​စီ​ရင်​ကြ​လိမ့်​မယ်။+ ၁၉  လူ​သား​ကို လူမျိုး​ခြား​တွေ​လက်​ထဲ အပ်​တဲ့​အတွက် လှောင်​ပြောင်​ရိုက်​နှက်၊ သစ်​တိုင်​ပေါ် တင်​ပြီး သတ်​ကြ​လိမ့်​မယ်။+ အဲဒီ​နောက် သုံး​ရက်​မြောက်​နေ့​မှာ အသက်​ပြန်​ရှင်​လာ​မယ်”+ လို့ ပြော​ပြတယ်။ ၂၀  ဇေဗေဒဲရဲ့ ဇနီး​ဟာ+ ယေရှု​ဆီ​မှာ တောင်း​ဆို​စ​ရာ ရှိ​တဲ့​အတွက် သား​နှစ်​ယောက်​နဲ့​အတူ လာ​ပြီး​ဦး​ညွှတ်​တယ်။+ ၂၁  ယေရှု​က “ဘာ​လို​ချင်​သလဲ” လို့ မေး​တော့ “သခင့်​နိုင်​ငံ​မှာ ကျွန်​မရဲ့ သား​နှစ်​ယောက်​ကို ဘယ်​ဘက်​မှာ တစ်​ယောက်၊ ညာ​ဘက်​မှာ တစ်​ယောက် ထိုင်​ခွင့်​ပေး​ပါ”+ လို့ တောင်း​ဆို​တယ်။ ၂၂  ဒါ​နဲ့ ယေရှု​က “ခင်​ဗျား​တို့ ဘာ​တောင်း​နေ​မှန်း ခင်​ဗျား​တို့ မသိ​ဘူး။ ကျွန်​တော် သောက်​မယ့်​ခွက်​ကို* သောက်​နိုင်​လို့​လား”+ ဆို​ပြီး မေး​တော့ “သောက်​နိုင်​ပါ​တယ်” လို့ သူတို့ ဖြေတယ်။ ၂၃  ယေ​ရှု​က “ကျွန်​တော် သောက်​မယ့် ခွက်​ကို ခင်​ဗျား​တို့ သောက်​ရ​မှာ​ပေါ့။+ ဒါ​ပေမဲ့ ကျွန်​တော့်ရဲ့ ဘယ်​ညာ​နှစ်​ဖက်​မှာ ဘယ်​သူ​တွေ ထိုင်​ရ​မယ်​ဆို​တာ​ကို ကျွန်​တော် ဆုံး​ဖြတ်​ပိုင်​ခွင့် မရှိ​ဘူး။ အဖဘုရား​ပဲ ဆုံး​ဖြတ်​လိမ့်​မယ်”+ လို့ ပြော​တယ်။ ၂၄  အဲဒီ​အကြောင်း​ကို ကျန်​တဲ့ တ​ပည့်​ဆယ်​ယောက် ကြား​တဲ့​အခါ ညီအစ်​ကို​နှစ်​ယောက်​ကို စိတ်​ဆိုး​တယ်။+ ၂၅  ယေရှု​က သူတို့​ကို ခေါ်​ပြီး “လော​က​အုပ်​စိုး​ရှင်​တွေ​ဟာ နိုင်​ထက်​စီး​နင်း လုပ်​တတ်​မှန်း၊ ခေါင်း​ဆောင်​တွေ​လည်း အာ​ဏာ​ပြတတ်​မှန်း ခင်​ဗျား​တို့ အသိ​ပဲ။+ ၂၆  ခင်​ဗျား​တို့​က​တော့ အဲဒီ​လို​မဖြစ်​ရ​ဘူး။+ ကြီးမြတ်​ချင်​သူ​တိုင်း အစေ​ခံ ဖြစ်​ရ​မယ်။+ ၂၇  ပထ​မနေ​ရာ ရ​ချင်​သူ​တိုင်း ကျွန် ဖြစ်​ရ​မယ်။+ ၂၈  လူ​သား​လည်း သူ​တစ်ပါး​ကို စေ​ခိုင်း​ဖို့ လာ​တာ မဟုတ်​ဘူး။ သူ​တစ်ပါး အစေ​ကို ခံ​ပြီး+ လူ​အများ​အတွက် ရွေး​ဖိုး​အဖြစ် အသက်​ကို ပေး​ဖို့ ရောက်​လာ​တာ”+ လို့ ပြော​တယ်။ ၂၉  ယေ​ရိ​ခေါ​မြို့​က​နေ ထွက်သွား​ချိန်​မှာ လူ​တွေ​က ယေရှု​နောက်​က​နေ အုပ်​လိုက်​ကြီး ပါ​လာ​တယ်။ ၃၀  လမ်း​ဘေး​မှာ ထိုင်​နေ​တဲ့ မျက်​မမြင်​နှစ်​ယောက်​က ယေရှု ဖြတ်​သွား​တာ​ကို ကြား​တဲ့​အခါ “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်​တော်​တို့​ကို သနား​ပါ​ဦး”+ လို့ အော်​ကြ​တယ်။ ၃၁  လူ​အုပ်​က သူတို့​ကို တိတ်​တိတ်​နေ​ဖို့ တား​ပေမဲ့ “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်​တော်​တို့​ကို သနား​ပါ​ဦး” ဆို​ပြီး ပို​လို့​တောင် အော်​ကြ​တယ်။ ၃၂  ယေရှု​က ရပ်​လိုက်​ပြီး “ခင်​ဗျား​တို့​ကို ဘာ​လုပ်​ပေး​စေ​ချင်​သလဲ” လို့ ခေါ်​မေး​တဲ့​အခါ၊ ၃၃  “သခင်၊ ကျွန်​တော်​တို့​ကို မျက်​စိ​မြင်​အောင် လုပ်​ပေး​ပါ​လား” လို့ အသနား​ခံ​တယ်။ ၃၄  အဲဒီ​အခါ ယေရှု​ဟာ သနား​စိတ် ယို​ဖိတ်​လာ​တဲ့​အတွက် သူတို့​ရဲ့ မျက်​စိ​ကို တို့​ထိ​လိုက်​တဲ့​အခါ+ ချက်​ချင်း မျက်​စိ​ပြန်​မြင်​လာ​ပြီး ယေရှု​နောက်​ကို လိုက်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၃ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၁၁ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၁၁ ချက်​တီး။”
ဘု​ရား​ကို စော်​ကား​ပြော​ဆို​သူ​ဆို​တဲ့ စွဲ​ချက်​နဲ့ ယေရှု​သေဆုံး​ဖို့ ဘု​ရား​အလို​ရှိ​တာ​ကို ဆိုလို။