မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

ဆင်းရဲဒုက္ခ

ဆင်းရဲဒုက္ခ

ဘုရားသခင်က လူတွေကို ဒုက္ခရောက်စေတယ်ဆိုပြီး လူတချို့ ထင်တယ်၊ ကိုယ်တော်က လူတွေရဲ့ဒုက္ခကို စိတ်မဝင်စားဘူးလို့လည်း ယူမှတ်ကြတယ်။ အဲဒီလို သမ္မာကျမ်းစာ သွန်သင်သလား။ ကျမ်းစာအဖြေတွေကြောင့် အံ့အားသင့်သွားပါလိမ့်မယ်။

ဘုရားသခင်က လူတွေကို ဒုက္ခရောက်စေသလား။

‘ဘုရားသခင်က ဆိုးညစ်တာကို မလုပ်ဘူး။’—ယောဘ ၃၄:၁၂ကဘ။

လူအများပြောဆိုရာ

ဖြစ်ပျက်သမျှအားလုံးက ဘုရားသခင့် အလိုတော်ပါပဲ ဆိုပြီး တချို့ပြောကြတယ်။ ဘုရားသခင်က လူတွေကို ဒုက္ခရောက်အောင် လုပ်တယ်လို့ ယူမှတ် ကြတယ်။ ဥပမာ၊ သဘာဝဘေးတွေ ကျရောက်တာက အပြစ်များတဲ့သူတွေကို ဘုရားသခင် အပြစ်ပေး၊ ဒဏ်ခတ်တာလို့ ထင်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ဘုရားသခင်က လူတွေကို ဒုက္ခရောက်အောင် မလုပ်ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလေး ဖော်ပြထားတယ်။ ဥပမာ၊ ကျွန်တော်တို့ စမ်းသပ်ခံရတဲ့အခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်တယ်’ ဆိုပြီး ပြောတာက မှားတယ်။ ဘာကြောင့်လဲ။ “မကောင်းသောအမှုများနှင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတာကြောင့်ပါ။ (ယာကုပ် ၁:၁၃) နောက်တစ်မျိုးပြောရရင် လူတွေရင်ဆိုင်နေရတဲ့ စမ်းသပ်မှု၊ ဆင်းရဲဒုက္ခတွေဟာ ဘုရားသခင်ကြောင့်ဖြစ်တာ မဟုတ်ဘူး။ ဆိုးညစ်တဲ့သူတွေပဲ လူတွေကို ဒုက္ခပေးတတ်တယ်၊ ဒါပေမဲ့ ‘ဘုရားသခင်က ဆိုးညစ်တာကို မလုပ်ဘူး။’—ယောဘ ၃၄:၁၂ကဘ။

ဘုရားသခင်က လူတွေကို ဒုက္ခရောက်စေတာမဟုတ်ဘူးဆိုရင် ဘယ်သူ ဒါမှမဟုတ် ဘာက ဒုက္ခရောက်စေတာလဲ။ လူတွေဟာ နိုင်လိုမင်းထက် လုပ်တဲ့လူတွေကြောင့် ဒုက္ခရောက်တာရှိတယ်။ (ဒေသနာ ၈:၉) မရှိသင့်တဲ့အချိန်၊ မရှိသင့်တဲ့နေရာမှာ ရှိနေတာကြောင့်လည်း ဒုက္ခရောက်ရတယ်။ (ဒေသနာ ၉:၁၁) “တစ်လောကလုံးသည် ဆိုးညစ်သောသူ၏ဩဇာအောက်တွင် ရှိနေ” တယ်၊ ဒါကြောင့် လူတွေ ဒုက္ခရောက်ရတာဟာ “ဤလောကကို အစိုးရသောမင်း” စာတန် မာရ်နတ်ကြောင့် ဆိုပြီး ကျမ်းစာက ဖော်ပြတယ်။ (ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉) လူတွေကို ဒုက္ခရောက်စေတာက စာတန် မာရ်နတ်ပါ၊ ဘုရားသခင် မဟုတ်ပါဘူး။

လူတွေ ဒုက္ခရောက်နေတာကို ဘုရားသခင် သိရဲ့လား။

‘သူတို့ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ ကိုယ်တော်လည်း ဒုက္ခခံစားခဲ့ရတယ်။’ ဟေရှာယ ၆၃:၉ကဘ။

လူအများပြောဆိုရာ

လူတွေ ခံစားနေရတဲ့ ဒုက္ခကို ဘုရားသခင်မသိပါဘူးလို့ တချို့ ယူမှတ်ကြတယ်။ ဥပမာ၊ “ဒုက္ခရောက်နေတဲ့လူတွေကို ဘုရားသခင် မသနားတတ်ဘူး” ဆိုပြီး စာရေးဆရာတစ်ယောက်က ရေးသားဖော်ပြခဲ့တယ်။ ဘုရားသခင် ရှိတယ်ဆိုရင် လူတွေကို “သနားစာနာစိတ်မရှိဘဲ” ကြည့်နေတာပဲဖြစ်ရမယ်လို့ အဲဒီစာရေးဆရာ ထောက်ပြတယ်။

သမ္မာကျမ်းစာပြောဆိုရာ

သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ကို သနားစာနာစိတ်မရှိတဲ့၊ ခံစားချက်မရှိတဲ့ပုဂ္ဂိုလ်အဖြစ် သရုပ်ဖော်ဖို့ နေနေသာသာ ကိုယ်တော်က ဆင်းရဲဒုက္ခတွေကို ပပျောက်သွားအောင်လုပ်ပေးမယ် ဆိုပြီး ဖော်ပြထားတယ်။ ကျမ်းစာပါ နှစ်သိမ့်မှုပေးတဲ့ အမှန်တရားသုံးခုကို လေ့လာကြည့်ပါ။

ဘုရားသခင်က လူတွေခံစားနေရတဲ့ဒုက္ခကို သိပါတယ်။ အရာအားလုံးကို “မျက်စိတော်ဖြင့် ကြည့်ရှု” နေတဲ့ ယေဟောဝါ *ဘုရားက လူတွေ ဒုက္ခရောက်ချိန်ကစပြီး ကျခဲ့သမျှ မျက်ရည်ပေါက်တွေကို သတိပြုမိပါတယ်။ (ဆာလံ ၁၁:၄သမ; ၅၆:၈) ဥပမာ၊ ဘုရားသခင်ကို ရှေးအချိန်ကကိုးကွယ်ခဲ့တဲ့သူတွေ ဖိနှိပ်ခံရတဲ့အခါ ဘုရားသခင်က ‘ငါ့လူတွေ ဒုက္ခရောက်နေတာကို ငါ သေချာမြင်တယ်’ လို့ပြောခဲ့တယ်။ သူတို့ခံစားနေရတဲ့ ဒုက္ခကို မြင်ရုံပဲ မြင်တာလား။ အဲဒီလို မဟုတ်ပါဘူး၊ ‘သူတို့ခံစားရတဲ့ ဝေဒနာတွေကို ငါ ကောင်းကောင်း သိတယ်’ လို့ ထပ်ပြောသေးတယ်။ (ထွက်မြောက်ရာ ၃:၇ကဘ) တခြားသူတွေမသိတဲ့၊ ကျွန်တော်တို့ခံစားနေရတဲ့အခက်အခဲတွေ၊ ဒုက္ခဝေဒနာတွေကို ဘုရားရှင်သိတယ်ဆိုတဲ့ အမှန်တရားက လူတော်တော်များများကို နှစ်သိမ့်ပေးခဲ့တယ်။—ဆာလံ ၃၁:၇; သုတ္တံ ၁၄:၁၀

လူတွေဒုက္ခခံစားရတဲ့အခါ ဘုရားသခင်လည်း ခံစားရတယ်။ ယေဟောဝါဘုရားသခင်က လူတွေခံစားရတဲ့ ဒုက္ခကို သိရုံသာမက ကိုယ်တိုင်လည်းခံစားရတယ်။ ဥပမာ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့တဲ့သူတွေ အခက်အခဲကြုံရတဲ့အခါ ကိုယ်တော်စိတ်ပူပန်ခဲ့တယ်။ ‘သူတို့ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ ကိုယ်တော်လည်း ဒုက္ခခံစားခဲ့ရတယ်’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၆၃:၉ကဘ) ဘုရားဟာ လူတွေထက် သာလွန်မြင့်မြတ်ပါတယ်၊ ဒါပေမဲ့ လူတွေဒုက္ခရောက်တဲ့အခါ ကိုယ်တိုင်ခံစားရသလို ခံစားပေးပြီး စာနာသနားတယ်။ “ယေဟောဝါဘုရားသည် အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာ” တော်မူ၏။ (ယာကုပ် ၅:၁၁) အဲဒီအပြင် ဆင်းရဲဒုက္ခတွေကို ခံနိုင်အောင် ယေဟောဝါဘုရား ကူညီပေးပါတယ်။—ဖိလိပ္ပိ ၄:၁၂၊ ၁၃

ဘုရားသခင်က ဆင်းရဲဒုက္ခအားလုံးကို ချုပ်ငြိမ်းစေပါတော့မယ်။ လူအားလုံးခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ဘုရားရှင်က ပပျောက်အောင်လုပ်ပေးတော့မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြတယ်။ ယေဟောဝါဘုရားရဲ့ ကောင်းကင်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူသားတွေရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ အဲဒီအချိန်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဒီလိုကတိပေးထားတယ်– ဘုရားသခင်သည် “သူတို့၏ မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေး မြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာဒိတ် ၂၁:၄) သေဆုံးသွားတဲ့သူတွေအတွက်ကော။ ဆင်းရဲဒုက္ခမရှိတဲ့အသက်တာကို မွေ့လျော်ခံစားနိုင်ဖို့ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားသခင်က သူတို့ကို အသက်ပြန်ရှင်စေပါလိမ့်မယ်။ (ယောဟန် ၅:၂၈၊ ၂၉) ခံစားခဲ့ရတဲ့ နာကျင်မှုဝေဒနာတွေကို မှတ်မိနေဦးမှာလား။ ‘အရင်ဖြစ်ဖူးသောအရာများကို သတိမရ၊ မှတ်မိတော့မည်မဟုတ်’ ဆိုပြီး ယေဟောဝါဘုရား ကတိပေးထားတဲ့အတွက် ခံစားခဲ့ရတဲ့ နာကျင်မှု ဝေဒနာတွေကို မှတ်မိကြတော့မှာမဟုတ်ပါဘူး။—ဟေရှာယ ၆၅:၁၇သမ္မာ။ *

^ အပိုဒ်၊ 13 ယေဟောဝါဆိုတာက သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။

^ အပိုဒ်၊ 15 ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို ဘာကြောင့်ခွင့်ပြုထားတာလဲ၊ ဘုရားသခင် ဘယ်လို ဖယ်ရှားပေးမလဲဆိုတဲ့ အကြောင်းအရာတွေကို သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ပါ အခန်း ၈ နဲ့ အခန်း ၁၁ မှာ ဖတ်ကြည့်ပါ။