မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် အမှန်ပင် ရေးသားထားရာဖြစ်

သမ္မာကျမ်းစာသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် အမှန်ပင် ရေးသားထားရာဖြစ်

သမ္မာကျမ်းစာသည် “ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထား” ရာဖြစ်ကြောင်း တမန်တော်ပေါလု ပြောဆိုခဲ့စဉ်က အဘယ်အရာကို အမှန်တကယ် သူ ဆိုလိုခဲ့ခြင်းနည်း။ (၂ တိမောသေ ၃:၁၆) ဘုရားသခင်သည် ကျမ်းရေးသူများအား မိမိရေးသားစေလိုသည့် အရာများကိုသာ ရေးသားရန် သန့်ရှင်းသော စွမ်းအားတော်ဖြင့် လမ်းညွှန်ခဲ့ကြောင်း ပေါလု ဆိုလိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျမ်းရေးသူများသည် “သန့်ရှင်းသော စွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှ စကားကို” ပြောဆိုကြသည်ဟု တမန်တော်ပေတရုက ဆိုသည်။ (၂ ပေတရု ၁:၂၁) ထို့ကြောင့် တမန်တော်ပေါလုက သမ္မာကျမ်းစာသည် ‘သန့်ရှင်းသော ကျမ်းစာစောင်များဖြစ်ပြီး ခရစ်တော်ယေရှုနှင့်ဆိုင်သော ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကို ပညာရှိစေနိုင်၏’ ဟု ဆိုခဲ့ခြင်း ဖြစ်သည်။—၂ တိမောသေ ၃:၁၅

ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အာဘော်ရှင် ဖြစ်သည် ဟူသောအချက်ကို လူအများက အပြင်းအထန် ကန့်ကွက်ကြ၏။ “မထီမဲ့မြင်ပြုခြင်းခံနေရသော သမ္မာကျမ်းစာ မှတ်တမ်း” ဟူ၍ ရှေးဟောင်းသုတေသနပညာရှင် ဆာ ချားလ်စ် မာစတန် ဖော်ပြခဲ့သည့်အတိုင်း ဝေဖန်ရေးသမားများသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ တချို့ကမူ သမ္မာကျမ်းစာသည် “ရှေးကျသော ဒဏ္ဍာရီပေါင်းချုပ်” ထက်မပိုဟုဆိုကာ အထင်သေးကြသည်။

သက်သေသာဓကကို သုံးသပ်ကြည့်ပါ

သင် တွေ့ဆုံရသူတို့ကို ယုံကြည်ကိုးစားသင့်မသင့် မည်သို့ဆုံးဖြတ်မည်နည်း

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလော။ ယင်းအချက်နှင့်ပတ်သက်၍ သင်သည် မှန်ကန်စွာ ဆုံးဖြတ်ရန် အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာတွင် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ သတင်းစကား အမှန်ပင် ပါရှိသည်ဆိုလျှင် ယင်းကို လျစ်လျူရှုခြင်းသည် မိုက်မဲရုံသာမက အသက်အန္တရာယ်ပင် ရှိနိုင်သည်။ သင်သည် သမ္မာကျမ်းစာကို ဘုရားသခင့် စကားတော်အဖြစ် မဟုတ်ဘဲ လူ့စကားအဖြစ် ရှုမြင်လျှင် သင့်လုပ်ဆောင်ချက်များကို လမ်းညွှန်ရာတွင်၊ သင့်ယုံကြည်ချက်များကို တည်ဆောက်ရာတွင် သမ္မာကျမ်းစာကို ကောင်းစွာလွှမ်းမိုးခွင့် ပြုတော့မည် မဟုတ်ပေ။—၁ သက်သာလောနိတ် ၂:၁၃

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချ၍ရမရ သင်မည်သို့ ဆုံးဖြတ်နိုင်သနည်း။ သို့ဆိုလျှင် သင်နှင့်တွေ့ဆုံသူများကို ယုံကြည်စိတ်ချ၍ရမရ သင်မည်သို့ ဆုံးဖြတ်သနည်း။ သေချာသောအရာတစ်ခု ရှိသည်။ ယင်းမှာ သင် လုံး၀မသိကျွမ်းသူတစ်ဦးကို ယုံကြည်စိတ်ချရန် အလွန်ခဲယဉ်းခြင်းဖြစ်၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ လူတို့အကြောင်း သင် ကောင်းစွာသိကျွမ်းလာသောအခါမှသာ သူတို့သည် ရိုးသား၍ ယုံကြည်စိတ်ချထိုက်သူများ ဟုတ်မဟုတ် သိလာပေမည်။ သမ္မာကျမ်းစာကိုလည်း ထိုနည်းထပ်တူ သိရှိလာနိုင်ပါသည်။ သမ္မာကျမ်းစာအပေါ် ယုံကြည်မှုလျော့နည်းစေသည့် မှန်းဆချက်များ သို့မဟုတ် ဘက်လိုက်သော ယူဆချက်များကို မမေးမြန်းမစူးစမ်းဘဲ လက်မခံပါနှင့်။ သမ္မာကျမ်းစာသည် “ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထားရာ” ဖြစ်သည်ဟူသောအဆိုကို ထောက်ခံသည့် သက်သေသာဓကကို သုံးသပ်ကြည့်ရန် အချိန်ယူပါ။

“မိတ်ဆွေများ” ၏ တိုက်ခိုက်မှု

သမ္မာကျမ်းစာ၏ မိတ်ဆွေပါဟုဆိုကြသော ကျမ်းပညာရှင်များ၊ ဘာသာရေးအကြောင်းကို ရေးသားသော စာရေးဆရာများ၊ ကျမ်းစာကို လက်ခံသယောင်ရှိသော်လည်း အမှန်အားဖြင့် ငြင်းပယ်ကြသူများ ကိုယ်တိုင်ကပင် ကျမ်းစာ၏ စစ်မှန်မှုနှင့် အားထားရမှုကို တိုက်ခိုက်ကြသည် ဟူသောအချက်ကြောင့် မထိတ်လန့်သွားပါနှင့်။ ယနေ့ ကျမ်းစာဆိုင်ရာ ဆောင်းပါးရှင်အများစုသည် ခရစ်ယာန်ပါဟု ဆိုကြသော်လည်း “သမ္မာကျမ်းစာသည် လူတို့ရေးသားသော မှတ်တမ်းမျှသာဖြစ်ကြောင်း သူတို့ ပြောဆိုကြလိမ့်မည်” ဟု အဘိဓာန်တစ်အုပ်က ဆို၏။—New Dictionary of Theology.

ကျမ်းပညာရှင်များစွာသည် သမ္မာကျမ်းစာကို မည်သူရေးသားကြောင်းနှင့်ပတ်သက်၍ စောဒကတက်ကြသည်။ ဥပမာ၊ ပရောဖက်ဟေရှာယသည် ဟေရှာယကျမ်းကို မရေးခဲ့ဟု တချို့က ဆို၏။ ယင်းကျမ်းကို ဟေရှာယခေတ် နောက်ပိုင်းမှ ရေးသားခဲ့ခြင်းဖြစ်သည်ဟု သူတို့ ဆိုသည်။ ကျမ်းစာအနက်ဖွင့်စာအုပ် (the Concise Bible Commentary) တစ်အုပ်ကို ရေးသားခဲ့သူ လိုသာ ကလာ့ခ်က သမ္မာကျမ်းစာသည် “သမိုင်းတစ်လျှောက်ရှိ လူများစွာ ရေးသားခဲ့ရာများသာ ဖြစ်သည်” ဟုပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့သည်။ သို့သော် အခြေအမြစ်မရှိဘဲ ထိုသို့ပြောဆိုခြင်းက ဟေရှာယကျမ်းကို ဟေရှာယကိုယ်တိုင် ရေးသားခဲ့ကြောင်း ယေရှုခရစ်နှင့် တပည့်များ၏ ထပ်ခါတလဲလဲ ထောက်ခံပြောဆိုမှုကို လျစ်လျူရှုရာ ကျသည်။—မဿဲ ၃:၃။ ၁၅:၇။ လုကာ ၄:၁၇။ ယောဟန် ၁၂:၃၈-၄၁။ ရောမ ၉:၂၇၊ ၂၉

ပို၍ဆိုးသည်ကား ကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုသူ ဂျေ. အာရ်. ဒမာလိုကဲ့သို့သော ကျမ်းစာဝေဖန်ရေးသမားများက ဒံယေလကျမ်းတွင်ပါရှိသော အနာဂတ်ဟောချက်များသည် “အတိတ်ကသမိုင်းကြောင်းမျှသာဖြစ်ပြီး ယင်းတို့ကို ကျမ်းရေးသူက အနာဂတ်ဟောချက်အဖြစ် တင်ပြခြင်းဖြစ်သည်” ဟုဆိုကြ၏။ ထိုသို့ဆိုခြင်းအားဖြင့် သူတို့သည် ယေရှုခရစ်ကိုယ်တော်တိုင်၏ ပြောဆိုချက်ကို လျစ်လျူရှုကြပြန်သည်။ “ပရောဖက်ဒံယေလ ဟောသည့်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်ရာသည် သန့်ရှင်းရာအရပ်၌ရှိနေ” မည်ဟု ယေရှု သတိပေးခဲ့၏။ (မဿဲ ၂၄:၁၅) လူတို့ကို လှည့်ဖြားရာတွင် ယေရှုခရစ်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ရမည်။ တစ်နည်းအားဖြင့် အနာဂတ်ဟောချက်ဟူ၍ တလွဲဖော်ပြသော အတိတ်က သမိုင်းဖြစ်ရပ်များကို ကိုယ်တော် ထောက်ခံခဲ့မည်ဟု ခရစ်ယာန်တစ်ဦး ယူမှတ်ခြင်းက သင့်လျော်ပါသလော။ လုံး၀မသင့်လျော်ပေ။

ထူးခြားမှု တစ်စုံတစ်ရာ ရှိပါသလော

“ကျမ်းစာစောင်တွေကို ဘယ်သူတွေ ရေးသားခဲ့သလဲဆိုတာ သိရတော့ ဘာများထူးခြားမှုရှိလို့လဲ” ဟု သင်မေးပေမည်။ အလွန်ထူးခြားပါသည်။ သင့်မိတ်ဆွေ၏ နောက်ဆုံးသေတမ်းစာဟု ဆိုသော်လည်း ယင်းကို သင့်မိတ်ဆွေ အမှန်တကယ် မရေးခဲ့ကြောင်း သိရမည်ဆိုလျှင် ထိုသေတမ်းစာကို သင် မည်သို့ ယူမှတ်မည်နည်း။ စိတ်ရင်းစေတနာကောင်းသော အပေါင်းအသင်းများက သင့်မိတ်ဆွေ၏ ဆန္ဒများအဖြစ် သူတို့ယုံကြည်ရာများကို သေတမ်းစာတွင် ရေးသားခဲ့သည်။ သို့သော် ကျွမ်းကျင်သူများက ထိုသေတမ်းစာသည် အတုဖြစ်ကြောင်း သင့်ကို ပြောလာသည် ဆိုပါစို့။ ယင်းကြောင့် ထိုသေတမ်းစာ၏တန်ဖိုး ကျဆင်းသွားသည် မဟုတ်လော။ ထိုသေတမ်းစာတွင် သင့်မိတ်ဆွေ၏ ဆန္ဒများကို အမှန်တကယ် ဖော်ပြထားသည်ဆိုလျှင် ယင်းကို သင် ယုံကြည်စိတ်ချနိုင်သလော။

သမ္မာကျမ်းစာနှင့်ပတ်သက်၍လည်း ထို့အတူပင်။ ခရစ်ယာန်ဟု ဆိုသူများစွာကပင် ရိုးသားမှု၊ လိင်အကျင့်ယိုယွင်းမှု စသည်တို့နှင့်စပ်လျဉ်း၍ ကျမ်းစာတွင် ဖော်ပြထားရာများကို လျစ်လျူရှုနေကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။ “အဲဒါတွေက ဓမ္မဟောင်းကျမ်းထဲကပါ” ဟုဆိုကာ သမ္မာကျမ်းစာကို တန်ဖိုးမရှိသည့်အရာကဲ့သို့ လူတို့ ရှုတ်ချပြောဆိုနေသည်ကို သင် မကြာခဏ ကြားဖူးပေမည်။ သို့သော် တမန်တော်ပေါလုက ဓမ္မဟောင်းကျမ်းကို “ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” သည့် ‘သန့်ရှင်းသော ကျမ်းစာစောင်များ’ ဟုဖော်ပြခဲ့သည်။

“ဒါပေမဲ့ ကျွမ်းကျင်သူတွေ၊ ကျမ်းပညာရှင်တွေရဲ့ သက်သေအထောက်အထားတွေကို လျစ်လျူရှုလို့ မရဘူးလေ” ဟုသင်ဆိုပေမည်။ မှန်ပါသည်၊ ထိုသက်သေအထောက်အထားများကို လျစ်လျူရှု၍ မရနိုင်ပါ။ ဥပမာ၊ သမ္မာကျမ်းစာ၏ မူရင်းစာသားကို ကွဲကွဲပြားပြား သိမြင်စေခဲ့သည့် စိတ်ရင်းမှန်သော ကျမ်းပညာရှင်များကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်။ ရာစုနှစ်များတစ်လျှောက် သမ္မာကျမ်းစာကို ထပ်ခါတလဲလဲ ကူးရေးခဲ့ကြသောကြောင့် ကျမ်းစာသားများတွင် အသေးအဖွဲအမှားများ အနည်းငယ်ရှိသည်။ သို့သော် ဤအချက်ကို သတိရပါ– ကျမ်းစာသားများကို ကူးရေးရာတွင် အသေးအဖွဲအမှားများ အနည်းငယ်ရှိသည်ကို အသိအမှတ်ပြုခြင်းနှင့် သမ္မာကျမ်းစာ တစ်အုပ်လုံးကို လူတို့ လုပ်ကြံဖန်တီးထားသောအရာအဖြစ် သဘောထားခြင်းတို့သည် အကြီးအကျယ် ကွာခြားပါသည်။

‘သန့်ရှင်းသော ကျမ်းစာစောင်များ’ ကို ဆက်ယုံကြည်နေပါ

သမ္မာကျမ်းစာ၏ မူရင်းစာသားကို ကွဲကွဲပြားပြား သိမြင်စေခဲ့သည့် စိတ်ရင်းမှန်သော ကျမ်းပညာရှင်များကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်

သမ္မာကျမ်းစာသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားရာဖြစ်သည်ဟု မပြောဆိုမီ ယင်းသည် အဘယ်ကြောင့် ဤမျှ မရှိမဖြစ်လိုအပ်ရကြောင်းကို တိမောသေအား ပေါလု ပြောပြခဲ့သည်။ သူက “နောက်ဆုံးသော နေ့ရက်များ” တွင် “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာကာ သူတစ်ပါးကို လှည့်စား၍ သူတို့ကိုယ်တိုင်လည်း လှည့်စားခံနေကြရ၏” ဟုပြောခဲ့သည်။ (၂ တိမောသေ ၃:၁၊ ၁၃) ပေါလုလက်ထက်ကတည်းက အပေါ်ယံအားဖြင့် ‘ပညာရှိသူနှင့် ဉာဏ်ကောင်းသူတို့’ သည် “ဖြားယောင်းသော စကားဖြင့်” လူတို့ကို လှည့်ဖြားကာ ယေရှုခရစ်အပေါ်ထားရှိသော လူတို့၏ယုံကြည်ခြင်းကို လျော့နည်းစေခဲ့ကြသည်။ (၁ ကောရိန္သု ၁:၁၈၊ ၁၉။ ကောလောသဲ ၂:၄၊ ၈) ထိုသူတို့၏ ဩဇာလွှမ်းမိုးမှုမှ ကာကွယ်ရန် “နို့စို့အရွယ်မှစ၍” သင်ယူလေ့လာခဲ့သည့် ဘုရားသခင် ပြင်ဆင်ပေးတော်မူသော ‘သန့်ရှင်းသော ကျမ်းစာစောင်များ’ ကို ဆက်၍သင်ယူလေ့လာရန် တိမောသေအား တမန်တော်ပေါလု တိုက်တွန်းခဲ့သည်။—၂ တိမောသေ ၃:၁၄၊ ၁၅

ဤ “နောက်ဆုံးသော နေ့ရက်များ” တွင် ထိုသို့ပြုလုပ်ရန် သင့်အတွက် ထပ်တူပင် အရေးကြီးသည်။ အလွန်ပါးနပ်သူတို့၏ “ဖြားယောင်းသောစကား” ဖြင့် လှည့်စားခံနေရသည့် အန္တရာယ်ကို လျှော့မတွက်ပါနှင့်။ သို့အစား ပထမရာစု ခရစ်ယာန်များကဲ့သို့ပင် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် အမှန်တကယ် ရေးထားသည့် သမ္မာကျမ်းစာမှ သင်ယူသိရှိရာများကို လုံးလုံးလျားလျား မှီခိုအားထားခြင်းအားဖြင့် သင့်ကိုယ်ကိုယ် ကာကွယ်ပါ။

သမ္မာကျမ်းစာကို ယုံကြည်ရန် ယေဟောဝါသက်သေများက သင့်ကို ဝမ်းမြောက်စွာ ကူညီပေးပါလိမ့်မည်။ ဥပမာ၊ သမ္မာကျမ်းစာသည် အကြွင်းမဲ့ အားထား၍ရကြောင်း သမိုင်းတစ်လျှောက်တွင် သက်သေထူခဲ့ပုံ၊ သိပ္ပံဆိုင်ရာ ကိစ္စများနှင့်ပတ်သက်လာလျှင် သိပ္ပံပညာနှင့် ကိုက်ညီပုံ၊ သမ္မာကျမ်းစာတစ်အုပ်လုံး အစမှအဆုံး သဟဇာတဖြစ်ပုံ၊ ကျမ်းစာတွင်ပါရှိသော အနာဂတ်ဟောချက်များ အမှားအယွင်းမရှိ ပြည့်စုံလာပုံနှင့် အခြားအရာများစွာတို့ကို သင့်အား သူတို့ ဖော်ပြနိုင်ပါသည်။ သင် ဆန္ဒရှိမည်ဆိုလျှင် သမ္မာကျမ်းစာသည် အမှန်တကယ်ပင် ဘုရားသခင့် နှုတ်ထွက်စကားတော်ဖြစ်ကြောင်း သန်းနှင့်ချီသော စိတ်ရိုးဖြောင့်သူများကို သိရှိစေခဲ့သည့် အချက်အလက်များကို သိနိုင်ရန် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ လွတ်လပ်စွာ စာရေးနိုင်ပါသည်။