ယာကုပ် ၂:၁-၂၆

  • မျက်​နှာ​လိုက်​ခြင်းဟာ အပြစ်​ဖြစ် (၁-၁၃)

    • ချစ်ခြင်း​မေတ္တာ​ တော်​ဝင်​ပညတ် ()

  • လုပ်​ရပ်​မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အသေပဲ (၁၄-၂၆)

    • နတ်​ဆိုး​တွေ​တောင် ယုံ​လို့ ဖိမ့်​ဖိမ့်​တုန် (၁၉)

    • အာ​ဗြ​ဟံ​ဟာ ယေဟောဝါ​ရဲ့​မိတ်​ဆွေ​လို့ အခေါ်ခံရ (၂၃)

 ညီ​အစ်ကို​တို့၊ ခင်ဗျား​တို့​က ဘုန်းကြီး​တဲ့ သခင်​ယေရှု​ခရစ်​ကို ယုံကြည်​သူ​တွေ ဖြစ်​လျက်​နဲ့ မျက်နှာ​လိုက်​နေ​ကြ​သလား။+ ၂  ခင်ဗျား​တို့ စည်းဝေး​တဲ့နေရာ​ကို လူ​နှစ်ယောက် ဝင်​လာ​တယ် ဆို​ပါ​စို့။ တစ်ယောက်​က ရွှေ​လက်စွပ် ဝတ်​ပြီး သားသား​နားနား ဝတ်​ထား​တယ်။ နောက်​တစ်ယောက်​က​တော့ ဆင်းရဲ​ပြီး ဟောင်းနွမ်း​ညစ်ပေတဲ့ အဝတ် ဝတ်​ထား​တယ်။ ၃  သားသား​နားနား ဝတ်​ထား​သူ​ကို မျက်နှာသာ​ပေး​ပြီး “ဒီ​နေရာ​ကောင်း​မှာ ထိုင်​ပါ” လို့ ပြော​မယ်၊ ဆင်းရဲ​သူ​ကို​တော့ “ဟို​မှာ ရပ်​နေ​လိုက်” ဒါ​မှ​မဟုတ် “ခြေ​တင်​ခုံ​နား​မှာ ထိုင်​လိုက်”+ လို့ ပြော​မယ်​ဆို​ရင်၊ ၄  ခင်ဗျား​တို့ အဆင့်​အတန်း ခွဲ​နေ​တာ​ပဲ မဟုတ်​လား။+ မတရား​ဆုံး​ဖြတ်​တဲ့ တရား​သူ​ကြီး​တွေ​နဲ့ တူ​နေ​မယ် မဟုတ်​လား။+ ၅  ချစ်​ရ​တဲ့ ညီ​အစ်ကို​တို့၊ နားထောင်​ကြ​ပါ။ ဆင်းရဲ​သား​လို့ ဒီ​လောက သတ်မှတ်​တဲ့​သူ​တွေ​ကို ဘုရား​သခင်​က ယုံကြည်​ခြင်း​မှာ ကြွယ်ဝ​သူ​တွေ ဖြစ်​စေ​ဖို့ ရွေးချယ်​ထား​တယ် မဟုတ်​လား။+ ဘုရား​က မိမိ​ကို ချစ်​တဲ့​သူ​တွေ​ကို ကတိ​ပေး​ထား​တဲ့​အတိုင်း နိုင်ငံ​တော်​အမွေ​ခံ​တွေ ဖြစ်​စေ​ဖို့ သူ​တို့​ကို ရွေးချယ်​ထား​တယ်။+ ၆  ခင်ဗျား​တို့​က ဆင်းရဲ​သား​တွေ​ကို နှိမ်​တတ်​ကြ​တယ်။ တကယ်​တော့ ချမ်းသာ​သူ​တွေ​က​သာ ခင်ဗျား​တို့​ကို ဖိနှိပ်​ပြီး+ တရား​ရုံး​ဆီ ဆွဲ​ခေါ်​သွား​တာ မဟုတ်​လား။ ၇  ခင်ဗျား​တို့ ခံယူ​ထား​တဲ့ ကောင်းမြတ်​တဲ့ နာ​မည်​ကို စော်ကား​ပြော​ဆို​တာ​လည်း သူ​တို့​ပဲ မဟုတ်​လား။ ၈  “လူ​လူ​ချင်း​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ပါ”+ ဆို​ပြီး ကျမ်းစာ​မှာ ပြော​ထား​တဲ့​အတိုင်း တော်ဝင်​ပညတ်​ကို ခင်ဗျား​တို့​ လိုက်နာ​နေ​တယ်​ဆို​ရင် ကောင်း​တာ​ပေါ့။ ၉  ဒါ​ပေမဲ့ မျက်နှာ​လိုက်​မြဲ​လိုက်​နေ​ရင်​တော့+ အပြစ်ကျူး​လွန်​တာ​ပဲ။ ခင်ဗျား​တို့​ဟာ အပြစ်ကျူး​လွန်​သူ​တွေ ဖြစ်​မှန်း တော်ဝင်​ပညတ်​က ဖော်​ပြနေ​ပြီ။+ ၁၀  ပညတ်​အားလုံး​ကို လိုက်နာ​စောင့်ထိန်း​ပေမဲ့ တစ်​ခု​ကို ချိုး​ဖောက်​မိ​ရင် ပညတ်​အားလုံး​ကို မလိုက်နာ​တာ​နဲ့ အတူ​တူ​ပဲ။+ ၁၁  “အိမ်ထောင်​ရေး​ မဖောက်​ပြန်​နဲ့”+ လို့ မိန့်​မှာ​တဲ့​သူ​က “လူ့​အသက် မသတ်​နဲ့”+ လို့​လည်း မိန့်မှာ​ထား​တယ်။ ခင်ဗျား​က အိမ်ထောင်​ရေး​တော့ မဖောက်ပြန်​ဘူး၊ ဒါ​ပေမဲ့ လူ့​အသက် သတ်​မယ်​ဆို​ရင် ပညတ်​ကို ချိုးဖောက်​တာ​ပဲ။ ၁၂  ခင်ဗျား​တို့​ဟာ လွတ်လပ်​သူ​တွေ ဖြစ်​လို့ ခင်ဗျား​တို့​အတွက် ချမှတ်​ထား​တဲ့ ပညတ်​အတိုင်း စီရင်​ခံ​ရ​လိမ့်​မယ်။ ဒါ​ကြောင့် အဲ​ဒီ​ပညတ်နဲ့အညီ ပြုမူ​ပြောဆို​ကြ​ပါ။+ ၁၃  ကရုဏာ မပြ​တဲ့​သူ​ကို ဘုရား​သခင်​က​လည်း ကရုဏာ မပြဘဲ တရား​စီရင်​လိမ့်​မယ်။+ ကရုဏာ​ဟာ တရား​စီရင်​ခြင်း​ကို အောင်ပွဲ​ခံ​တတ်​တယ်။ ၁၄  ညီ​အစ်ကို​တို့၊ တစ်​ယောက်​ယောက်​က ဘုရား​သခင်​ကို ယုံကြည်​ပါ​တယ်​လို့ ပြော​ပြီး လက်တွေ့​မကျင့်​ဘူး​ဆို​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ အဲ​ဒီ​လို​ယုံ​ကြည်​ခြင်း​က သူ့​ကို ကယ်တင်​နိုင်​မှာ​လား။+ ၁၅  ညီ​အစ်ကို၊ ညီ​အစ်မ တစ်​ယောက်​ယောက်​မှာ ဝတ်​စရာ မရှိ​ဘူး၊ တစ်​နေ့​စာ​အတွက် စား​စရာ မရှိ​ဘူး​ဆို​ရင်၊ ၁၆  ခင်ဗျား​တို့ တစ်​ယောက်​ယောက်​က “အေးအေး​ဆေးဆေး ပြန်​သွား​ပါ။ နွေးနွေး​ထွေးထွေး နေ​ပါ။ ကောင်းကောင်း စား​ပါ” လို့ ပြော​ပြီး သူ​တို့ အသက်​ရှင်သန်​ဖို့ လို​အပ်​ရာ​ကို မပေးဘူး​ဆို​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ ၁၇  ဒါ​ကြောင့် လုပ်​ရပ် မပါ​တဲ့ ယုံ​ကြည်​ခြင်း​ဟာ အသေပဲ။+ ၁၈  တစ်​ယောက်​ယောက်​က “ခင်ဗျား​ဟာ ယုံကြည်​ခြင်း ရှိ​တဲ့​သူ၊ ကျွန်တော်​က​တော့ လက်တွေ့လုပ်​တဲ့​သူ​ပဲ။ လက်တွေ့မပါ​တဲ့ ခင်ဗျားရဲ့ ယုံကြည်​ခြင်း​ကို ကျွန်တော့်​ကို ပြပါ။ ကျွန်တော့်ရဲ့ ယုံကြည်​ခြင်း​ကို​လည်း လုပ်ရပ်​နဲ့ ပြမယ်” လို့ ပြော​လိမ့်​မယ်။ ၁၉  ဘုရား​သခင် တစ်​ဆူ​တည်း ရှိ​တယ်​ဆို​တာ ခင်ဗျား ယုံ​တယ် မဟုတ်​လား။ ကောင်း​ပါ​တယ်။ နတ်ဆိုး​တွေ​တောင် ယုံ​လို့ ဖိမ့်​ဖိမ့်​တုန်​နေ​ကြ​တာ။+ ၂၀  စဉ်းစား​ဉာဏ် နည်း​တဲ့​သူ၊ လုပ်ရပ်မပါ​တဲ့ ယုံကြည်​ခြင်း​ဟာ အချည်း​နှီး​ပဲ​ဆို​တာ မသိ​ဘူး​လား။ ၂၁  ဘိုးဘေး​အာဗြဟံ​က သား​အိဇက်​ကို ပူဇော်​ရာ​ပလ္လင်​ပေါ်​မှာ ပူဇော်​ပြီး​တဲ့​နောက် အဲ​ဒီ​လုပ်​ရပ်​ကြောင့် ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​ခံ​ရ​တယ် မဟုတ်​လား။+ ၂၂  သူ့​ရဲ့ ယုံကြည်​ခြင်း​ဟာ လုပ်ရပ်​နဲ့ ဒွန်တွဲ​နေ​လို့ ရှင်သန်​နေ​တယ်၊ လုပ်ရပ်​ကြောင့် ပြည့်ဝ​စုံလင်​သွား​တယ်​ဆို​တာ+ ခင်ဗျား​တို့ သိ​ပါ​တယ်။ ၂၃  “အာဗြဟံ​က ယေဟောဝါ​ကို* ယုံကြည်​တယ်။ ဒါ​ကြောင့် ဘုရား​သခင်​က သူ့​ကို ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​တယ်”+ ဆို​တဲ့ ကျမ်း​စကား ပြည့်စုံ​လာ​တယ်။ ယေဟောဝါ​ရဲ့* မိတ်ဆွေ​လို့ သူ​အခေါ်​ခံ​ရ​တယ်။+ ၂၄  လူ​တစ်​ယောက်​က မိမိ​ယုံကြည်​ခြင်း​ကြောင့်​သာ မဟုတ်​ဘဲ လုပ်ရပ်​ကြောင့် ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​ခံ​ရ​တယ်​ဆို​တာ ခင်ဗျား​တို့ အခု နားလည်​သွား​ပြီ။ ၂၅  အလား​တူ ပြည့်​တန်ဆာ ရာ​ခပ်​က တမန်​တွေ​ကို ဖော်ဖော်​ရွေရွေ ကြိုဆို​ပြီး တခြား​လမ်း​နဲ့ ထွက်သွား​နိုင်​အောင် ကူညီ​ပေး​ခဲ့​တယ်။+ အဲ​ဒီ​လုပ်ရပ်​ကြောင့် ဖြောင့်မတ်​သူ​အဖြစ် သတ်မှတ်​ခံ​ရ​တယ် မဟုတ်​လား။ ၂၆  ဒါ​ကြောင့် အသက်​စွမ်းအား* မရှိ​တဲ့ ကိုယ်​ခန္ဓာ​ဟာ အသေ ဖြစ်​သလို+ လုပ်ရပ်​မပါ​တဲ့ ယုံကြည်​ခြင်း​က​လည်း အသေပဲ။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “စွမ်း​အား” ကို​ကြည့်။