မဿဲ ၅:၁-၄၈

  • တောင်​ပေါ်​ဒေ​သနာ (၁-၄၈)

    • တောင်​ပေါ်​မှာ ယေရှု စတင်​ဟော​ပြော​သွန်သင် (၁၊ ၂)

    • ပျော်​ရွှင်​ချမ်း​မြေ့မှု ကိုး​မျိုး (၃-၁၂)

    • ဆား​နဲ့ အလင်း (၁၃-၁၆)

    • ပညတ်​ကျမ်း​ကို ယေရှု ပြည့်​စုံ​စေ (၁၇-၂၀)

    • ဒေါသ​ထွက်​ခြင်း (၂၁-၂၆)၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​ခြင်း (၂၇-၃၀)၊ ကွာ​ရှင်း​ခြင်း (၃၁၊ ၃၂)၊ ကျိန်​ဆို​ခြင်း (၃၃-၃၇)၊ လက်စားချေ​ခြင်း (၃၈-၄၂)၊ ရန်​သူ​ကို ချစ်​ခြင်း​တို့​အတွက် အကြံ​ဉာဏ် (၄၃-၄၈)

 ယေရှု​က လူ​အုပ်​ကို မြင်​တော့ တောင်​ပေါ် တက်​သွား​ပြီး ထိုင်​လိုက်​တဲ့​အခါ တပည့်တွေ အနား​လာ​ကြ​တယ်။ ၂  အဲဒီ​အခါ သူတို့​ကို စတင် ဟော​ပြော​သွန်သင်​တယ်။ ၃  “ဘုရား​သခင်​ကို မှီ​ခို​ဖို့ လို​အပ်​မှန်း သိ​မြင်​သူ​တွေ* ပျော်​ရွှင်​ချမ်း​မြေ့​တယ်။+ ကောင်းကင်​နိုင်ငံ​ဟာ သူတို့​အတွက် ဖြစ်​လိမ့်​မယ်။ ၄  “ဝမ်းနည်း​ပူဆွေး​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ သူတို့ နှစ်​သိမ့်​မှု ရ​လိမ့်​မယ်။+ ၅  “နူး​ညံ့​သိမ်​မွေ့​သူ​တွေ+ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ကမ္ဘာ​မြေကို သူတို့ အမွေ​ရ​လိမ့်​မယ်။”+ ၆  “ဖြောင့်​မှန်​တာ​ကို လုပ်​ချင်​စိတ် ပြင်း​ပြသူ​တွေ*+ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။ သူတို့ ဆန္ဒ​ပြည့်​ဝ​လိမ့်​မယ်။+ ၇  “သနား​ကြင်နာ​တတ်​သူ​တွေ+ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။ သူတို့ သနား​ကြင်နာ​ခံ​ရ​လိမ့်​မယ်။ ၈  “စိတ်​ထား​ဖြူ​စင်​သူ​တွေ+ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။ ဘုရား​သခင်​ကို သူတို့ မြင်​ရ​လိမ့်​မယ်။ ၉  “ငြိမ်သက်​မှု ရှိ​အောင် လုပ်​ဆောင်​သူ​တွေ+ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။ ဘုရား​သခင်​ရဲ့ သား​တွေ လို့ အခေါ်​ခံ​ရ​လိမ့်​မယ်။ ၁၀  “ဖြောင့်​မှန်​ရာ​ကို လုပ်​တဲ့​အ​တွက်​ နှိပ်​စက်​ခံ​ရ​သူ​တွေ+ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။ ကောင်းကင်​နိုင်ငံ​ဟာ သူတို့​အတွက် ဖြစ်​လိမ့်​မယ်။ ၁၁  “ခင်​ဗျား​တို့​ဟာ ကျွန်​တော့်​ကြောင့် ကဲ့​ရဲ့+ ညှဉ်း​ဆဲ​ခံ​ရ​တဲ့​အခါ၊+ မဟုတ်​မမှန် စွပ်​စွဲ​ခံ​ရ​တဲ့​အခါ ပျော်​ရွှင်​ချမ်း​မြေ့​တယ်။+ ၁၂  ကောင်းကင်​မှာ ခင်​ဗျား​တို့ ရ​မယ့် ဆု​ဟာ+ ကြီးမြတ်​တဲ့​အတွက် ဝမ်းမြောက်​ရွှင်​လန်း​ကြ​ပါ။+ အရင်​က ပရော​ဖက်​တွေ​လည်း ဒီ​လို​ပဲ ညှဉ်း​ဆဲ​ခံ​ခဲ့ရ​တယ်။+ ၁၃  “ခင်ဗျား​တို့​ဟာ လော​က​ရဲ့ ဆား​ပဲ။+ ဆား​မှာ အငန်​ဓာတ် မရှိ​တော့ရင် ပြန်​ငန်​အောင် လုပ်​လို့ ရ​သလား။ အပြင်​ကို လွှင့်​ပစ်​ပြီး+ အနင်း​ခံ​ရ​ရုံ​က​လွဲ​လို့ ဘာ​မှ အသုံး​မဝင်​တော့​ဘူး။ ၁၄  “ခင်​ဗျား​တို့​ဟာ လောက​ရဲ့ အလင်း​ပဲ။+ တောင်​ထိပ်​မှာ တည်​တဲ့ မြို့​ကို ထင်ထင်​ရှားရှား မြင်​နိုင်​တယ်။ ၁၅  လူ​တွေ​က မီး​ခွက်​ကို ထွန်း​ပြီး တောင်း​နဲ့ အုပ်​ထား​လေ့ မရှိ​ပါ​ဘူး။ ဆီ​မီး​တိုင်​ပေါ်​မှာ​ပဲ တင်​ထား​တတ်​ကြ​တယ်။ ဒါ​မှ အိမ်​သား​အားလုံး အလင်း​ရ​မှာ​ပေါ့။+ ၁၆  အဲဒီ​လို​ပဲ ခင်ဗျား​တို့​ရဲ့ အလင်း​ကို လူ​တွေ​ရှေ့​မှာ လင်း​စေ​ကြ​ပါ။+ ဒါ​မှ တခြား​သူ​တွေ​က ခင်ဗျား​တို့​ရဲ့ အကျင့်​ကောင်း​ကို+ မြင်​ပြီး ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ အဖရဲ့ ဘုန်း​အသရေ​ကို ချီး​မွမ်း​ကြ​လိမ့်​မယ်။+ ၁၇  “ကျွန်တော်​ဟာ ပညတ်​ကျမ်း၊ ပရော​ဖက်​ကျမ်း​တွေ​ကို ပယ်​ဖျက်​ဖို့ လာ​တာ မဟုတ်​ဘူး။ ပြည့်​စုံ​စေ​ဖို့ လာ​တာ။+ ၁၈  ကျွန်တော် မှန်​တာ​ကို ပြော​မယ်။ ကောင်း​ကင်​နဲ့ မြေကြီး ကွယ်​ပျောက်​ကောင်း ကွယ်​ပျောက်​လိမ့်​မယ်။ ဒါ​ပေမဲ့ ပညတ်​ကျမ်း​မှာ​ပါ​တဲ့ အက္ခရာ​လေး တစ်​လုံး၊ ဝစ္စ​ပေါက် တစ်​လုံး​တောင် ကွယ်​ပျောက်​မှာ မဟုတ်​ဘူး။ အဲဒီ​မှာ ရေး​ထား​သမျှ ပြည့်​စုံ​လိမ့်​မယ်။+ ၁၉  ဒါ​ကြောင့် အရေး​ကြီး​ပုံ မရ​တဲ့ ပညတ်​ချက်​ကို ချိုး​ဖောက်​ပြီး သူ​များ​ကို​လည်း အဲဒီ​အတိုင်း လုပ်​ဖို့ သွန်သင်​ပေး​တဲ့​သူ​ဟာ ကောင်းကင်​နိုင်ငံ​ကို မဝင်​ထိုက်​ဘူး။* ဒါ​ပေမဲ့ အဲဒီ​ပညတ်​တွေ​အတိုင်း ကျင့်​ကြံ​ပြီး သွန်သင်​ပေး​သူ​က​တော့ ကောင်းကင်​နိုင်ငံ ဝင်​ထိုက်​တယ်။* ၂၀  ကျွန်တော် ပြော​မယ်။ ခင်ဗျား​တို့​ဟာ ကျမ်း​တတ်​တွေ၊ ဖာရိရှဲ​တွေ​ထက်+ မဖြောင့်​မတ်​ဘူး​ဆို​ရင်​တော့ ကောင်းကင်​နိုင်ငံ​ကို ဘယ်​နည်း​နဲ့​မှ ဝင်​ရ​မှာ မဟုတ်​ဘူး။+ ၂၁  “‘လူ့​အသက် မသတ်​နဲ့။+ သတ်​တဲ့​သူ​ဟာ တရား​ရုံး​မှာ အမှု​ဆိုင်​ရ​မယ်’+ ဆို​တဲ့ ရှေး​လူ​ကြီး​တွေရဲ့ စကား​ကို ခင်ဗျား​တို့ ကြား​ဖူး​ပါ​တယ်။ ၂၂  အခု ကျွန်တော် ပြော​မယ်။ ကိုယ့်​ညီ​အစ်ကို​ကို အမျက်​မပြေနိုင်​သူ​ဟာ+ တရား​ရုံး​မှာ အမှု​ရင်​ဆိုင်​ရ​မယ်။ ညီ​အစ်ကို​ကို မကြား​ဝံ့​မနာ​သာ ကဲ့​ရဲ့​သူ​ဟာ တရား​ရုံး​ချုပ်​မှာ အမှု​ရင်​ဆိုင်​ရ​မယ်။ ‘အလကား​လူ’ လို့ စွပ်​စွဲ​တဲ့​သူ​ဟာ မီး​လောင်​နေ​တဲ့ ဂေဟင်နာ*+ အရပ်​ကို ရောက်ရ​လိမ့်​မယ်။ ၂၃  “ဒါ​ကြောင့် ပူ​ဇော်ရာ​ပလ္လင်​ဆီ အလှူ ယူ​လာ​နေ​တုန်း​မှာ+ ကိုယ့်​ကို မကျေ​မနပ် ဖြစ်​နေ​တဲ့ ညီ​အစ်ကို​ကို သတိ​ရ​သွား​ရင်၊ ၂၄  အလှူ​ကို ပလ္လင်​ရှေ့​မှာ ထား​ခဲ့​ပါ။ ညီ​အစ်​ကို​ဆီ သွား​ပြီး သူ​နဲ့ ပြေလည်​အောင် အရင် လုပ်​ပါ။ ပြီး​မှ ပြန်​လာ​ပြီး ကိုယ့်​ရဲ့ အလှူ​ကို ဆက်သပါ။+ ၂၅  “ကိုယ့်​ကို တရား​စွဲ​တဲ့​သူ​နဲ့ လမ်း​မှာ အတူ​သွား​နေ​တုန်း​မှာ​ပဲ ပြေလည်​အောင် ချက်​ချင်း လုပ်​ပါ။ ဒီ​လို​မှ မလုပ်​ရင် သူ​က ခင်​ဗျား​ကို တရား​သူ​ကြီး​လက်​ထဲ အပ်​လိမ့်​မယ်။ တရား​သူ​ကြီး​က​လည်း ထောင်​မှူး​လက်​ထဲ အပ်​ပြီး ထောင်​ချ​လိမ့်​မယ်။+ ၂၆  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ခင်​ဗျား​ဟာ ငွေ* တစ်​ပြား​မကျန် မပေး​မချင်း ထောင်​က​နေ ထွက်​ရ​မှာ မဟုတ်​ဘူး။ ၂၇  “‘အိမ်​ထောင်​ရေး မဖောက်​ပြန်​နဲ့’+ ဆို​တဲ့ စကား​ကို ခင်​ဗျား​တို့ ကြား​ဖူး​ပါ​တယ်။ ၂၈  ဒါ​ပေမဲ့ ကျွန်​တော် ပြော​မယ်။ မိန်း​မ​တစ်​ယောက်​ကို ရာဂ​စိတ်​နဲ့ ကြည့်​နေ​တာ​ဟာ+ အဲဒီ​မိန်းမကို စိတ်​နဲ့ ပြစ်​မှား​တာ​ပဲ။+ ၂၉  ကိုယ့်​ရဲ့ ညာ​ဘက်​မျက်​စိ​က အပြစ်​ကျူး​လွန်​စေ​တယ်* ဆို​ရင် အဲဒီ​မျက်​စိ​ကို ထုတ်​ပြီး လွှင့်​ပစ်​လိုက်​ပါ။+ ဂေဟင်နာ* အရပ်​မှာ တစ်​ကိုယ်​လုံး ပစ်​ချ​ခံ​ရ​တာ​ထက် မျက်​စိ​တစ်ဖက် အဆုံး​ရှုံး​ခံ​လိုက်​တာ ပို​ကောင်း​တယ်။+ ၃၀  ကိုယ့်​ရဲ့ ညာ​လက်​က အပြစ်​ကျူး​လွန်​စေ​တယ်​ဆို​ရင် အဲဒီ​လက်​ကို ဖြတ်​ပြီး လွှင့်​ပစ်​လိုက်​ပါ။+ ဂေဟင်နာ* အရပ်​ဆီ တစ်ကိုယ်​လုံး ရောက်​တာ​ထက် လက်​တစ်ဖက် အဆုံး​ရှုံး​ခံ​လိုက်​တာ ပို​ကောင်း​တယ်။+ ၃၁  “ဒါ့​အပြင် ‘ဇနီး​ကို ကွာ​ရှင်း​မယ်​ဆို​ရင် ကွာ​ရှင်း​စာချုပ် ပေး​စေ’+ လို့ အဆို​ရှိ​တယ်။ ၃၂  ဒါ​ပေမဲ့ ကျွန်တော် ပြော​မယ်။ လိင်​အကျင့်​ယို​ယွင်း​မှု* ကြောင့် မဟုတ်​ဘဲ တ​ခြား​အကြောင်း​ကြောင့် ကွာ​ရှင်း​တဲ့​သူ​ဟာ ကိုယ့်​ဇနီး​ကို အိမ်​ထောင်​ရေး ဖောက်​ပြန်​သူ ဖြစ်​အောင် လုပ်​ရာ​ရောက်​တယ်။ ကွာ​ရှင်း​ထား​တဲ့ မိန်း​မကို လက်ထပ်​တဲ့​သူ​က​လည်း အိမ်​ထောင်​ရေး ဖောက်​ပြန်​သူ​ပဲ။+ ၃၃  “‘ကိုယ်​မလုပ်​နိုင်​တဲ့ ကိစ္စ​အတွက် မကျိန်​ဆို​နဲ့။+ ယေဟောဝါ​ကို* သစ္စာ​ကတိ​ပြု​ပြီး​ရင် အဲဒီ​အတိုင်း လုပ်​ရ​မယ်’+ ဆို​တဲ့ ရှေး​လူ​ကြီး​တွေရဲ့ စကား​ကို​လည်း ခင်​ဗျား​တို့ ကြား​ဖူး​ပါ​တယ်။ ၃၄  ဒါ​ပေမဲ့ ကျွန်​တော် ပြော​မယ်။ လုံး​ဝ မကျိန်​ဆို​နဲ့။+ ကောင်း​ကင်​ကို တိုင်​တည်​ပြီး မကျိန်​ဆို​နဲ့။ ကောင်း​ကင်​ဟာ ဘုရား​သခင်​ရဲ့ ရာဇ​ပလ္လင်​ပဲ။ ၃၅  ကမ္ဘာ​မြေကို တိုင်​တည်​ပြီး မကျိန်​ဆို​နဲ့။ ကမ္ဘာ​မြေဟာ ဘုရား​သခင်​ရဲ့ ခြေ​တင်​ခုံ​ပဲ။+ ဂျေရု​ဆလင်​မြို့​ကို တိုင်​တည်​ပြီး မကျိန်​ဆို​နဲ့။ ဘုရင်​မင်းမြတ်ရဲ့ မြို့​တော် ဖြစ်​လို့​ပဲ။+ ၃၆  ကိုယ့်​ရဲ့ ခေါင်း​ကို တိုင်​တည်​ပြီး မကျိန်​ဆို​နဲ့။ ဆံ​ချည်​တစ်ပင်​ကို​တောင် ဖြူ​အောင်၊ မည်း​အောင် ခင်​ဗျား​တို့ မလုပ်​နိုင်​ဘူး။ ၃၇  ဒါ​ကြောင့် ဟုတ်​ရင် ‘ဟုတ်​တယ်၊’ မဟုတ်​ရင် ‘မဟုတ်​ဘူး’ ဒါ​ပဲ ပြော​ပါ။+ ဒီ​ထက်​ပို​တဲ့ စကား​ဟာ ဆိုး​ညစ်​သူ​ဆီ​က လာ​တာ​ပဲ။+ ၃၈  “‘မျက်​စိ​အတွက် မျက်​စိ၊ သွား​အတွက် သွား ပြန်​လျော်​ပေး​ရ​မယ်’+ ဆို​တဲ့ စကား​ကို ခင်​ဗျား​တို့ ကြား​ဖူး​ပါ​တယ်။ ၃၉  ဒါ​ပေမဲ့ ကျွန်တော် ပြော​မယ်။ လူ​ဆိုး​ကို အတိုက်​အခံ မလုပ်​ပါ​နဲ့။ တစ်​ယောက်​ယောက်​က ခင်​ဗျားရဲ့ ညာ​ဘက်​ပါး​ကို ရိုက်​ရင် ဘယ်​ဘက်​ပါး​ကို​လည်း လှည့်​ပေး​လိုက်​ပါ။+ ၄၀  လူ​တစ်​ယောက်​က ခင်​ဗျားရဲ့ အတွင်း​အင်္ကျီ​ကို လို​ချင်​လို့ တရား​ရုံး ခေါ်​သွား​ချင်​တယ်​ဆို​ရင် အပေါ်ဝတ်ရုံ​ကို​ပါ ပေး​လိုက်​ပါ။+ ၄၁  အာဏာ​ရှိ​သူ​တစ်​ယောက်​က ခင်​ဗျား​ကို အတင်း​အကျပ် ခိုင်း​စေ​ဖို့ တစ်​မိုင်* ခေါ်​သွား​ရင် သူ​နဲ့​အတူ နှစ်​မိုင် လိုက်​သွား​ပါ။ ၄၂  တောင်း​တဲ့​သူ​ကို ပေး​ပါ။ ချေး​ငှား​ချင်​တဲ့​သူ​ကို​လည်း မငြင်း​ဘဲ ချေး​လိုက်​ပါ။+ ၄၃  “‘လူ​လူ​ချင်း​ကို ချစ်​ပါ။+ ရန်​သူ​ကို​တော့ မုန်း​ပါ’ ဆို​တဲ့ စကား​ကို ခင်​ဗျား​တို့ ကြား​ဖူး​ပါ​တယ်။ ၄၄  ဒါ​ပေမဲ့ ကျွန်တော် ပြော​မယ်။ ရန်​သူ​ကို ချစ်​မြဲ ချစ်​ပါ။+ ကိုယ့်​ကို နှိပ်​စက်​သူ​တွေ​အတွက် အမြဲ ဆုတောင်း​ပေး​ပါ။+ ၄၅  ဒါ​မှ ခင်ဗျား​တို့​ဟာ ကောင်းကင်​မှာ စံ​မြန်း​တဲ့ အဖဘုရားရဲ့ သား​တွေ ဖြစ်​မှန်း သက်သေ​ပြရာ ရောက်​မှာ​ပေါ့။+ ကိုယ်​တော်​က လူ​ဆိုး​လူ​ကောင်း​အပေါ် နေ​ထွက်​စေ​တယ်။ ဖြောင့်​မတ်​သူ၊ မဖြောင့်​မတ်​သူ​တွေ​အပေါ် မိုး​ရွာ​စေ​တယ်။+ ၄၆  ကိုယ့်​ကို မေတ္တာ​ထား​သူ​တွေ​ကို​ပဲ မေတ္တာ​ထား​ရင် ဘာ​အကျိုး​ထူး​မှာ​လဲ။+ အခွန်​ခံ​တွေ​လည်း အဲဒီ​လောက်​တော့ လုပ်​နိုင်​တာ​ပဲ။ ၄၇  ကိုယ့်​ညီ​အစ်ကို​တွေ​ကို​ပဲ နှုတ်​ဆက်​ရင်​ကော ဘာ​များ ပို​ထူး​ခြား​လို့​လဲ။ လူမျိုး​ခြား​တွေ​လည်း အဲဒီ​လောက်​တော့ လုပ်​နိုင်​တာ​ပဲ။ ၄၈  ကောင်း​ကင်​အဖ ပြည့်ဝ​စုံလင်​သလို ခင်ဗျား​တို့​လည်း ပြည့်​ဝ​စုံလင်​ရ​မယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “စွမ်းအား​တော်ရ​ဖို့ ထက်​ထက်​သန်​သန် တောင်း​ခံ​သူ​တွေ။”
မူ​ရင်း၊ “ဖြောင့်​မတ်​ခြင်း​ကို ဆာ​ငတ်​သူ​တွေ။”
မူ​ရင်း၊ “ကောင်း​ကင်​နိုင်​ငံ​မှာ ‘ကြီးမြတ်​သူ’ လို့ သတ်​မှတ်​ခံ​ရ​လိမ့်​မယ်။
မူ​ရင်း၊ “ကောင်း​ကင်​နိုင်​ငံ​မှာ ‘အငယ်​ဆုံး​သူ’ လို့ သတ်​မှတ်​ခံ​ရ​လိမ့်​မယ်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ကွာ​ဒ​ရန်။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “တိုက်​မိ​လဲ​စေ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။