ဧဖက် ၅:၁-၃၃

  • သန့်​ရှင်း​တဲ့​အပြော​အဆို၊ အမူ​အကျင့် (၁-၅)

  • အလင်း​ရဲ့ သား​သမီး​တွေ​အဖြစ် လျှောက်​လှမ်း​ကြပါ (၆-၁၄)

  • စွမ်း​အား​တော်​နဲ့ ပြည့်​နေ​ကြ​ပါ (၁၅-၂၀)

    • အချိန်​ကို အကျိုး​ရှိ​ရှိ အသုံး​ချ​ကြ​ပါ (၁၆)

  • လင်​ယောက်ျား​နဲ့ ဇနီး​အတွက် အကြံ​ပြု​ချက် (၂၁-၃၃)

 ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင်​ချစ်​ရတဲ့  သား​သမီး​တွေ  ဖြစ်​နေ​တဲ့​အတွက်  ဘု​ရား​သခင်​ကို  အတု​ယူ​ကြပါ။+ ၂  မေတ္တာ​လမ်း​စဉ်​မှာ လျှောက်​လှမ်း​နေ​ကြ​ပါ။+ ခ​ရစ်​တော်​က ကျွန်​တော်​တို့​ကို* ချစ်​လို့+ ကျွန်​တော်​တို့​အတွက်* မွှေး​ကြိုင်​တဲ့ ပူ​ဇော်​သက္ကာ​အလှူ​အဖြစ် သူ့​ကိုယ်​သူ ဘု​ရား​သခင်​ဆီ ဆက်​သခဲ့​သလို​ပဲ​ပေါ့။+ ၃  လိင်​အကျင့်​ယို​ယွင်း​ခြင်း၊* အမျိုး​မျိုး​သော ညစ်​ညူး​ခြင်း၊ လောဘ​ကြီး​ခြင်း​အကြောင်း​တွေ​ကို  စ​ကား​နဲ့​တောင်  မပြော​ကြ​နဲ့။+ ဒါ​တွေ​ဟာ သန့်​ရှင်း​သူ​တွေ​နဲ့  လုံး​ဝ  မအပ်​စပ်​ဘူး။+ ၄  မသင့်​လျော်​တဲ့​အရာတွေ ဖြစ်​တဲ့  ရှက်​စ​ရာ​ကောင်း​တဲ့​အကျင့်၊ အဓိပ္ပာယ်​မရှိ​တဲ့​စ​ကား၊ ညစ်​ညမ်း​တဲ့​ပြက်​လုံး​တွေ​ကို မပြော​ကြ​နဲ့။+ ကျေး​ဇူး​တော်​ကို​ပဲ ချီး​မွမ်း​ကြ​ပါ။+ ၅  လိင်​အ​ကျင့်​ယို​ယွင်း​သူ၊+ မသန့်​ရှင်း​သူ၊ ရုပ်တု​ကိုး​ကွယ်​သူ​ဖြစ်​တဲ့  လော​ဘ​ကြီး​သူ+ တစ်ယောက်​မှ ခ​ရစ်​တော်​နဲ့ ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​ကို အမွေ​မခံ​ရ​မှန်း+ ခင်ဗျား​တို့ ကောင်း​ကောင်း သိ​ထား​တာ​ပဲ။ ၆  အဓိပ္ပာယ်​မဲ့​စ​ကား​တွေ​နဲ့ ခင်ဗျား​တို့​ကို ဘယ်​သူ​မှ မလှည့်​ဖြား​ပါ​စေ​နဲ့။ အဲဒါ​တွေ​ကြောင့် နာ​ခံ​မှု​မရှိ​သူ​တွေ​အပေါ် ဘု​ရား​သခင်​ရဲ့  အမျက်​တော်  သက်​ရောက်​တတ်​လို့​ပဲ။ ၇  ဒါ​ကြောင့် သူ​တို့​နဲ့ မပတ်​သက်​ကြ​နဲ့။ ၈  ခင်​ဗျား​တို့​ဟာ တစ်​ချိန်​က အမှောင်​ထဲ​မှာ ရှိ​ခဲ့​ကြ​တယ်။ အခု​တော့ သခင်​ယေရှု​နဲ့ စပ်​ဆိုင်​ပြီဖြစ်​လို့+ အလင်း​ထဲ ရောက်​နေ​ပြီ။+ အလင်း​ရဲ့ သား​သမီး​တွေအဖြစ်  လျှောက်​လှမ်း​နေ​ကြ​ပါ။ ၉  ဘာ​ကြောင့်​လဲ​ဆို​တော့   အလင်း​ဟာ ကောင်းမြတ်​ခြင်း​အမျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နဲ့ အမှန်​တ​ရား​ကို ဖြစ်​ထွန်း​စေ​လို့​ပဲ။+ ၁၀  ဘု​ရား​သခင် လက်​ခံ​တဲ့​အရာ​ကို+ သိ​နိုင်​ဖို့ အမြဲဆန်း​စစ်​ကြ​ပါ။ ၁၁  အမှောင်​နဲ့​ဆိုင်​တဲ့ အကျိုး​မဲ့​အကျင့်​တွေ​ကို  မကျင့်​ကြ​ပါ​နဲ့​တော့။+  အဲ​ဒီ​အကျင့်​တွေ  မှား​တယ်​ဆို​တာ  ဖော်​ထုတ်​ကြ​ပါ။ ၁၂  ဆိတ်​ကွယ်​ရာ​မှာ သူ​တို့​လုပ်​တာ​တွေ​ဟာ စ​ကား​နဲ့​ထုတ်​ပြော​ဖို့​တောင် ရှက်​စ​ရာ​ပဲ။ ၁၃  ဖော်​ထုတ်​ခံ​ရ​တဲ့ အရာ​အား​လုံး​ဟာ အလင်း​ကြောင့် ထင်​ရှား​လာ​တာ​ပါ။ အရာ​အား​လုံး​ကို ထင်​ရှား​စေ​တာ အလင်း​ပဲ။ ၁၄  ဒါ​ကြောင့် “အိပ်​ပျော်​နေ​သူ၊ နိုး​ထ​ပါ။ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပါ။+ ခရစ်​တော်​က မင်း​ကို အလင်း​ပေး​လိမ့်​မယ်”+ ဆို​ပြီး ကျမ်း​စာ​ထဲ​မှာ ရေး​ထား​တာ​ပေါ့။ ၁၅  ဒါ​ကြောင့် ဉာဏ်​ပညာ​မဲ့​သူ​တွေ​လို မဟုတ်​ဘဲ ဉာဏ်​ပညာ​ရှိ​သူ​တွေ​လို ကျင့်​ကြံ​ပြု​မူ​နေ​ရဲ့​လား​ဆို​တာ အထူး​သတိ​ပြု​ကြ​ပါ။ ၁၆  ဆိုး​ယုတ်​တဲ့​အချိန်​မှာ အသက်​ရှင်​နေ​ရ​တဲ့​အတွက် အချိန်​ကို အကျိုး​ရှိ​ရှိ အသုံး​ချ​ကြ​ပါ။*+ ၁၇  ဆင်​ခြင်​ဉာဏ်​မဲ့​သူ​တွေ မဖြစ်​ကြ​နဲ့​တော့။ ယေဟောဝါ​ရဲ့* အလို​တော်​ကို သိ​နား​လည်​အောင် အမြဲကြိုး​စား​ပါ။+ ၁၈  ဒါ့​အပြင်  သောက်​စား​မူး​ယစ် မနေ​ပါ​နဲ့။+ ဒါ​ဟာ ထိန်း​မနိုင်​သိမ်း​မရ ဖြစ်​စေ​လို့​ပဲ။ ဘု​ရား​သခင့် စွမ်း​အား​တော်​နဲ့​ပဲ ပြည့်​နေ​ကြ​ပါ။ ၁၉  ဆာလံ​သီ​ချင်း​တွေ၊ ဘု​ရား​သခင်​ကို ချီး​မွမ်း​တဲ့​သီ​ချင်း​တွေ၊  ဓမ္မ​သီ​ချင်း​တွေ သီ​ဆို​ပြီး+ အချင်း​ချင်း* အား​ပေး​ကြ။ ယေဟောဝါ​ကို* တေး​သံ​နဲ့​တ​ကွ+ လှိုက်​လှိုက်​လှဲ​လှဲ သီ​ဆို​ချီး​မွမ်း​ကြ​ပါ။+ ၂၀  သခင်​ယေရှု​ခရစ်​ရဲ့ နာ​မည်​ကို အမှီ​ပြု​ပြီး+ အရာ​အား​လုံး​အတွက် အဖဘု​ရား​သခင်​ရဲ့ ကျေး​ဇူး​တော်​ကို အမြဲချီး​မွမ်း​ကြ​ပါ။+ ၂၁  ခ​ရစ်​တော်​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ အချင်း​ချင်း လက်​အောက်​ခံ​ကြ​ပါ။+ ၂၂  ဇနီး​တို့၊ သခင်​ယေရှု​ကို လက်​အောက်​ခံ​သလို ခင်​ပွန်း​ကို လက်​အောက်​ခံ​ကြ​ပါ။+ ၂၃  ခ​ရစ်​တော်​ဟာ အသင်း​တော်ရဲ့ ဦး​ခေါင်း​ဖြစ်​သလို+ ခင်​ပွန်း​က​လည်း ဇနီး​ရဲ့ ဦး​ခေါင်း​ဖြစ်​လို့​ပဲ။+ ခ​ရစ်​တော်​က မိမိ​ရဲ့​ခ​န္ဓာ​ကိုယ်​ဖြစ်​တဲ့  အသင်း​တော်​ကို  ကယ်​တင်​ခဲ့​တယ်။ ၂၄  အသင်း​တော်​က ခရစ်​တော်​ကို လက်​အောက်​ခံ​သလို ဇနီး​က ခင်​ပွန်း​ကို အရာရာ​မှာ လက်​အောက်​ခံ​ရမယ်။ ၂၅  ခင်​ပွန်း​တို့၊ ဇနီး​ကို ချစ်​မြဲချစ်​ကြ​ပါ။+ ခ​ရစ်​တော်​က အသင်း​တော်​ကို​ချစ်​ပြီး အသင်း​တော်​အတွက် အသက်​စွန့်​ခဲ့​သလို​ပေါ့။+ ၂၆  ခ​ရစ်​တော်​က အသင်း​တော်​ကို  တ​ရား​စ​ကား​တော်ရေ​နဲ့  ဆေး​ကြော​ပြီး  သန့်​စင်​စေ​ခဲ့​တယ်။+ ၂၇  အစက်​အပြောက်​တွေ၊ အသား​အရေ တွန့်​တာ​တွေ​မရှိ​ဘဲ သန့်​ရှင်း​ပြီး အပြစ်​အနာ​အဆာ​ကင်း​တဲ့၊+ လှပ​တင့်​တယ်​တဲ့ အသင်း​တော် ဖြစ်​စေ​ချင်​လို့​ပဲ။+ ၂၈  အလား​တူ၊ ခင်​ပွန်း​ဟာ ကိုယ့်​ကိုယ်​ကိုယ် ချစ်​သလို ဇနီး​ကို ချစ်​ရ​မယ်။ ဇနီး​ကို​ချစ်​တဲ့​သူ​ဟာ ကိုယ့်​ကိုယ်​ကိုယ် ချစ်​တဲ့​သူ​ပဲ။ ၂၉  ကိုယ့်​ခ​န္ဓာ​ကိုယ်​ကို မုန်း​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။ လူ​တိုင်း ကိုယ့်​ခ​န္ဓာ​ကိုယ်​ကို ကျွေး​မွေး​ပြီး မြတ်​နိုး​တတ်​တယ်။ ခ​ရစ်​တော်​က​လည်း အသင်း​တော်​ကို ကျွေး​မွေး​ပြီး မြတ်​နိုး​တယ်။ ၃၀  ကျွန်​တော်​တို့​ဟာ ခ​ရစ်​တော်ရဲ့ အင်္ဂါ​အစိတ်​အပိုင်း​တွေ ဖြစ်​နေ​လို့​ပဲ။+ ၃၁  “ဒါ​ကြောင့် ယောက်ျား​က မိ​ဘ​ကို​ထား​ခဲ့​ပြီး ဇနီး​နဲ့ မခွဲ​အတူ နေ​လိမ့်​မယ်။ သူ​တို့​နှစ်​ယောက်​ဟာ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လိမ့်​မယ်။”+ ၃၂  ဒီ​မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​ဟာ+ သိပ်​အရေး​ကြီး​တယ်။  ခ​ရစ်​တော်​နဲ့ အသင်း​တော်​အကြောင်း  ကျွန်​တော် ပြော​နေ​တာ​မှန်​ပေမဲ့၊+ ၃၃  ခင်​ဗျား​တို့​လည်း ကိုယ့်​ကိုယ်​ကိုယ် ချစ်​သလို ဇနီး​ကို ချစ်​ရ​မယ်။+ ဇနီး​က​လည်း ခင်​ပွန်း​ကို အလွန်​ရို​သေရ​မယ်။+

အောက်ခြေမှတ်ချက်များ

“ခင်​ဗျား​တို့​ကို” လည်း​ဖြစ်​နိုင်။
“ခင်​ဗျား​တို့​အတွက်” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “အချိန်​ကို ဝယ်​ကြ​ပါ။”
“ကိုယ့်​ကိုယ်​ကိုယ်” လည်း​ဖြစ်​နိုင်။