မာတိကာဆီ ကျော်သွား

လူငယ်များအမေး

နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ—အပိုင်း ၁။ လက်ရှိလုပ်နေတဲ့အတိုင်း ဆက်လုပ်ဆောင်ပါ

နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ—အပိုင်း ၁။ လက်ရှိလုပ်နေတဲ့အတိုင်း ဆက်လုပ်ဆောင်ပါ

 အိမ်၊ ကားလိုမျိုး တန်ဖိုးရှိတဲ့ ပိုင်ဆိုင်ရာတွေကို ဂရုတစိုက် ထိန်းသိမ်းဖို့ လိုတယ်။ ဘုရားနဲ့ ဆက်ဆံရေးလည်း အလားတူပါပဲ။ နှစ်ခြင်းခံပြီးနောက် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေဖို့ ဘာလုပ်ရမလဲ။

ဒီဆောင်းပါးမှာ

 ကျမ်းစာကို ဆက်လေ့လာပါ

 အဓိက ကျမ်းချက်။ “ကောင်းမှုအမျိုးမျိုး လုပ်ဆောင်တဲ့အခါမှာလည်း ရလဒ်ကောင်း ရရှိပြီး ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာ ပိုသိကျွမ်းလာကြမှာပါ။”—ကောလောသဲ ၁:၁၀

 အဓိပ္ပာယ်။ နှစ်ခြင်းခံပြီးနောက်မှာလည်း ကျမ်းစာ ဆက်ဖတ်ဖို့၊ သိလာတာတွေကို တွေးတောဆင်ခြင်ဖို့ လိုတယ်။—ဆာလံ ၂၅:၄။ ၁၁၉:၉၇

 မျှော်လင့်ထားရမယ့်အရာ။ တစ်ခါတလေ ကျမ်းစာ လေ့လာဖို့ စိတ်မပါတာမျိုး ဖြစ်နိုင်တယ်။ ငါ ‘စာပေသမား’ မဟုတ်ဘူးလို့ ယူဆမိနိုင်တယ်။

 လုပ်ဆောင်နိုင်ရာ။ စိတ်ဝင်စားစရာ ကျမ်းစာအကြောင်းအရာကို နက်နက်နဲနဲ လေ့လာပါ။ ကိုယ့်အတွက် အဆင်ပြေမယ့် လေ့လာမှုဇယား ဆွဲပါ။ ဒါဆိုရင် လေ့လာရတာ ပင်ပန်းတယ်လို့ ခံစားရမှာ မဟုတ်ဘူး။ ယေဟောဝါဘုရားနဲ့ ကျမ်းစာကို ပိုချစ်မြတ်နိုးလာဖို့ ပန်းတိုင်ထားပါ။ ဒါဆိုရင် လေ့လာရတာ အကျိုးရှိမယ်။ ပျော်စရာလည်း ကောင်းမယ်။—ဆာလံ ၁၆:၁၁

 အကြံပြုချက်။ လေ့လာမှုကနေ အကျိုး အပြည့်အဝ ရဖို့ အနှောင့်အယှက် ကင်းပြီး တိတ်ဆိတ်တဲ့ နေရာကို ရှာပါ။

 ထပ်ဆင့် အကူအညီ

 ယေဟောဝါဘုရားဆီ ဆက်ဆုတောင်းပါ

 အဓိက ကျမ်းချက်။ “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။”—ဖိလိပ္ပိ ၄:၆

 အဓိပ္ပာယ်။ ဘုရားနဲ့ ဆက်သွယ်ရေးဟာ အပြန်အလှန် ဆက်သွယ်ရေး ဖြစ်တယ်။ ကျမ်းစာ ဖတ်တာဟာ ဘုရားစကား နားထောင်တာ ဖြစ်ပြီး ဆုတောင်းတာဟာ ဘုရားကို စကားပြောတာ ဖြစ်တယ်။ ဆုတောင်းတဲ့အခါ ကိုယ့်လိုအပ်ရာတွေအတွက် တောင်းနိုင်သလို ရထားတဲ့ ကောင်းချီးတွေအတွက်လည်း ကျေးဇူးတင်ချီးမွမ်းနိုင်တယ်။

 မျှော်လင့်ထားရမယ့်အရာ။ တစ်ခါတလေ ဆုတောင်းချက်တွေ ထပ်လာနိုင်တယ်။ ကိုယ့်ဆုတောင်းချက်ကို ယေဟောဝါဘုရား တကယ် နားထောင်ရဲ့လား၊ နားထောင်ချင်ရဲ့လားလို့တောင် သံသယဝင်လာနိုင်တယ်။—ဆာလံ ၁၀:၁

 လုပ်ဆောင်နိုင်ရာ။ ဆုတောင်းတဲ့အခါ ထည့်တောင်းနိုင်တဲ့ အချက်တွေကို တစ်နေ့လုံး စဉ်းစားပါ။ ခပ်ရှည်ရှည် ဆုတောင်းဖို့ အခြေအနေ မပေးရင် အဲဒီနေ့ နှောင်းပိုင်းမှာ ဆုတောင်းဖို့ မှတ်ထားနိုင်တယ်။ ကိုယ့်အတွက်ပဲ ဆုတောင်းမယ့်အစား တခြားသူတွေအတွက်လည်း ထည့်တောင်းနိုင်တယ်။—ဖိလိပ္ပိ ၂:၄

 အကြံပြုချက်။ ဆုတောင်းချက်တွေ ထပ်လာပြီလို့ ခံစားရရင် အဲဒီလို ခံစားနေရတဲ့အကြောင်း ယေဟောဝါဘုရားဆီ ဆုတောင်းပြောပြပါ။ သင့်စိုးရိမ်ပူပန်မှုအားလုံးကို ဘုရား နားထောင်ချင်တယ်။ ဆုတောင်းချက်နဲ့ပတ်သက်ပြီး သင် စိုးရိမ်နေတာကိုလည်း နားထောင်ချင်တယ်။—၁ ယောဟန် ၅:၁၄

 ထပ်ဆင့် အကူအညီ

 ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဆက်ပြောပြပါ

 အဓိက ကျမ်းချက်။ “ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ . . . အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။”—၁ တိမောသေ ၄:၁၆

 အဓိပ္ပာယ်။ တခြားသူတွေကို ကိုယ့်ယုံကြည်ချက်အကြောင်း ပြောပြတဲ့အခါ ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းလည်း ခိုင်ခံ့လာတယ်။ တခြားသူတွေကို ကိုယ့်ယုံကြည်ချက်အကြောင်း ပြောပြတာက ကိုယ်တိုင်သာမက နားထောင်သူတွေကိုပါ ကယ်တင်ခြင်း ရစေတယ်။

 မျှော်လင့်ထားရမယ့်အရာ။ ကိုယ့်ယုံကြည်ချက်အကြောင်း ပြောမပြချင်တဲ့အချိန်တွေ ရှိနိုင်တယ်။ အထူးသဖြင့်၊ ကျောင်းမှာ ကိုယ့်ယုံကြည်ချက်အကြောင်း ပြောပြဖို့ ကြောက်မိနိုင်တယ်။

 လုပ်ဆောင်နိုင်ရာ။ အပျက်သဘော အတွေးတွေကြောင့်၊ ကြောက်စိတ်ကြောင့် မဟောဘဲ မနေပါနဲ့။ “[သတင်းကောင်း ဟောပြောဖို့] စိတ်မပါရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပဲ” လို့ တမန်တော် ပေါလု ရေးတယ်။—၁ ကောရိန္သု ၉:၁၆၊ ၁၇

 အကြံပြုချက်။ အမှုဆောင်လုပ်ငန်းမှာ စံနမူနာကောင်းတဲ့၊ ကိုယ့်ကို ကူညီပေးနိုင်တဲ့သူကို မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ရှာပါ။—ပညာအလိမ္မာ ၂၇:၁၇

 ထပ်ဆင့် အကူအညီ

 ခရစ်ယာန် အစည်းအဝေးတွေ ဆက်တက်ပါ

 အဓိက ကျမ်းချက်။ “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။”—ဟီဘရူး ၁၀:၂၄၊ ၂၅

 အဓိပ္ပာယ်။ အစည်းအဝေး တက်တဲ့ အဓိက အကြောင်းရင်းဟာ ယေဟောဝါဘုရားကို ဝတ်ပြုဖို့ ဖြစ်တယ်။ ဒါပေမဲ့ အစည်းအဝေး တက်တဲ့အခါ နောက်ထပ် အကျိုးကျေးဇူး နှစ်ခုလည်း ရတယ်။ ပထမ၊ ယုံကြည်သူချင်းတွေဆီကနေ သင် အားပေးမှု ရတယ်။ ဒုတိယ၊ အစည်းအဝေး တက်ရောက်၊ ပါဝင်ခြင်းအားဖြင့် ညီအစ်ကို/မတွေကို အားပေးခွင့် ရတယ်။—ရောမ ၁:၁၁၊ ၁၂

 မျှော်လင့်ထားရမယ့်အရာ။ တစ်ခါတလေ အစည်းအဝေးမှာ အာရုံပျံ့သွားလို့ အဖိုးတန် သင်ခန်းစာတွေ လွတ်သွားတတ်တယ်။ ကျောင်းစာတွေ၊ တခြားအရာတွေကို အသားပေးလွန်းလို့ အစည်းအဝေးတွေ ပျက်လာတာမျိုး ဖြစ်နိုင်တယ်။

 လုပ်ဆောင်နိုင်ရာ။ ကျောင်းစာကို အာရုံစိုက်ရင်း တစ်ဖက်မှာလည်း အစည်းအဝေး မှန်မှန် တက်ဖို့ ဆုံးဖြတ်ထားပါ။ အစည်းအဝေးတွေကနေ အကျိုးအပြည့်အဝ ရယူဖို့ ပန်းတိုင်ထားပါ။ မှတ်ချက်တွေ ပေးပါ။ အစည်းအဝေး ပြီးတဲ့အခါ အနည်းဆုံး ညီအစ်ကို/မ တစ်ယောက်ကို တာဝန်အတွက် ဒါမှမဟုတ် မှတ်ချက်အတွက် ချီးမွမ်းစကား ပြောပါ။

 အကြံပြုချက်။ ကြိုတင်ပြင်ဆင်ပါ။ JW Library® app ကို ကူးထားပါ။ အစည်းအဝေးတိုင်းအတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို “အစည်းအဝေးများ” အပိုင်းမှာ ကြည့်ပါ။

 ထပ်ဆင့် အကူအညီ