မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၁)

ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၁)

 ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ခံစားနေရတဲ့ လူငယ်တစ်ယောက်ယောက်ကို သင်သိပါသလား။ သင်ဟာ ရောဂါ ဒါမှမဟုတ် မစွမ်းမသန် ဖြစ်နေတာကြောင့် တခြားသက်တူရွယ်တူတွေ လုပ်နိုင်တဲ့ လုပ်ဆောင်မှုတွေကို မလုပ်နိုင် ဖြစ်နေသလား။

 အဲဒီလိုဖြစ်တယ်ဆိုရင် စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ အထူးနှစ်သိမ့်မှု ဖြစ်စေတဲ့ အချက်နှစ်ချက်ပါ,ပါတယ်။

  •   သင့်ကိုဖန်ဆင်းတဲ့ ယေဟောဝါဘုရားက သင့်အခြေအနေကို သိတယ်။ အဲဒီအပြင် ‘သင့်ကို ဂရုစိုက်’ နေတယ်။—၁ ပေတရု ၅:၇

  •   ဖျားနာမှုအားလုံးကို ကုသပေးဖို့ ယေဟောဝါဘုရား ရည်ရွယ်ထားတယ်။ အဲဒီအကြောင်းကို သမ္မာကျမ်းစာထဲက ဟေရှာယ ၃၃:၂၄ နဲ့ ဗျာဒိတ် ၂၁:၁-၄ မှာ ဖတ်ကြည့်နိုင်တယ်။

 ဘုရားသခင်နဲ့ ကိုယ်တော့်ကတိတော်တွေကို ယုံကြည်ခြင်းက ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ မရေမတွက်နိုင်တဲ့လူငယ်တွေကို ခံနိုင်ရည်ရှိစေခဲ့တယ်။ ဥပမာလေးခုကို သုံးသပ်ကြည့်ကြရအောင်။

 ယေမီ

 ကျွန်မ ၁၁ နှစ်အရွယ်ကစပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတယ်။ ပစ္စည်းပေါ့ပေါ့လေးတွေ မ,တာလိုမျိုး လွယ်ကူတဲ့ အလုပ်တွေကိုတောင် မလုပ်နိုင်ဘူး။

 ကျွန်မအသက်ငါးနှစ်မှာ ကြွက်သား တဖြည်းဖြည်း ကြုံလှီလာတဲ့ နာတာရှည်ရောဂါ ရှိတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီရောဂါကြောင့် ကျွန်မ မလုပ်နိုင်တဲ့အရာတွေ အများကြီးပဲ။ သက်တူရွယ်တူတွေ လုပ်နိုင်တဲ့အရာကို မလုပ်နိုင်တဲ့အတွက် တစ်ခါတလေ ကျွန်မ စိတ်ဓာတ်ကျမိတယ်။ ဒါပေမဲ့ မိဘနဲ့ အသင်းတော်မှာရှိတဲ့သူတွေက ကာယပိုင်း၊ စိတ်ပိုင်းမှာ ထောက်မပေးကြတဲ့အပြင် ဝတ်ပြုရေးပိုင်းမှာလည်း ကူညီပေးကြတယ်။ အချိန်ပြည့်အမှုဆောင် တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရပြီး စိတ်ဝင်စားသူတွေကို ကျွန်မ ကျမ်းစာသင်ပေးတဲ့နေရာမှာ ခရစ်ယာန်ချင်းတွေက မကြာခဏ ကူညီပေးကြတယ်။

 နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူရှိတယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၆:၃၄) ဒါကြောင့် ကျွန်မ ဒီနေ့အတွက်ပဲ စဉ်းစားတယ်။ ကိုယ်တကယ်လုပ်နိုင်မယ့်၊ လက်လှမ်းမီနိုင်မယ့် ပန်းတိုင်တွေချတယ်။ အခုခံစားနေရတဲ့ အားအင်ဆုတ်ယုတ်စေတဲ့ ရောဂါတွေ ကင်းစင်ပြီး “မှန်သောအသက်” ရမယ့် ကမ္ဘာသစ်ကို စောင့်မျှော်နေပါတယ်။—၁ တိမောသေ ၆:၁၉

စဉ်းစားစရာ– “လက်လှမ်းမီနိုင်မယ့်ပန်းတိုင်” က အကူအညီ ဖြစ်စေတယ်ဆိုတာ ယေမီ တွေ့ခဲ့တယ်။ သင်ရော လက်လှမ်းမီနိုင်မယ့် ဘာပန်းတိုင်တွေ ချနိုင်မလဲ။—၁ ကောရိန္သု ၉:၂၆

 မက်တီယို

 ကျွန်တော် အသက်ခြောက်နှစ်မှာ ကျောကုန်းစနာလာတယ်။ ဆရာဝန်တွေက ပထမတော့ ထွားလာလို့ ဖြစ်တာလို့ ပြောတယ်။ ဒါပေမဲ့ နောက်တစ်နှစ်အကြာ ကျောရိုးမှာ အသားပိုထွက်လာတာကို တွေ့ ရှိခဲ့တယ်။

 ခွဲစိတ်ကုသမှုလုပ်တယ်။ ဒါပေမဲ့ အသားပိုရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ဖယ်ထုတ်နိုင်ခဲ့တယ်။ နှစ်လပဲခံတယ်၊ အသားပိုက နဂိုအရွယ် ပြန်ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း အကြိမ်ကြိမ် စစ်ဆေးကုသမှုတွေ လုပ်ခဲ့ရပြီး စိတ်ပျက်စရာ အများကြီး ကြုံခဲ့ရတယ်။

 အသားပိုကြောင့် တစ်ခါတလေ တစ်ကိုယ်လုံး ဓားနဲ့ထိုးသလို ခံစားရပြီး ကျောနဲ့ ရင်ဘတ်က အဆိုးဆုံးပဲ။ ဒါပေမဲ့ ရောဂါကိုပဲ စိတ်ရောက်မနေအောင် ကြိုးစားတယ်။ တခြားသူတွေလည်း တကယ့်ကိုဆိုးတဲ့ အခြေအနေတွေ ကြုံရပေမဲ့ သူတို့ ခံနိုင်ရည်ရှိပြီး အပြုသဘော ဆက်ရှိနေကြတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်ပေးမယ်ဆိုတဲ့ ယေဟောဝါဘုရားသခင့်ကတိတော် တစ်နေ့ ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်စိတ်ချခြင်းက ကျွန်တော့်ကို အပြုသဘောဆက်ရှိနေဖို့ အကူအညီအပေးဆုံးအရာ ဖြစ်တယ်။—ဗျာဒိတ် ၂၁:၄

စဉ်းစားစရာ– ဆင်းရဲခက်ခဲမှုတွေကို အဆုံးတိုင်ပေးမယ်ဆိုတဲ့ ဘုရားကတိတော်အကြောင်း စဉ်းစားတာက မက်တီယိုအတွက် အကူအညီဖြစ်ခဲ့သလို သင့်အတွက်လည်း ဘယ်လိုအကူအညီဖြစ်နိုင်သလဲ။—ဟေရှာယ ၆၅:၁၇

 ဘရူနာ

 အပြင်ပန်းကတော့ နေမကောင်းဘူးလို့ မထင်ရတဲ့အတွက် လူတချို့က ကျွန်မကို အပျင်းထူတဲ့သူလို့ ထင်နိုင်တယ်။ တကယ်တော့ အရာရာတိုင်း၊ တောက်တိုမယ်ရလုပ်တာ၊ လေ့လာမှုလုပ်တာ၊ အိပ်ရာထတာတောင်မှ ကျွန်မအတွက် ခက်ခဲတယ်။

 တဖြည်းဖြည်းအင်အား ဆုတ်ယုတ်လာပြီး ပိုပိုဆိုးရွားလာတတ်တဲ့ နာတာရှည် နာဗ်ကြောစနစ် ရောဂါရှိနေတယ်ဆိုတာ အသက် ၁၆ နှစ်မှာ တွေ့ခဲ့ရတယ်။ အဲဒီရောဂါကြောင့် ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်း ထိခိုက်လာတယ်။ ခရစ်ယာန် လုပ်ငန်းဆောင်တာတွေမှာလည်း ဆန္ဒရှိသလောက် မပါဝင်နိုင်တော့ဘူး။ ကျွန်မ ၁ ပေတရု ၅:၇ ကို ထပ်ခါတလဲလဲဖတ်ဖြစ်တယ်။ အဲဒီမှာ ခုလိုရေးထားတယ်– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။” ယေဟောဝါက တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်ဆိုတာ စဉ်းစားလိုက်ရင် အားရှိလာတယ်။ အဲဒါက ယနေ့ထက်ထိ ဆက်ပြီး ခွန်အားရှိနေစေတယ်။

စဉ်းစားစရာ– ဘရူနာလုပ်သလို စိုးရိမ်စရာတွေကို ယေဟောဝါအပေါ် ပုံအပ်ထားခြင်းကနေ သင်ဘယ်လို အကျိုးခံစားရနိုင်မလဲ။—ဆာလံ ၅၅:၂၂

 အင်ဒရေ

 လူတချို့က ကျွန်တော့်ကို ၁၀ နှစ်သားတစ်ယောက်လို ဆက်ဆံကြတယ်။ သူတို့ကိုလည်း အပြစ်တင်လို့မရဘူး။ ကျွန်တော့်ပုံစံကိုက အဲဒီလိုဖြစ်နေတာကိုး။

 အသက်နှစ်,နှစ်အရွယ်မှာ တွေ့ရခဲတဲ့ ကင်ဆာရောဂါတစ်မျိုး ကျောရိုးနာဗ်ကြောမှာ စဖြစ်ခဲ့ပြီး ဦးနှောက်အထိ ပျံ့နှံ့လာတယ်။ ဆရာဝန်က ရောဂါဆက်မပြန့်အောင် ထိန်းချုပ်ခဲ့တယ်။ ဒီကုသမှုကြောင့် ကျွန်တော့်ရဲ့ ကြီးထွားမှု ထိခိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အရပ်က ၄ ပေ ၆ လက်မပဲရှိတယ်။ ကျွန်တော် အသက် ၁၈ နှစ်ရှိပြီလို့ ပြောလိုက်ရင် လူအများက လိမ်တယ်လို့ ထင်နေကြတယ်။

 အသင်းတော်မှာရှိတဲ့ ညီအစ်ကို ညီအစ်မတွေကတော့ ကျွန်တော့်ကို သိက္ခာရှိရှိ ဆက်ဆံကြတယ်။ သူတို့က ကျောင်းကလူတွေလို ကျွန်တော့်ကို ကလေးတစ်ယောက်လို နောက်ပြောင်တာတွေ မလုပ်ကြဘူး။ ကျွန်တော့်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အပြုသဘောရှိအောင် ကြိုးစားထိန်းထားတယ်။ တကယ်တော့ လူတစ်ယောက် ရရှိနိုင်တဲ့ အကောင်းဆုံးအရာကို ကျွန်တော် ရထားပါတယ်။ အဲဒါကတော့ ယေဟောဝါကို သိကျွမ်းခြင်းပါပဲ။ ကျွန်တော် ဘာပဲကြုံရကြုံရ ယေဟောဝါ ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုတာ ကျွန်တော် သိတယ်။ ကမ္ဘာသစ်မှာ ယေဟောဝါ လုပ်ပေးမယ့် ကတိတော်တွေအကြောင်း စဉ်းစားတဲ့အခါ အပြုသဘောဆက်ရှိဖို့ ကျွန်တော့်ကို ကူညီပေးတယ်။—ဟေရှာယ ၃၃:၂၄

စဉ်းစားစရာ– ယေဟောဝါကို သိကျွမ်းခြင်းက “လူတစ်ယောက်ရရှိနိုင်တဲ့ အကောင်းဆုံးအရာ” လို့ အင်ဒရေ တင်စားခဲ့တယ်။ ဘာကြောင့်လဲ။—ယောဟန် ၁၇:၃