မာတိကာဆီ ကျော်သွား

လူငယ်များအမေး

မီဒီယာမှာ တွေ့တဲ့အတိုင်း ဘာကြောင့် လိုက်မလုပ်သင့်သလဲ—အပိုင်း ၂– ယောက်ျားလေးတွေအတွက်

မီဒီယာမှာ တွေ့တဲ့အတိုင်း ဘာကြောင့် လိုက်မလုပ်သင့်သလဲ—အပိုင်း ၂– ယောက်ျားလေးတွေအတွက်

မီဒီယာမှာ တွေ့တဲ့အတိုင်း လိုက်လုပ်တယ်ဆိုတာ ဘာလဲ

  အောက်ဖော်ပြပါ စကားလုံးတွေကို ကြည့်ပါ၊ ပြီးတဲ့နောက် မေးထားတဲ့ မေးခွန်းတွေကို ဖြေကြည့်ပါ။

 ကော်လံ ၁

 ကော်လံ ၂

 ဂျစ်ကန်ကန်သဘောထားရှိ

 ရိုသေလေးစား

 တစ်ကိုယ်ကောင်းဆန်

 သစ္စာရှိ

 မိုက်မဲကြမ်းတမ်း

 ထောက်ထားစာနာ

 အပျင်းထူ

 အလုပ်ကြိုးစား

 မဆင်မခြင် လုပ်

 ချင့်ချင့်ချိန်ချိန် လုပ်

 ဉာဏ်နီဉာဏ်နက်များ

 ရိုးသားဖြူစင်

  1.  ၁။ ရုပ်ရှင်၊ တီဗွီနဲ့ မဂ္ဂဇင်းတွေမှာ ပုံဖော်ထားတဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေဟာ ဘယ်စကားလုံးတွေနဲ့ ကိုက်ညီသလဲ။

  2.  ၂။ သင့်ကိုကော ဘယ်စကားလုံးတွေနဲ့ ဖော်ပြစေချင်သလဲ။

 ပထမမေးခွန်းအတွက် ကော်လံ ၁ ကနေ အဖြေထွက်နိုင်ပြီး ဒုတိယမေးခွန်းအတွက် ကော်လံ ၂ ကနေ အဖြေထွက်တာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြေထွက်ရင် ကောင်းပါတယ်။ မီဒီယာမှာ ပုံဖော်ထားတဲ့ ယောက်ျားလေးတွေဟာ ကိုယ်တကယ်တမ်း အတုယူချင်တဲ့ပုံစံမျိုးလည်း ဟုတ်ချင်မှဟုတ်မယ်။ အဲဒီလိုပုံစံမျိုးလည်း မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတာကို သုံးသပ်လေ့လာကြည့်ပါ။

  •   မီဒီယာမှာ လူငယ်လေးတွေကို ကလန်ကဆန်၊ ဝုန်းဒိုင်းကြဲတတ်တဲ့သူတွေအဖြစ် ပုံဖော်ကြတယ်။ လူကြိုက်အများဆုံးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အားကစားသမားတွေကို “ဗလတောင့်ပြီး ဒေါသကြီး၊ ခိုက်ရန်ဖြစ်တတ်တဲ့သူတွေအနေနဲ့ ပုံဖော်ကြတယ်။ ... အဲဒါကြောင့် ကြမ်းတမ်းရမ်းကားပြီး ဂျစ်ကန်ကန်လုပ်တာက ကောင်းတယ်လို့ ဖော်ပြတာနဲ့တူတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Why Boys Don’t Talk—and Why It Matters) မှာ ရေးသားဖော်ပြထားတယ်။

     စဉ်းစားစရာ– ဒေါသပေါက်ကွဲတတ်တဲ့သူက သူငယ်ချင်းကောင်း၊ လုပ်ဖော်ဆောင်ဖက်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။ ရန်စခံရတဲ့အခါ ဒေါသပေါက်ကွဲဖို့ ဒါမှမဟုတ် ဒေါသကို ချုပ်တည်းဖို့ဆိုရင် ဘယ်ဟာမှာ ပိုအားစိုက်ရသလဲ။ ဘယ်ဟာက သင့်ကို ယောက်ျားပီသတဲ့သူဖြစ်ကြောင်း ဖော်ပြမလဲ။

     ကျမ်းစာမှာ ပြောတယ်– ‘ဒေါသထွက်နှေးသူဟာ ခွန်အားကြီးသူထက် ပိုကောင်းတယ်။ စိတ်ကိုချုပ်တည်းသူဟာ မြို့ကိုအောင်နိုင်သူထက် ပိုကောင်းတယ်။’—သုတ္တံ ၁၆:၃၂ကဘ။

    သင်ဟာ ဒေါသကို ထိန်းချုပ်တတ်ရင် တိုက်ပွဲဝင်တဲ့ စစ်သူရဲထက် ပိုသန်မာသူဖြစ်

  •   မီဒီယာမှာ ယောက်ျားလေးတွေကို မိန်းကလေးကိစ္စကိုပဲ စိတ်ဝင်စားတဲ့သူအဖြစ် တင်ဆက်ကြတယ်။ “ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာဆိုရင် သရုပ်ဆောင် လူငယ်လေးတွေဟာ မိန်းကလေးတွေကို ထည်လဲတွဲကြတဲ့သူတွေ ဖြစ်တယ်” ဆိုပြီး အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ခရစ္စ က ပြောပြတယ်။ အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ ဂယ်ရီက “မီဒီယာမှာတင်ဆက်တဲ့ ဇာတ်လိုက်မင်းသားတွေဟာ မိန်းမကိစ္စကိုပဲ စိတ်ဝင်စားကြတဲ့သူတွေ ဖြစ်တယ်” ဆိုပြီး ထပ်ဖြည့်ပြောတယ်။ ဥပမာ– တချို့ရုပ်ရှင်ဇာတ်လမ်းတွေမှာ ယောက်ျားလေးတစ်ယောက်ဖြစ်မယ်ဆိုရင် သူ့ရဲ့ပန်းတိုင်ဟာ ပါတီတက်မယ်၊ သောက်စားမူးယစ်မယ်၊ မိန်းကလေးတွေနဲ့ ပျော်ပါးမယ်ဆိုတဲ့ပုံစံမျိုးလောက်ပဲ ထွက်နေတယ်။

     စဉ်းစားစရာ– ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ တင်ဆက်ပုံဖော်ထားတဲ့လူစားမျိုး သင် ဖြစ်ချင်သလား။ ယောက်ျားပီသတဲ့သူတွေဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအတွက်လောက်ပဲ သဘောထားကြသလား၊ ဒါမှမဟုတ် သူတို့ကို တန်ဖိုးထားလေးစားကြသလား။

     ကျမ်းစာမှာ ပြောတယ်– “အမျိုးသားတိုင်းပင် သန့်ရှင်းဖြူစင် တင့်တယ်လျောက်ပတ်စွာ မိမိ၏ဇနီးနှင့် ပေါင်းသင်းနေထိုင်တတ်ရမည်။ ဘုရားသခင်ကို မကိုးကွယ်သူတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့ မလိုက်ရ။”—၁ သက်သာလောနိတ် ၄:၄၊ ၅ခမ။

  •   ရုပ်ရှင်၊ ကြော်ငြာတွေမှာ လူငယ်လေးတွေကို တာဝန်မသိတတ်တဲ့သူတွေအဖြစ် တင်ဆက်ကြတယ်။ လူကြိုက်များတဲ့ ဇာတ်လမ်းတွေနဲ့ ရုပ်သံအစီအစဉ်တွေမှာ ဆယ်ကျော်သက်ယောက်ျားလေးတွေကို မလုပ်တတ်မကိုင်တတ်၊ အသုံးမကျတဲ့သူတွေအနေနဲ့ များသောအားဖြင့် တင်ဆက်ကြတယ်။ ဒါကြောင့် လူကြီးတချို့က လူငယ်လေးတွေအပေါ် အယုံအကြည်မရှိကြတာ ဖြစ်နိုင်တယ်။ “ကျွန်တော် ၁၆ နှစ်ပြည့်တော့ အလုပ်လျှောက်တဲ့အခါ အလုပ်ရဖို့ ခက်တယ်၊ ဘာကြောင့်လဲဆိုတော့ အလုပ်ရှင်တွေက မိန်းကလေးတွေကိုပဲ အလုပ်ပေးချင်ကြတယ်။ သူတို့တွေက ဆယ်ကျော်သက်ယောက်ျားလေးတွေကိုဆိုရင် အသုံးမကျတဲ့သူတွေ၊ တာဝန်မသိတတ်တဲ့သူတွေပဲလို့ ထင်ကြတယ်” ဆိုပြီး ဂယ်ရီက ပြောပြတယ်။

     စဉ်းစားစရာ– ဆယ်ကျော်သက်တွေကို အသုံးမကျတဲ့ သူတွေ၊ တာဝန်မသိတတ်တဲ့သူတွေအဖြစ် မီဒီယာတွေမှာ တင်ဆက်တာက မျှတမှုရှိရဲ့လား။ ကိုယ်က အဲဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာကို ဘယ်လို ပြရင်ကောင်းမလဲ။

     ကျမ်းစာမှာ ပြောတယ်– “သင်၏အသက်ငယ်ရွယ်ခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့ဖြစ်မည့်အစား သင်၏အပြောအဆို၊ အပြုအမူနှင့် ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် သစ္စာရှိသူများအတွက် စံနမူနာဖြစ်စေလော့။”—၁ တိမောသေ ၄:၁၂

သိထားသင့်တဲ့အချက်

  •    မီဒီယာတွေက သင့်အပေါ် အများကြီး အကျိုးသက်ရောက်နိုင်တယ်။ ဥပမာ၊ ပေါ်ပြူလာဖြစ်ဖို့ဆိုရင် ခေတ်ရေစီးကြောင်းအတိုင်းလိုက်ဖို့ လိုတယ်လို့ ထင်မြင်လာအောင် မီဒီယာတွေက လုပ်နိုင်တယ်။ “ယောက်ျားလေးတွေက ဘာကို ၀တ်သင့်တယ်ဆိုတာကိုပြပြီး အဲဒါကြောင့် မိန်းကလေးတွေ တန်းတန်းစွဲဖြစ်သွားပုံကို ကြော်ငြာတွေမှာ တင်ဆက်ကြတယ်။ ဒါက ချက်ချင်း သွားပြီး ဝယ်၀တ်ချင်လာအောင် လှုံ့ဆော်ပေးတယ်” ဆိုပြီး ကောလင်းက ပြောပြတယ်။

     စဉ်းစားစရာ– သင်ဝတ်စားတဲ့ပုံစံက သင်တကယ်ပဲ ဝတ်ချင်တဲ့ပုံစံလား၊ တခြားသူကို လိုက်တုပပြီး ဝတ်နေတာလား။ နောက်ဆုံးပေါ် ဖက်ရှင်ရေစီးကြောင်းအတိုင်း ဝတ်စားဖို့ ငွေကုန်ကြေးကျခံတယ်ဆိုရင် တကယ်တမ်း အကျိုးအမြတ်ရတဲ့သူက ဘယ်သူလဲ။

     ကျမ်းစာမှာ ပြောတယ်– “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။”—ရောမ ၁၂:၂

  •   ရုပ်ရှင်၊ ကြော်ငြာတွေထဲက ပုံစံအတိုင်းလိုက်ပြီးလုပ်တာက သင့်အပေါ် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု လျော့သွားစေနိုင်တယ်။ မိန်းကလေးတချို့ပြောဆိုရာကို လေ့လာသုံးသပ်ကြည့်ပါ–

    •  “ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိဘဲ တခြားသူပုံစံဖမ်းထားတဲ့ ယောက်ျားလေးထက် ကိုယ့်စတိုင်နဲ့ ကိုယ်နေတဲ့ ယောက်ျားလေးကို ပိုသဘောကျတယ်။ ကိုယ့်ကိုအာရုံစိုက်အောင် တစ်ချိန်လုံးလုပ်နေမယ်ဆိုရင် တကယ့်တကယ်မှာတော့ အရယ်ခံရရုံပဲရှိမယ်။”—အန္န။

    •  “ကြော်ငြာတွေက ယောက်ျားလေးတွေဟာ မိန်းကလေးတွေ သဘောကျလာစေဖို့ စတိုင်ကတစ်မူထူးနေဖို့ လိုတယ်၊ ခေတ်မီပစ္စည်းလေးတွေရှိရမယ်ဆိုတဲ့ ခံစားချက်ဝင်စေတယ်။ ဒါပေမဲ့ မိန်းကလေးတွေက အသက်ကြီးလာတာနဲ့အမျှ အဲဒါတွေကို စိတ်မဝင်စားတော့ဘူး။ အဲဒီအစား၊ သူ့ရဲ့စိတ်နေစိတ်ထား၊ လူတွေကို သူ ဘယ်လို ဆက်ဆံသလဲဆိုတာကိုပဲ ကြည့်တော့တယ်။ ဥပမာ၊ မိန်းကလေးတွေက ယောက်ျားလေးတွေ ရိုးသားတာ၊ သစ္စာရှိတာကို ကြိုက်တယ်။”—ဒဲန်ယယ်လ်။

    •  “ရုပ်ဖြောင့်တဲ့သူတွေဟာ မာနကြီးတတ်တယ်၊ ကျွန်မအနားမှာ အဲဒီလိုလူမျိုး မရှိစေချင်ဘူး။ ကမ္ဘာပေါ်မှာ ရုပ်အဖြောင့်ဆုံးသူ ဖြစ်နေရင်တောင် မောက်မာတဲ့သူဖြစ်နေမယ်ဆိုရင်တော့ အဲဒီလူကို စိတ်မဝင်စားဘူး။”—ဒိုင်ယာနာ။

     စဉ်းစားစရာ– ‘ရှမွေလက ကြီးပြင်းလာပြီး ယေဟောဝါရှေ့မှာရော လူတွေရှေ့မှာပါ မျက်နှာသာရသူဖြစ်လာတယ်’ ဆိုပြီး လူငယ်လေး ရှမွေလအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဓမ္မရာဇဝင် ၂:၂၆ကဘ) ရှမွေလလို နာမည်ကောင်းရဖို့ ဘယ်အရည်အသွေးတွေကို မွေးမြူဖို့ လိုသလဲ။

     ကျမ်းစာမှာ ပြောတယ်– “ယောက်ျားကဲ့သို့ ရဲစွမ်းသတ္တိ ရှိကြလော့။”—၁ ကောရိန္သု ၁၆:၁၃

လုပ်ဆောင်နိုင်ရာ

  •   မီဒီယာတွေနဲ့ပတ်သက်လာရင် ချင့်ချိန်တတ်ပါ။ “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတည်းဟူသော လောက၌ရှိသမျှသောအရာတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်၏” ဆိုပြီး ကျမ်းစာမှာဖော်ပြထားတာကို သတိပြုပါ။—၁ ယောဟန် ၂:၁၆

     မီဒီယာတွေကတော့ အဲဒီလိုသဘောထားမျိုးကို မြေတောင်မြှောက်ပေးပြီး ထမင်းစားရေသောက်သဘောနဲ့ အဲဒါတွေကို တင်ဆက်နေတယ်။ များသောအားဖြင့်တော့ စီးပွားရေးသမားတွေဟာ ကိုယ်ကျိုးအတွက်စဉ်းစားပြီး ငွေရဖို့အတွက်ပဲ လုပ်ထားကြတာဖြစ်တယ်။ ဒါကြောင့် ကြည့်ရှုတာတွေနဲ့ပတ်သက်ပြီး ချင့်ချိန်ပါ။

  •   ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ။ မီဒီယာတွေမှာ အသားပေးတင်ဆက်နေတဲ့ ပုံသဏ္ဌာန်အတိုင်း မဟုတ်ဘဲ “ဖန်ဆင်းတော်မူသောအရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြ” ဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။—ကောလောသဲ ၃:၁၀

     အဲဒီတိုက်တွန်းချက်အတိုင်း လုပ်နိုင်ဖို့ဆိုရင် ဒီဆောင်းပါး အစမှာဖော်ပြခဲ့တဲ့၊ သင်ကိုယ်နှိုက်ကလည်း ဖော်ပြခံချင်တဲ့ အရည်အသွေးတွေကို သုံးသပ်ပါလေ။ အဲဒီအရည်အသွေးတွေရှိလာအောင်၊ တိုးတက်လာအောင် အခုပဲ စလုပ်ရင် မကောင်းဘူးလား။

  •   အပြုသဘောသြဇာလွှမ်းမိုးစေမယ့် စံနမူနာရှင်မျိုး ရှာပါ။ “ပညာရှိများနှင့် ပေါင်းဖော်သောသူသည် ပညာရှိဖြစ်လာလိမ့်မည်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၁၃:၂၀ခမ) သင့်ကို ပညာရှိစေနိုင်တဲ့သူတွေက ဘယ်သူတွေလဲ။ အဖေ၊ ဦးလေး၊ ဘကြီးစတဲ့ မိသားစုဝင်ထဲကသူတချို့ ဖြစ်နိုင်တယ်။ ရင့်ကျက်တဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်၊ ရင်းနှီးတဲ့ မိတ်ဆွေထဲကလည်း ဖြစ်နိုင်ပါတယ်။ ယေဟောဝါသက်သေတွေအတွက်တော့ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ ပုံသက်သေကောင်းတဲ့ ခရစ်ယာန်အမျိုးသားတွေ အများကြီးရှိပါတယ်။ တိတုအပါအဝင်၊ ငယ်ရွယ်တဲ့အမျိုးသားတွေ တုပဖို့ စံနမူနာကောင်းပြသခဲ့တဲ့သူတွေအကြောင်း သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတယ်။—တိတု ၂:၆–၈

     အကြံပြုချက်– သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ ဆိုတဲ့ စာအုပ်ထဲက အာဗေလ၊ နောဧ၊ အာဗြဟံ၊ ရှမွေလ၊ ယောန၊ ယောသပ်၊ ပေတရုစတဲ့ အလွန်ကောင်းမွန်လှတဲ့ ကျမ်းစာထဲက စံနမူနာရှင် အမျိုးသားတွေအကြောင်းကို ဖတ်ရှုလေ့လာကြည့်ပါ။