မာတိကာဆီ ကျော်သွား

လိင်တူချင်းကို ငါ စိတ်ဝင်စားနေတယ်—ငါ မိန်းမလျာ/ယောက်ျားလျာ ဖြစ်နေပြီလား

လိင်တူချင်းကို ငါ စိတ်ဝင်စားနေတယ်—ငါ မိန်းမလျာ/ယောက်ျားလျာ ဖြစ်နေပြီလား

 မဟုတ်ပါဘူး။

 အမှန်တရား– အခြေအနေအများစုမှာ လိင်တူချင်းကို စိတ်ဝင်စားတာက ခဏလေးနဲ့ ပျောက်သွားတတ်ပါတယ်။

 ဒီအချက်ကို လီဇက်လို့ခေါ်တဲ့ အသက် ၁၆ အရွယ်မိန်းမငယ်လေး သိလာခဲ့တယ်။ တစ်ချိန်က သူဟာ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကြီးကောင်ဝင်ချိန်မှာ ဟော်မုန်း အများကြီး အပြောင်းအလဲ ဖြစ်တတ်တယ်ဆိုတာ ကျောင်းက ဇီဝဗေဒသင်ခန်းစာကနေ သိရတယ်။ ကျွန်မအထင်ကတော့ လူငယ်တွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာအကြောင်း သိထားမယ်ဆိုရင် လိင်တူချင်း စိတ်ဝင်စားတဲ့စိတ်က ခဏပဲဆိုတာ သိလာကြလိမ့်မယ်။ မိန်းမလျာ/ယောက်ျားလျာတွေလည်း ဖြစ်ကြတော့မှာ မဟုတ်ဘူး။”

လိင်ကိစ္စနဲ့ပတ်သက်ပြီး ယိုယွင်းကျဆင်းနေတဲ့ လောကရဲ့ ရှုမြင်ပုံအတိုင်း သွားမလား၊ သမ္မာကျမ်းစာပါ မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း သွားမလားဆိုတာကို လူငယ်တိုင်း ရွေးချယ်ကြရတယ်

 ဒါပေမဲ့ လိင်တူချင်းအပေါ် စိတ်ဝင်စားတဲ့ သင့်ခံစားချက်ကတော့ ခဏလေးနဲ့ ပျောက်မသွားဘူးလို့ ထင်ရရင်ကော။ လိင်တူစိတ်ဝင်စားနေသူတစ်ယောက်ကို လိင်တူဆက်ဆံတာကို ရှောင်ဖို့ ပြောတဲ့အတွက် ဘုရားသခင် မတရားဘူးလို့ သင် ထင်သလား။

 ထင်တယ်ဆိုရင် သင် သိထားသင့်တဲ့အရာတစ်ခု ရှိပါတယ်။ အဲဒီအယူအဆက လူတွေဟာ ကိုယ့်ရဲ့ လိင်ဆန္ဒအတိုင်း လိုက်လုပ်ရမယ်ဆိုတဲ့ မှားယွင်းတဲ့ စဉ်းစားပုံမှာ အခြေခံထားတယ်။ လူတွေဟာ သူတို့ရဲ့ မတော်လျော်တဲ့ လိင်ဆန္ဒကို တွန်းလှန်နိုင်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားခြင်းအားဖြင့် လူတွေကို ဂုဏ်တင်ထားတယ်။—ကောလောသဲ ၃:၅

 သမ္မာကျမ်းစာရဲ့ စံနှုန်းက မျှတပါတယ်။ “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့” ဆိုတဲ့ အမိန့်ကို လိုက်နာဖို့ သာမန်လိင်ဆန္ဒရှိသူတွေကို ပြောသလို လိင်တူစိတ်ဝင်စားတဲ့သူတွေကိုလည်း ပြောနေတာပါ။ (၁ ကောရိန္သု ၆:၁၈) တကယ်တော့ သမ္မာကျမ်းစာစံနှုန်းအတိုင်း လိုက်လိုတဲ့ သာမန်လိင်ဆန္ဒရှိသူတွေဟာ ဘယ်လိုသွေးဆောင်မှု အခြေအနေပဲကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမှာ ဖြစ်တယ်။ လိင်တူဆက်ဆံချင်စိတ် ရှိနေသူတွေလည်း ဘုရားသခင့်စိတ်တော်နဲ့ တကယ်ပဲ တွေ့ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်။—တရားဟောရာ ၃၀:၁၉