မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ

 ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား

 ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းခဲ့တယ်လို့ ယုံကြည်ပါသလား။ ယုံတယ်ဆိုရင် သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ (အရွယ်ရောက်သူတွေအပါအဝင်) လူငယ်များစွာဟာ ဖန်ဆင်းခြင်းကို ယုံကြည်ကြတယ်။ ဒါပေမဲ့ တခြားသူတွေကျတော့ သက်ရှိတွေနဲ့ စကြဝဠာတစ်ခုလုံးက “ဉာဏ်ကြီးရှင်” တစ်ပါးပါးရဲ့ အကူအညီမပါဘဲ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲလာတယ်လို့ ဆိုကြတယ်။

 ဒီအချက်ကို သိပါသလား။ အငြင်းပွားနေတဲ့ အုပ်စုနှစ်စုစလုံးက လူတွေဟာ ကိုယ် ဘာကြောင့် ယုံကြည်ရသလဲဆိုတာ မသိဘဲ ဘာကို ယုံကြည်တယ်ဆိုတာကို အလွယ်တကူ ပြောတတ်ကြတယ်။

  •   တချို့သူတွေက ချာ့ချ်ကသင်ပေးလို့သာ ဖန်ဆင်းခြင်းကို ယုံကြတယ်။

  •   တခြားသူတွေကျပြန်တော့ စာသင်ကျောင်းမှာ သင်ပေးခံရလို့သာ ဆင့်ကဲဖြစ်စဉ်ကို လက်ခံကြတယ်။

 ဒီဆောင်းပါးတွဲတွေက ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး သင့်ရဲ့ယုံကြည်ချက်ကို ခိုင်ခံ့လာစေဖို့နဲ့ ပြန်ရှင်းပြနိုင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။ အရင်ဆုံး ဘုရားသခင်ကို ဘာကြောင့် ယုံကြည်ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုအပ်တယ်။

 ဘုရားသခင်ရှိတယ်လို့ ငါ ဘာကြောင့် ယုံကြည်ရ

 ဒီမေးခွန်းက ဘာကြောင့် အရေးကြီးရတာလဲ။ အကြောင်းက သမ္မာကျမ်းစာမှာ ကျွန်တော်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုဖို့ အားပေးထားတယ်။ (ရောမ ၁၂:၁) ဆိုလိုတာက ဘုရားသခင်တည်ရှိတာကို ကိုယ်ယုံကြည်ရတဲ့ အကြောင်းရင်းက အောက်မှာဖော်ပြထားတဲ့ အချက်တွေအပေါ်သာ အခြေမပြုသင့်ဘူး–

  •  စိတ်ခံစားချက် (သာလွန်မြင့်မားတဲ့ စွမ်းအားတစ်ခုခု ရှိရမယ်ဆိုပြီး ကိုယ်တိုင် ခံစားရလို့ဖြစ်)

  •  တခြားသူတွေရဲ့သြဇာလွှမ်းမိုးမှု (ဘုရားသခင်ကိုယုံကြည်တဲ့ အသိုင်းအဝိုင်းမှာ ကိုယ်က နေထိုင်လို့ဖြစ်)

  •  ဖိအားပေးမှု (ဘုရားသခင်ရှိတာကိုယုံကြည်ဖို့ မိဘတွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ကူညီအားပေးလို့ဖြစ်)

 အဲဒီအစား ဘုရားသခင်ရှိတာကို ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ ယုံကြည်ဖို့လိုတယ်။ ဒီလိုယုံကြည်ရတာကလည်း ခိုင်လုံတဲ့အကြောင်းပြချက်တွေအပေါ် အခြေခံသင့်တယ်။

 ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ရတဲ့အကြောင်းပြချက်က ဘာလဲ။ “ဘုရားသခင်တည်ရှိတာကို ငါ ဘာကြောင့် ယုံကြည်ရ” အစီအစဉ်ဇယားက သင်ရဲ့ယုံကြည်ချက်ကို ခိုင်ခံ့စေပါလိမ့်မယ်။ ဒီမေးခွန်းကို တခြားလူငယ်တွေ ဘယ်လိုပြန်ဖြေဆိုကြသလဲဆိုတာကို သုံးသပ်တာက ကိုယ့်အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။

 “အတန်းထဲမှာ ဆရာက လူ့ခန္ဓာကိုယ်လုပ်ဆောင်ပုံအကြောင်း ရှင်းပြတာကို ကြားတဲ့အခါမှာ ဘုရားသခင်ရှိတယ်ဆိုတာ ကျွန်မ အပြည့်အဝ ယုံကြည်တယ်။ အသေးငယ်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းလေးကအစ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ ကိုယ်စီကိုယ်စီ လုပ်ဆောင်ချက်တွေရှိကြတယ်။ တချို့အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကျွန်မတို့ သိတောင်မသိလိုက်ဘူး။ လူ့ခန္ဓာကိုယ်ဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ။”​—ထရေဇာ

 “မိုးမျှော်တိုက်ကြီးတွေ၊ သင်္ဘောကြီးတွေနဲ့ ကားတွေကို ကြည့်တဲ့အခါတိုင်း ‘ဒါတွေကို ဘယ်သူ လုပ်တာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အသိဉာဏ်ရှိလူသားတွေပဲ ကားတွေကို လုပ်နိုင်တာ။ အကြောင်းကတော့ ကားမှာပါတဲ့ အစိတ်အပိုင်းတွေ ကောင်းကောင်းလည်ပတ်ဖို့ဆိုရင် အံဝင်ခွင်ကျ ဖြစ်ဖို့လိုတယ်။ ကားတွေကို တီထွင်သူရှိရင် လူတွေကိုလည်း ဖန်ဆင်းတဲ့သူ ရှိရမယ်။”—ရစ်ချက်။

 “အသိဉာဏ်အရှိဆုံး လူသားတွေတောင်မှ စကြဝဠာမှာရှိတဲ့ အစိတ်အပိုင်းအသေးဆုံးရဲ့ လုပ်ဆောင်ပုံကို နားလည်ဖို့ နှစ်အတော်များများ လေ့လာရတယ်ဆိုရင် စကြဝဠာကြီးတည်ရှိလာဖို့ အသိဉာဏ်မလိုဘူးလို့ ပြောတာက တော်တော်လေးကို ယုတ္တိမရှိတာပဲ။”—ခါရန်

 “သိပ္ပံပညာကို ပိုလေ့လာလေလေ ဆင့်ကဲအယူဝါဒ မှားတယ်ဆိုတာ တွေ့လာလေလေပဲ။ ဥပမာ၊ သဘာဝတရားမှာ တွေ့ရတဲ့အနုစိတ်ကျတဲ့တိကျမှု၊ ငါတို့တွေက ဘယ်သူတွေလဲ၊ ဘယ်က လာတာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ အပါအဝင် လူတွေရဲ့ထူးခြားမှုကို ကျွန်တော် စဉ်းစားမိတယ်။ ဆင့်ကဲအယူဝါဒက တိရစ္ဆာန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းပြတယ်။ ဒါပေမဲ့ လူတွေဟာ ဘာကြောင့် ထူးခြားနေတာလဲဆိုတာကို ဆင့်ကဲအယူဝါဒက မရှင်းပြနိုင်သေးဘူး။ ကျွန်တော့်အတွက်တော့ ဆင့်ကဲဖြစ်စဉ်ကို ယုံရခက်တယ်၊ ဖန်ဆင်းရှင်ကို ယုံကြည်ဖို့က ပိုလွယ်တယ်။”—အန်တိုနီ

 ကိုယ့်ယုံကြည်ချက်ကို ရှင်းပြခြင်း

 အတန်းဖော်တွေက မမြင်ရတဲ့အရာကို ယုံကြည်လို့ ကိုယ့်ကို လှောင်ပြောင်ပြောဆိုလာရင်ကော။ နောက်ပြီး သူတို့က ဆင့်ကဲဖြစ်စဉ်ကို သိပ္ပံပညာက “မှန်ကြောင်းအတည်ပြုပြီးပြီ”လို့ ပြောလာခဲ့ရင်ကော။

  ကိုယ့်ယုံကြည်ချက်အပေါ် သံသယ မရှိပါနဲ့။ ကိုယ့်ယုံကြည်ချက်ကြောင့် ရှက်ကြောက်ခြင်း မရှိနဲ့။ (ရောမ ၁:၁၆) ဒါတွေအားလုံးထက် သိထားရမှာက–

  1.  ၁။ ဘုရားသခင်ကို ယုံတာ သင်တစ်ယောက်တည်း မဟုတ်ဘူး။ အများကြီး ရှိတယ်။ သူတို့တွေထဲမှာ ပညာတတ်တွေလည်း ပါတယ်။ သိပ္ပံပညာရှင်တွေတောင် ဘုရားသခင် ရှိတယ်ဆိုတာ ယုံတယ်။

  2.  ၂။ လူတချို့ ဘုရားသခင်ကိုမယုံတာက ဘုရားသခင်အကြောင်း ကောင်းကောင်းနားမလည်လို့လည်း ဖြစ်နိုင်တယ်။ ဘုရားသခင်ကို မယုံရတဲ့အကြောင်းပြချက်ကို ပေးမယ့်အစား ဒီလိုမေးခွန်းတွေပဲ မေးကြတယ်။ “ဘုရားသခင် တကယ်ရှိတယ်ဆိုရင် ဘာဖြစ်လို ဆင်းရဲဒုက္ခတွေ ဒီလောက်များနေရတာလဲ။” အမှန်တော့ သူတို့ဟာ ဆင်ခြင်သုံးသပ်ရမယ့်ကိစ္စကို စိတ်ခံစားချက်အဖြစ် ရှုမြင်လိုက်ကြတယ်။

  3.  ၃။ လူတိုင်းမှာ တစ်စုံတစ်ရာကို “မှီခို” အားကိုးလိုစိတ် ရှိတယ်။ (မဿဲ ၅:၃) ဒီစိတ်ကြောင့်ပဲ ဘုရားသခင်ကို ကိုးကွယ်ဖို့ လိုရတာ ဖြစ်တယ်။ တကယ်လို့ တစ်ယောက်ယောက်က ဘုရားသခင်မရှိဘူးလို့ ပြောလာခဲ့ရင် ဘုရားသခင်မရှိဘူးလို့ သူဘာကြောင့် ကောက်ချက်ချသလဲဆိုတာကို မေးမြန်းကြည့်နိုင်တယ်။​—ရောမ ၁:၁၈–၂၀

  4.  ၄။ ဘုရားသခင်ကို ယုံကြည်တာက ယုတ္တိရှိတယ်။ ဆိုလိုတာက သက်ရှိဟာ အလိုလို ဖြစ်မလာနိုင်ဘူး။ သက်ရှိဟာ သက်မဲ့ကနေ အလိုအလျောက် ရုတ်တရက် ဖြစ်လာတယ်ဆိုတာကို ထောက်ခံတဲ့ သက်သေပြချက် မရှိဘူး။

 တကယ်လို့ တစ်ယောက်ယောက်က ဘုရားသခင်ကို ဘာကြောင့် ယုံရတာလဲလို့ မေးလာခဲ့ရင်ကော။ မေးနိုင်ပုံတချို့ကို သုံးသပ်ကြည့်ရအောင်။

 တစ်ယောက်ယောက်က ဒီလိုပြောလာခဲ့ရင်– “ပညာမတတ်တဲ့လူတွေပဲ ဘုရားသခင်ကို ယုံတာ။”

 ပြန်လည်ပြောဆိုနိုင်ပုံ– “တကယ်ပဲ ဒီလို ထင်ထားတာလား။ ငါတော့ အဲဒီလို မထင်ဘူး။ တက္ကသိုလ်အတော်များများက သိပ္ပံပညာရှင် ၁,၆၀၀ ကျော်ကို လေ့လာတဲ့ စစ်တမ်းအရ သူတို့ထဲက သုံးပုံတစ်ပုံဟာ ဘုရားသခင်တည်ရှိတယ်ဆိုတာ ယုံကြတယ်။ a ဘုရားသခင်ကို ယုံလို့ အဲဒီသိပ္ပံပညာရှင်တွေကို ပညာမတတ်တဲ့လူတွေလို့ မင်း ပြောမလား။”

 တစ်ယောက်ယောက်က ဒီလိုပြောလာခဲ့ရင်– “ဘုရားသခင်ရှိတယ်ဆိုရင် ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေ ဒီလောက်များနေရတာလဲ။”

 ပြန်လည်ပြောဆိုနိုင်ပုံ– “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘုရားသခင်ရဲ့ လုပ်ဆောင်ပုံအကြောင်း မင်း သိပ်နားမလည်ဘူးလို့ ငါ ထင်တယ်၊ သူငယ်ချင်း။ ဟုတ်တယ်မဟုတ်လား။ [တုံ့ပြန်မှုကို စောင့်ပါ] ဆင်းရဲဒုက္ခတွေ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ယုတ္တိရှိပြီး ကျေနပ်အားရစရာကောင်းတဲ့ အဖြေကို ငါတွေ့ထားတယ် သူငယ်ချင်း။ ဒါပေမဲ့ ဒီအကြောင်းကို နားလည်ဖို့ အရင်ဆုံး သမ္မာကျမ်းစာရဲ့ တခြားသွန်သင်ချက်တွေကို လေ့လာထားဖို့ လိုတယ်။ မင်း ဒီထက်မက ပိုသိချင်သလား။”

 နောက်ဆောင်းပါးမှာ ဆင့်ကဲသီအိုရီက လူသားတွေတည်ရှိမှုနဲ့ ပတ်သက်ပြီး ကျေနပ်စရာကောင်းတဲ့ ရှင်းပြချက် ဘာကြောင့် မပေးနိုင်သလဲ ဆိုတာကို ဆွေးနွေးသွားပါမယ်။

a Source: Social Science Research Council, “Religion and Spirituality Among University Scientists,” by Elaine Howard Ecklund, February 5, 2007.