မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အရက်ယမကာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

အရက်ယမကာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 တရားဝင်သောက်ခွင့် ရှိတယ်ဆိုရင် သင့်တော်တဲ့ ပမာဏနဲ့ သောက်သုံးတာကို ကျမ်းစာက မတားမြစ်ပါဘူး။ ဒါပေမဲ့ သောက်ကြူးတာကိုတော့ တားမြစ်ထားတယ်။​—ဆာလံ ၁၀၄:၁၅။ ၁ ကောရိန္သု ၆:​၁၀

 တကယ်လို့ အစိုးရဥပဒေနဲ့ သင့်ရဲ့ မိဘတွေ တားမြစ်ထားတဲ့ကြားက အရက်သောက်ဖို့ ဖိအားပေးတာတွေ ကြုံလာရတယ် ဆိုရင်ကော။

 သောက်ပြီးဘာဖြစ်မယ်ဆိုတာ စဉ်းစားပါ

 ရွယ်တူချင်းတွေက အရက်သောက်တာ ပျော်စရာ သိပ်ကောင်းတယ်လို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ သောက်ပြီးတဲ့နောက် ဘာတွေ ဖြစ်သွားနိုင်သလဲ။

  •  ဥပဒေအရ အရေးယူခံရနိုင်။ သင်က အစိုးရ ခွင့်ပြုထားတဲ့ အသက်အရွယ် မရောက်ခင် အရက်သောက်တယ်ဆိုရင် ဒဏ်ရိုက်ခံရတာ၊ ရာဇဝတ်မှုနဲ့ အရေးယူတာ၊ လိုင်စင်အသိမ်းခံရတာ၊ လူမှုရေးလုပ်ငန်းမှာ လုပ်ဆောင်ခိုင်းတာနဲ့ ထောင်ကျတာ ဖြစ်နိုင်ပါတယ်။​—ရောမ ၁၃:၃

  •  နာမည်ပျက်နိုင်။ အရက်က ကိုယ့်ကိုယ်ကို ချုပ်တည်းနိုင်စွမ်း ကျစေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ နောက်ပိုင်း နောင်တရစေတဲ့ စကားမျိုး၊ လုပ်ရပ်မျိုးကို လုပ်မိစေနိုင်တယ်။ (သုတ္တံ ၂၃:၃၁-​၃၃) ဒီဆိုရှယ်မီဒီယာခေတ်မှာ သင့်ရဲ့လုပ်ရပ်က တစ်သက်လုံး နာမည်ပျက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

  •  ခုခံကာကွယ်နိုင်မှု အားနည်းစေ။ အရက်ကြောင့် ကာယရေးနဲ့ လိင်ဆိုင်ရာစော်ကားမှုခံရဖို့ လွယ်ကူသွားစေတယ်။ အဲဒီအချိန်မှာ တခြားသူရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို အလွယ်တကူ ကျရောက်သွားနိုင်ပြီး အန္တရာယ်ဖြစ်စေတဲ့၊ တရားမဝင်တဲ့ လုပ်ရပ်တွေ လုပ်မိသွားနိုင်တယ်။

  •  အရက်စွဲသွားနိုင်။ လေ့လာတွေ့ရှိချက်တချို့အရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့သူတွေဟာ အရက်စွဲဖို့ ပိုလွယ်တယ်လို့ ဖော်ပြတယ်။ စိတ်ဖိစီးလို့၊ အထီးကျန်လို့၊ ပျင်းလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြ အရက်သောက်တာက နောက်ဆုံး ဖြတ်ဖို့ ပိုခက်စေတယ်။

  •  သေဆုံးနိုင်။ အမေရိကန်မှာ၊ အရက်သောက်ပြီး ကားမောင်းတာကြောင့် ၅၂ မိနစ်တိုင်းမှာ လူတစ်ဦး သေဆုံးနေရတယ်။ ၅ နှစ်တာ အတွင်းမှာ အသက် ၂၁ နှစ်အောက် လူငယ် ၁၅၀၀ ကျော်ဟာ အရက်နဲ့ပတ်သက်တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးနေကြရတယ်။ ကိုယ်တိုင် မသောက်သည့်တိုင် အရက်သောက်ထားသူ မောင်းတဲ့ကားကို စီးတယ်ဆိုရင် အန္တရာယ်ကြုံရနိုင်ပါတယ်။

 စိတ်ပိုင်းဖြတ်ထားပါ

 မသင့်တော်ဘဲ အရက်သောက်တဲ့ကိစ္စမှာ ကိုယ်ဘာလုပ်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားရင် နောက်ဆက်တွဲပြဿနာတွေ၊ အန္တရာယ်တွေကို ရှောင်နိုင်တယ်။

 ကျမ်းစာလမ်းညွှန်ချက်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။” (သုတ္တံ ၂၂:၃) ကားမမောင်းခင်နဲ့ အာရုံစိုက်ရမယ့် အလုပ်ကိုမလုပ်ခင် အရက်သောက်တာက ပညာမဲ့ရာကျပါတယ်။

 စိတ်ပိုင်းဖြတ်ချက်– ‘ငါအရက်သောက်မယ်ဆိုရင် တရားဥပဒေခွင့်ပြုတဲ့ အသက်အရွယ်နဲ့ သင့်တော်တဲ့ အခြေအနေမျိုး ဖြစ်ရမယ်။’

 ကျမ်းစာလမ်းညွှန်ချက်– “တစ်စုံတစ်ယောက်၏ စေစားမှုကို ခံသောသူသည် စေစားသူ၏ကျွန်ဖြစ် . . . ၏။” (ရောမ ၆:​၁၆ခမ) သူငယ်ချင်းတွေ သောက်လို့ လိုက်သောက်တာဆိုရင် သူတို့က ကိုယ့်ကို ထိန်းချုပ်နေတာနဲ့ တူသွားတယ်။ သင်က အပျင်းပြေဖို့ ဒါမှမဟုတ် ဖိစီးမှုကြောင့် သောက်တာဆိုရင် ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိသေးဘူးဆိုတာကို ပြနေတာပဲ။

 စိတ်ပိုင်းဖြတ်ချက်– ‘သူငယ်ချင်းတွေက အရက်သောက်ဖို့ ဖိအားပေးတာကို ငါ လက်မခံဘူး။’

 ကျမ်းစာလမ်းညွှန်ချက်– ‘စပျစ်ရည်သောက်ကြူးသောသူကို အပေါင်းအဖော်မလုပ်နှင့်။’ (သုတ္တံ ၂၃:၂၀) မကောင်းတဲ့ အပေါင်းအသင်းက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးသွားတတ်တယ်။ အရက်ယမကာကို တလွဲအသုံးပြုနေတဲ့သူတွေနဲ့ အတူရှိနေတာက သင့်အတွက် အန္တရာယ်ရှိစေနိုင်တယ်။

 စိတ်ပိုင်းဖြတ်ချက်– ‘အရက်ယမကာကို တလွဲအသုံးပြုတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးမပေါင်းဘူး။’