မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူက ငါ့အတွက် သင့်တော်တဲ့သူလား

သူက ငါ့အတွက် သင့်တော်တဲ့သူလား

 သင့်အတွက် အိမ်ထောင်ဖက်ကောင်းအဖြစ် သင့်တော်တဲ့သူကို ရှာတွေ့ပြီလား။ တွေ့တယ်ဆိုရင် သူက သင့်အတွက် သင့်တော်တယ်ဆိုတာကို သင်ဘယ်လို သိနိုင်မလဲ။

 အပြင်ပန်းအသွင်အပြင်ထက်မက ကြည့်ဖို့ အရေးကြီးပါတယ်။ အရမ်းလှတဲ့ မိန်းကလေးက ယုံကြည်စိတ်ချလို့မရတဲ့သူ ဖြစ်နိုင်သလို၊ အရမ်းထင်ပေါ်တဲ့ ယောက်ျားလေးကလည်း ကိုယ်ကျင့်တရား မကောင်းတဲ့သူ ဖြစ်နိုင်တယ်။ သင်နဲ့ စရိုက်လည်းတူပြီး ပန်းတိုင်ပါတူတဲ့သူကို သင်အလိုရှိမှာ ဖြစ်တယ်။​—ကမ္ဘာဦး ၂:၁၈; မဿဲ ၁၉:​၄–၆

အပြင်ပန်းကိုပဲ မကြည့်ပါနဲ့

 သင်စိတ်ဝင်စားနေတဲ့သူကို အရှိကိုအရှိတိုင်းမြင်ပါ။ သတိထားပါ၊ သင်က သင်လိုချင်တဲ့အရာကိုပဲ မြင်နေမိနိုင်တယ်။ ဒါကြောင့် အချိန်ယူပါ၊ မလောပါနဲ့။ သင်စိတ်ဝင်စားနေတဲ့သူရဲ့ စိတ်ရင်းကို သိအောင်ကြိုးစားပါ။

 တစ်ယောက်ယောက်နဲ့ တွဲနေတဲ့သူ တော်တော်များများဟာ အပြင်ပန်းကိုပဲ ကြည့်ကြတယ်။ သူတို့ဟာ သူတို့နှစ်ယောက်စလုံးမှာ ရှိတဲ့ တူညီတဲ့ အချက်တွေကိုပဲ အာရုံစိုက်တတ်ကြတယ်။ ဥပမာ၊ “ငါတို့နှစ်ယောက်စလုံး အဲဒီသီချင်းကို သိပ်ကြိုက်တာ။” “ငါတို့နှစ်ယောက်က ဘာလုပ်လုပ် စိတ်တူကိုယ်တူပဲ။” ဒါပေမဲ့ သင်ဟာ အပြင်ပန်းထက်မက ကြည့်မြင်ဖို့ လိုအပ်ပါတယ်။ “စိတ်နှလုံး၏ အတွင်းလူ” ကို သိဖို့ လိုအပ်ပါတယ်။ (၁ ပေတရု ၃:၄; ဧဖက် ၃:၁၆) သင်တို့နှစ်ယောက် ဘယ်နေရာမှာ အကြိုက်ချင်းတူတယ် ဆိုတာထက် သဘောထား မတိုက်ဆိုင်လာတဲ့အခါ ဘာတွေ ဖြစ်ပျက်သလဲဆိုတာကို အာရုံစိုက်ပါ။ အဲဒါဆိုရင် သူ့အကြောင်း ပိုသိလာပါလိမ့်မယ်။

 ဥပမာ၊ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  •   စိတ်ချင်းမတိုက်ဆိုင်တဲ့အခါ သူဘယ်လို ဖြေရှင်းသလဲ။ သူဖြစ်ချင်တာကိုပဲ စိတ်ဆိုးမာန်ဆိုး၊ စကားလုံးကြမ်းကြမ်းတွေနဲ့ ဇွတ်အတင်း ပြောတတ်သလား။ (ဂလာတိ ၅:​၁၉၊ ၂၀; ကောလောသဲ ၃:၈) ဒါမှမဟုတ် ဘယ်သူမှ မမှားတဲ့ကိစ္စတွေမှာ တစ်ဖက်သားရဲ့ ဆန္ဒကိုလိုက်လျောခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့် ရှိသလား။​—ယာကုပ် ၃:၁၇

  •   သူက သူများအပေါ် စိုးမိုးခြယ်လှယ်တတ်သလား။ ပိုင်စိုးပိုင်နင်းလုပ်တတ်သလား။ ဝန်တိုတတ်သလား။ သင်လုပ်တဲ့အရာမှန်သမျှကို ပြောပြဖို့ တောင်းဆိုသလား။ “တချို့အတွဲတွေက တစ်ယောက်က နောက်တစ်ယောက် ဘယ်မှာ ရှိသလဲ၊ ဘာလုပ်နေလဲဆိုတာ တစ်ချိန်လုံး လိုက်စစ်နေတဲ့အခါ သည်းမခံနိုင်တော့လို့ ရန်ဖြစ်ကြတာကို ကျွန်မ ကြားဖူးတယ်။ ကျွန်မအထင်တော့ အဲဒါက ပြဿနာရဲ့ အစပဲ” လို့ နီကိုးက ပြောပြတယ်။​—၁ ကောရိန္သု ၁၃:၄

  •   သူနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ ရှုမြင်ချက်က ဘာလဲ။ သင်စိတ်ဝင်စားတဲ့သူကို ကြာမြင့်စွာ သိကျွမ်းခဲ့သူ ဥပမာ အသင်းတော်က သူနဲ့ ရင်းနှီးတဲ့ သူ့မိတ်ဆွေလိုမျိုးကို မေးမြန်းခြင်းက သင့်အတွက် အကျိုးရှိပါလိမ့်မယ်။ အဲဒီလိုအားဖြင့် သူဟာ နာမည်ကောင်းရှိသူ ဟုတ်မဟုတ်ဆိုတာ သိလာပါလိမ့်မယ်။—တမန်တော် ၁၆:​၁၊ ၂