မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အိမ်စည်းကမ်းတွေက အရေးကြီးသလား

အိမ်စည်းကမ်းတွေက အရေးကြီးသလား

 အိမ်စည်းကမ်းတွေ လိုက်နာဖို့ ခက်တဲ့အခါတွေရှိသလား။ ဒီဆောင်းပါးနဲ့ အစီအစဉ်ဇယားက အိမ်စည်းကမ်းတွေအကြောင်း မိဘတွေနဲ့ ဆွေးနွေးဖို့ ကူညီပေးပါလိမ့်မယ်။

 သင့်တော်တဲ့ သဘောထား

 မှားယွင်းတဲ့ အတွေးအခေါ်– မိဘတွေနဲ့ မနေတော့ရင် အိမ်စည်းကမ်းတွေ လိုက်နာစရာ မလိုတော့ဘူး။

 အမှန်– မိဘတွေနဲ့ မနေတော့ရင်လည်း စည်းကမ်းတချို့ကို လိုက်နာနေရအုံးမှာပဲ။ အလုပ်ရှင်၊ အိမ်ပိုင်ရှင်၊ အစိုးရတွေရဲ့ စည်းကမ်းတွေ ရှိနေသေးတယ်။ “အိမ်စည်းကမ်းကို မလိုက်နာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့အခါ အခက်ကြုံလိမ့်မယ်” လို့ ၁၉ နှစ်အရွယ် ဒန်ရယ်လ်ဆိုတဲ့ မိန်းကလေး ပြောတယ်။

 သမ္မာကျမ်းစာပြောဆိုရာ– ‘အစိုးရနဲ့ အာဏာပိုင်တွေကို နာခံမှုပြပါ။’ (တိတု ၃:၁) မိဘတွေ ချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာခြင်းက နောင်တစ်ချိန် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အလေ့အကျင့်ကောင်းပဲ။

 လုပ်ဆောင်နိုင်ရာ– စည်းကမ်းတွေရဲ့ အကျိုးကျေးဇူးကို သိမြင်အောင် လုပ်ပါ။ “မိဘတွေရဲ့ စည်းကမ်းတွေက မိတ်ဆွေ ရွေးချယ်တတ်ဖို့၊ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ တီဗီကြည့်လွန်းတာ၊ ဗီဒီယိုဂိမ်း ဆော့လွန်းတာမျိုးကို ထိန်းချုပ်ပေးပြီး ပိုအကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖို့ ကူညီပေးတယ်။ အခုဆိုရင် အဲဒီအလုပ်တချို့ကို ကျွန်တော် ကြိုက်သွားပြီ” လို့ ၂၃ နှစ်အရွယ် လူငယ် ဂျရေမီ ပြောပြတယ်။

 သင့်တော်တဲ့ ချဉ်းကပ်နည်း

 စည်းကမ်း ဘာကြောင့်ချမှတ်တယ်ဆိုတာ နားမလည်ဘူးဆိုရင်ကော။ ဥပမာ၊ တန်မရာ ဆိုတဲ့ အသက် ၂၀ အရွယ် မိန်းကလေးက “ကျွန်မမိဘတွေက တခြားနိုင်ငံကို သွားလည်ခွင့်ပြုခဲ့ပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ မိနစ် ၂၀ လောက် ဝေးတဲ့နေရာကိုတောင် မသွားခိုင်းတော့ဘူး” လို့ ပြောတယ်။

 သင်လည်း အဲဒီလိုအခြေအနေမျိုး ကြုံရတယ်ဆိုရင် မိဘတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူတို့နဲ့ ဘယ်အချိန်မှာ ပြောသင့်တယ်၊ ဘယ်လို ဆွေးနွေးမယ်ဆိုတာကိုတော့ သိထားသင့်တယ်။

 ဘယ်အချိန်မှာ ပြောမလဲ– “မိဘစကား နားထောင်ပြီး သူတို့ရဲ့ ယုံကြည်စိတ်ချမှု ရအောင် ကြိုးစားပြီးနောက် ကိုယ်နားမလည်တဲ့ စည်းကမ်းအကြောင်း သူတို့နဲ့ ဆွေးနွေးပါ” လို့ လူငယ်အမန်ဒါ အကြံပြုတယ်။

 ဒရီရာလည်း အဲဒီအကြံပြုချက်ကို ထောက်ခံတယ်။ “ကျွန်မ စည်းကမ်းတွေ လိုက်နာနေတာကို အမေ မြင်တော့မှ အလျှော့အတင်း လုပ်ပေးဖို့ စဉ်းစားပေးတာ” လို့ သူပြောပြတယ်။ ယုံကြည်စိတ်ချမှုရဖို့ သင် တောင်းဆိုရမှာ မဟုတ်ဘဲ လုပ်ယူရမှာ ဖြစ်တယ်ဆိုတာ သတိရပါ။

မိဘတွေရဲ့ စည်းကမ်းတွေကို မလိုက်နာတာက လေကြောင်းစည်းကမ်းတွေကို မလိုက်နာဘဲ လေယာဉ်ဆင်းဖို့ ကြိုးစားနေတာနဲ့တူ

 သမ္မာကျမ်းစာပြောဆိုရာ– ‘ဖခင်ရဲ့ ပညတ်ချက်ကို လိုက်နာပါ။ မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။’ (သုတ္တံ ၆:၂၀ကဘ) ဒီအကြံပြုချက်ကို ကျင့်သုံးမယ်ဆိုရင် မိဘတွေရဲ့ ယုံကြည်စိတ်ချမှုကို ရနိုင်ပြီး သူတို့နဲ့ ဆွေးနွေးရ ပိုလွယ်ကူပါလိမ့်မယ်။

 ဘယ်လိုပြောဆိုမလဲ– “ဂျီတိုက်ပူဆာတာ၊ အော်ဟစ်သောင်းကျန်းတာထက် ရိုသေလေးစားမှုရှိရှိ၊ အေးအေးဆေးဆေး ပြောဆိုတာက ပိုကောင်းတယ်” လို့ လူငယ်စတီဗင် ပြောတယ်။

 အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒရီရာလည်း သဘောတူတယ်။ “အမေနဲ့ စကားများလို့ ဘာမှ မထူးလာဘူးလေ။ စည်းကမ်းတောင် ပိုတင်းကျပ်လာအုံးမှာ” လို့ သူပြောတယ်။

 သမ္မာကျမ်းစာပြောဆိုရာ– “မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။” (သုတ္တံ ၂၉:၁၁) စိတ်ရှည်တတ်ဖို့ သင်ယူခြင်းက နောက်ပိုင်းမှာ အိမ်မှာသာမက ကျောင်းမှာ၊ အလုပ်မှာ၊ ဘယ်နေရာမှာမဆို အကျိုးအများကြီး ဖြစ်စေပါလိမ့်မယ်။

 လုပ်ဆောင်နိုင်ရာ– စကားမပြောခင် အရင်စဉ်းစားပါ။ တဒင်္ဂဒေါသကြောင့် ရပြီးသား ယုံကြည်စိတ်ချမှုတွေ ပျက်စီးသွားနိုင်တယ်။ ‘လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူက ပိုင်းခြားသိမြင်နိုင်စွမ်း ကြီးမားတဲ့သူပဲ’ လို့ ကျမ်းစာ ပြောတယ်။—သုတ္တံ ၁၄:၂၉ကဘ။

 အကြံပြုချက်– စည်းကမ်းတွေကို အကျိုးသင့်အကြောင်းသင့် ရှုမြင်တတ်ဖို့ အစီအစဉ်ဇယားကို ထပ်ဆင့်အသုံးပြုပါ။ လိုအပ်ရင် ဒီအကြောင်းကို မိဘတွေနဲ့ ဆွေးနွေးကြည့်ပါ။