မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ

အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ

 ငါ ဘာကြောင့် အာရုံမစိုက်နိုင်သလဲ

 “အရင်တုန်းကလောက် စာမဖတ်ဖြစ်တော့ဘူး။ စာပိုဒ်အရှည်ကြီးတွေဆို ဖတ်ကို ဖတ်မချင်ဘူး။”—အီလင်း။

 “ဗီဒီယိုကြည့်တဲ့အခါ ဇာတ်လမ်းက ပေရှည်နေတယ်ဆိုရင် ခပ်မြန်မြန် ကျော်ကြည့်လိုက်တာပဲ။”—မီရန်ဒါ။

 “တစ်ခုခုကို အာရုံစိုက် လုပ်နေရလို့ ဖုန်းပိတ်ထားတဲ့အခါမှာတောင် ‘ဘယ်သူများ စာပို့ထားသလဲ’ ဆိုပြီး ဖုန်းကိုပဲ စိတ်ရောက်နေတော့တယ်။”—ဂျိန်း။

 နည်းပညာတွေက အာရုံစိုက်နိုင်စွမ်းကို လျော့နည်းစေနိုင်တယ်လို့ တချို့ပြောကြတယ်။ “အင်တာနက် သုံးပါများလေ ပိုအာရုံပျံ့လွင့်လေပဲ။ ဦးနှောက်က အချက်အလက်တွေကို မြန်မြန်ရယူပေမဲ့ အာရုံမစိုက်နိုင်ဘူး” လို့ စာရေးဆရာ၊ စီမံခန့်ခွဲရေး အတိုင်ပင်ခံ နီကိုးလတ် ရေးတယ်။ a

 နည်းပညာက အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းစေတဲ့ ကဏ္ဍသုံးခုကို လေ့လာကြည့်ပါ။

  •   စကားပြောနေချိန်မှာ။ “လူတွေဟာ မျက်နှာချင်းဆိုင် စကားပြောချိန်မှာတောင် ဖုန်းနဲ့ စာပို့လိုက်၊ ဂိမ်းဆော့လိုက်၊ လူမှုမီဒီယာတွေ ကြည့်လိုက် လုပ်နေကြတယ်။ စကားပြောနေသူကို အာရုံမစိုက်ကြဘူး” ဆိုပြီး မာရီးနာဆိုတဲ့ မိန်းကလေး ပြောတယ်။

  •   စာသင်ခန်းမှာ။ “ကျောင်းသားအများစုက အတန်းထဲမှာ ဖုန်း/တက်ဘလက်တွေ သုံးကြတယ်။ စာတွေ ပို့ကြတယ်။ ကျောင်းစာနဲ့ မဆိုင်တာတွေကို အင်တာနက်မှာ လျှောက်ကြည့်ကြတယ်” လို့ ဒစ်ဂျစ်တယ်ကလေးများ စာအုပ်က ဆိုတယ်။

  •   စာလေ့လာချိန်မှာ။ “အသံကြားတိုင်း ဖုန်းကို မကြည့်ဖို့က ကျွန်တော့်အတွက် အခက်ဆုံးပဲ” ဆိုပြီး အသက် ၂၂ နှစ်အရွယ် ခရစ် ပြောတယ်။ ကိုယ်က ကျောင်းသားဆိုရင် တစ်နာရီပဲ ကြာမယ့် အိမ်စာလုပ်ချိန်ဟာ အာရုံတွေ ထွေပြားနေတာနဲ့ပဲ သုံးနာရီ ကြာသွားနိုင်တယ်။

 အဓိကအချက်။ နည်းပညာကြောင့် အာရုံပျံ့လွင့်နေမယ်၊ အဲဒီမှာပဲ စိတ်ရောက်နေမယ်ဆိုရင် အာရုံစိုက်ဖို့ ခက်သွားမယ်။

အာရုံမစိုက်နိုင်တဲ့ ဦးနှောက်ဟာ မြင်းရိုင်းနဲ့ တူတယ်။ ကိုယ့်ကို ပြန်ထိန်းချုပ်သွားလိမ့်မယ်

 အာရုံစိုက်နိုင်အောင် လုပ်ဆောင်နိုင်ပုံ

  •   စကားစမြည် ပြောချိန်မှာ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၂:၄) အာရုံစိုက် နားထောင်တာက စာနာမှုပြရာရောက်တယ်။ မျက်လုံးချင်း ဆုံပါ။ ဖုန်းကြောင့် အာရုံထွေပြားသွားတာမျိုး မဖြစ်စေပါနဲ့။

     “စကားစမြည် ပြောတဲ့အခါ ဖုန်းပွတ်ချင်စိတ်ကို ချိုးနှိမ်ပါ။ ကိုယ့်ကို စကားပြောနေသူကို အပြည့်အဝ အာရုံစိုက်ခြင်းအားဖြင့် လေးစားမှုပြပါ။”—သောမတ်စ်။

     အကြံပြုချက်။ စကားစမြည် ပြောတဲ့အခါ ဖုန်းကို မမြင်နိုင်တဲ့နေရာမှာ ထားပါ။ သုတေသီတွေအဆိုအရ အနားမှာ ဖုန်းရှိနေရင် အာရုံပျံ့လွင့်စရာ ပေါ်လာမှာပဲ။ ပြောနေတာကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။

  •   စာသင်ခန်းမှာ။ “ကိုယ်ဟာ အာရုံစိုက် နားထောင်နေရဲ့လားဆိုတာ သတိပြုပါ” လို့ ကျမ်းစာက ဆိုတယ်။ (လုကာ ၈:၁၈) ဒီအခြေခံမူကို မှတ်ထားပါ။ ကျောင်းမှာ အင်တာနက် သုံးလို့ရရင်တောင် စာတွေ ရောက်မရောက် စစ်တာ၊ ဂိမ်းဆော့တာ၊ အွန်လိုင်း ချက်တင်လုပ်တာတွေကို ရှောင်ပါ။ သင်နေတဲ့စာကိုပဲ အာရုံစိုက်ပါ။

     “ကျောင်းမှာ ပိုအာရုံစိုက်နိုင်အောင် ကြိုးစားပါ။ မှတ်စုတွေ ယူပါ။ ဖြစ်နိုင်ရင် ရှေ့တန်းခုံမှာ ထိုင်ပါ။ ဒါဆို အာရုံပျံ့လွင့်တာကို ရှောင်နိုင်မယ်။”—ကာရင်။

     အကြံပြုချက်။ ကွန်ပျူတာမှာ မှတ်မယ့်အစား လက်ရေးနဲ့ မှတ်စုယူပါ။ ဒါဆို အာရုံ သိပ်မပျံ့လွင့်တော့ဘဲ သင်ယူတာကို ပိုမှတ်မိနိုင်တယ်လို့ တွေ့ရှိချက်တွေက ဖော်ပြတယ်။

  •   စာလေ့လာချိန်မှာ။ “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၄:၅) စာမေးပွဲအောင်ရင် ပြီးရောဆိုပြီး အပေါ်ယံ လေ့လာမယ့်အစား လေးလေးနက်နက် တွေးတောပါ။

     “စာလေ့လာတဲ့အခါ တက်ဘလက်ကို airplane mode ချိန်ထားတယ်။ အာရုံစိုက် လေ့လာတယ်။ စာတွေ ဝင်လာလည်း မဖတ်ဘူး။ မှတ်ထားဖို့ လိုတယ်ထင်ရင် ချရေးထားလိုက်တယ်။”—ခရစ်။

     အကြံပြုချက်။ အာရုံစိုက် လေ့လာလို့ရမယ့်ဝန်းကျင် ဖြစ်အောင် ဖန်တီးပါ။ ရှုပ်ပွမနေဘဲ သန့်ရှင်းသပ်ရပ်မှု ရှိပါ။

a The Shallows—What the Internet Is Doing to Our Brains စာအုပ်မှ။