မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အိမ်သင် ပညာရေးစနစ်ကနေ အကျိုးရအောင် ဘာလုပ်နိုင်သလဲ

အိမ်သင် ပညာရေးစနစ်ကနေ အကျိုးရအောင် ဘာလုပ်နိုင်သလဲ

 အခု ကျောင်းသူကျောင်းသား အတော်များများဟာ ကျောင်း “စာသင်ခန်း” ကို မသွားတော့ဘဲ ကိုယ့်နေအိမ်မှာ နေပြီး ပညာဆည်းပူးနေကြပါပြီ။ သင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မယ်ဆိုရင် ဘယ်လို အကောင်းဆုံး လုပ်နိုင်မလဲ။ အောက်ပါ အကြံပြုချက်တွေကို စမ်းကြည့်ပါ။ a

 အကျိုးကျေးဇူးရနိုင်တဲ့ နည်းငါးနည်း

  •   အချိန်ဇယားထားပါ။ ကျောင်းတက်နေရသလိုမျိုး အချိန်ဇယားအတိုင်း လိုက်ဖို့ ကြိုးစားပါ။ ကျောင်းစာ၊ အိမ်အလုပ်နဲ့ တခြားကိစ္စတွေအတွက် အချိန်သတ်မှတ်ထားပါ။ အချိန်ဇယားကို လိုအပ်သလို ပြောင်းနိုင်တယ်။

     ကျမ်းစာမူ။ “အရာရာကို . . . စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”—၁ ကောရိန္သု ၁၄:၄၀

     “ကျောင်းစာသင်ခန်းထဲ ရောက်နေတယ်လို့ သဘောထားပါ။ အချိန်မီအောင် လုပ်ပါ။”—ကေတီ။

     စဉ်းစားကြည့်ပါ– ဇယားကွက် ဆွဲပြီး မြင်သာတဲ့နေရာမှာ ထားတာ ဘာကြောင့် ကောင်းသလဲ။

  •   ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ။ စိတ်မပါတဲ့အခါမျိုးမှာတောင် လုပ်စရာရှိတာကို ပြီးအောင် လုပ်ပါ။ အချိန်မဆွဲပါနဲ့။

     ကျမ်းစာမူ။ “လုံ့လဝီရိယရှိပါ။ အလုပ်မှာ ခိုကပ်ပြီး အချိန်ဖြုန်းမနေပါနဲ့။”—ရောမ ၁၂:၁၁၊ အောက်ခြေမှတ်ချက်။

     “ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ အခက်ဆုံးပဲ။ ‘ခဏနေမှ လုပ်မယ်’ လို့ ပြောတာ လွယ်တယ်။ ခဏနေတော့လည်း မလုပ်ဖြစ်ဘူး။ အလုပ်ပုံလာတာပဲ ရှိတယ်။” —အလက်ဇန္ဒြာ။

     စဉ်းစားကြည့်ပါ–သတ်သတ်မှတ်မှတ် အချိန်နဲ့ နေရာမှာ ကျောင်းစာလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကြပ်မတ်နိုင်သလဲ။

  •   စာလေ့လာနိုင်မယ့် ဝန်းကျင်တစ်ခု ဖန်တီးပါ။ လိုအပ်တဲ့ပစ္စည်းတွေ ကြိုတင် နေရာချထားပါ။ သက်သောင့်သက်သာ ရှိတဲ့ နေရာဖြစ်ပါစေ။ ဒါပေမဲ့ ဇိမ်ကျလွန်းတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ မှိန်းဖို့ မဟုတ်ဘဲ စာသင်ယူမှာ ဖြစ်လို့ပါ။ သီးသန့်နေရာတစ်ခု မရနိုင်ဘူးဆိုရင် မီးဖိုချောင်၊ ဒါမှမဟုတ် အိပ်ခန်းထဲမှာ နေရာတစ်ခု ပြင်ဆင်ပါ။

     ကျမ်းစာမူ။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

     “ဘတ်စကက်ဘော၊ ဗီဒီယိုဂိမ်း၊ ဂစ်တာ စတာတွေကို ခပ်ဝေးဝေးမှာ ထားပါ၊ ဖုန်းပိတ်ထားပါ။ အာရုံပျံ့စရာတွေ မရှိတဲ့နေရာမျိုး ဖြစ်ရမယ်။”—အဲလိဇဘက်။

     စဉ်းစားကြည့်ပါ– စာလေ့လာမယ့်နေရာ သီးသန့်ဖြစ်အောင် ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ။

  •   အာရုံစိုက်တတ်အောင် လေ့ကျင့်ပါ။ သင်ယူနေတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်ပါ။ တခြားဟာတွေ လုပ်ရင်း သင်ယူမယ်ဆိုရင်တော့ အမှားလုပ်မိမယ်။ တော်တော်နဲ့ အလုပ်ပြီးမှာ မဟုတ်ဘူး။

     ကျမ်းစာမူ။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆

     “ဖုန်းနားမှာနေရင် အာရုံစိုက်ဖို့ မလွယ်ဘူး။ အရည်မရ အဖတ်မရတွေနဲ့ အချိန်အလဟဿ ကုန်သွားတယ်။”—အော်လီဗီယာ။

     စဉ်းစားကြည့်ပါ– အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်နိုင်တဲ့အချိန်ကို တဖြည်းဖြည်း တိုးကြည့်နိုင်မလား။

  •   ခဏတစ်ဖြုတ် နားပါ။ လမ်းထလျှောက်ပါ။ စက်ဘီးစီးပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ဝါသနာပါတာ လုပ်လိုက်တာက စိတ်တက်ကြွလန်းဆန်းစေနိုင်တယ်။ “ဒါပေမဲ့ အလုပ်ပြီးအောင် အရင် လုပ်ပါ။ အလုပ်ပြီးမှ အနားယူတာက စိတ်ပေါ့ပါးလန်းဆန်းစေတယ်” လို့ ကျောင်းရဲ့အစွမ်းဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတယ်။

     ကျမ်းစာမူ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆

     ကျောင်းမှာဆိုရင် ဂီတတူရိယာ တီးခတ်နည်း ဒါမှမဟုတ် လက်မှုအနုပညာတစ်မျိုးမျိုး သင်ယူနိုင်တယ်။ အဲဒါတွေ မသင်ရတော့တဲ့အခါကျမှ တမ်းတနေမိတယ်။ စာသင်ယူရင်း ကိုယ်ဝါသနာပါတဲ့ အနုပညာတစ်မျိုးမျိုးကိုပါ သင်ထားတာ ကောင်းတယ်။”—တေလာ။

     စဉ်းစားကြည့်ပါ– ခဏတစ်ဖြုတ် နားချိန်လေးမှာ ဘာတွေလုပ်ရင် ကျောင်းစာ ပြန်လုပ်တဲ့အခါ စိတ်ကြည်လင်နေတတ်သလဲ။

a အိမ်ကနေ လေ့လာသင်ယူတဲ့နည်း အမျိုးမျိုး ရှိတယ်။ ကိုယ့်အခြေအနေနဲ့ သင့်တော်မယ့်နည်းကို သုံးပါ။