မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဘာကြောင့် ဆုတောင်းရမှာလဲ

ဘာကြောင့် ဆုတောင်းရမှာလဲ

 စစ်တမ်းတစ်ခုအရ အမေရိကန် ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်းက ဆုတောင်းကြပေမဲ့ တစ်ဝက်လောက်ကပဲ နေ့တိုင်း ဆုတောင်းကြတယ်လို့ သိရတယ်။ ‘ဆုတောင်းတာဟာ စိတ်သက်သာရာ ရစေတဲ့ နည်းလမ်းတစ်ခုလောက်ပဲလား၊ ဒါမှမဟုတ် ဒီထက်မက အကျိုးပြုသလား’ လို့ တချို့က သိချင်ကြလိမ့်မယ်။

 ဆုတောင်းခြင်းဆိုတာ ဘာလဲ

 ဆုတောင်းတယ်ဆိုတာ အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်နဲ့ ဆက်သွယ်စကားပြောတာ ဖြစ်တယ်။ ယေဟောဝါဘုရားဟာ လူသားတွေထက် သာလွန်မြင့်မြတ်ပေမဲ့ “ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး။” (တမန်တော် ၁၇:၂၇) တကယ်ဆိုရင် သမ္မာကျမ်းစာက “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့တောင် ဆိုထားတယ်။​—ယာကုပ် ၄:၈

 ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ။

  •   တစ်နည်းက ဆုတောင်းခြင်း ဖြစ်တယ်၊ ဒီနည်းနဲ့ သင် ဘုရားကို စကားပြောတယ်။

  •   နောက်တစ်နည်းက သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာတာ ဖြစ်တယ်၊ ဒီနည်းနဲ့ ဘုရားက သင့်ကို “စကားပြော” တယ်။

 ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာဟာ ဘုရားနဲ့ အပြန်အလှန် ဆက်သွယ်တာ ဖြစ်ပြီး အဲဒါကို လုပ်ရင် ဘုရားရဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်လာနိုင်တယ်။

 “အမြင့်မြတ်ဆုံးအရှင် ယေဟောဝါနဲ့ စကားပြောခွင့်ရတာဟာ လူသားတွေအတွက် အကြီးမြတ်ဆုံး အခွင့်ထူးတစ်ခုပဲ။”​—ဂျယ်ရမီ။

 “ကျွန်မရဲ့ ခံစားချက်တွေကို ယေဟောဝါဆီ ဆုတောင်းပြီး ရင်ဖွင့်ပြောပြတဲ့အခါ ကိုယ်တော်နဲ့ ပိုရင်းနှီးလာတယ်။”​—မီရဲန်ဒါ။

 ဘုရားသခင် နားထောင်သလား

 ဘုရားရှိတယ်ဆိုတာ ယုံကြည်ပြီး ဆုတောင်းနေသူ ဖြစ်ရင်တောင် ကိုယ်တော် တကယ် နားထောင်တယ်ဆိုတာကို လက်ခံဖို့ ခက်နိုင်တယ်။ ဒါပေမဲ့၊ သမ္မာကျမ်းစာမှာ ယေဟောဝါကို “ဆုတောင်းသံကို နားထောင်တဲ့အရှင်” လို့ ခေါ်ဆိုထားတယ်။ (ဆာလံ ၆၅:၂) “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ” လို့လည်း အားပေးတယ်။ ဘာဖြစ်လို့လဲ။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”​​—၁ ပေတရု ၅:၇

 စဉ်းစားကြည့်ပါ– သူငယ်ချင်းတွေနဲ့ ပုံမှန် စကားပြောတဲ့ အကျင့်ရှိသလား။ ဘုရားသခင်နဲ့လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ယေဟောဝါဆိုတဲ့ ဘုရားနာမည်ကို သုံးပြီး ပုံမှန် ဆုတောင်းပါ။ (ဆာလံ ၈၆:​၅-၇။ ၈၈:၉) “အမြဲမပြတ် ဆုတောင်းနေကြပါ” လို့ ကျမ်းစာက အားပေးတယ်။​​—၁ သက်သာလောနိတ် ၅:၁၇

 “ဆုတောင်းတာက ကောင်းကင်ဖခင်နဲ့ နှစ်ကိုယ်ကြား စကားပြောတာဖြစ်လို့ အားလုံးကို ရင်ဖွင့်ပြောပြတယ်။”​—မွိုင်စစ်။

 “ကျွန်မရဲ့ အမေ ဒါမှမဟုတ် ရင်းနှီးတဲ့သူငယ်ချင်းကို အရေးကြီးတဲ့အကြောင်းတွေ ပြောပြသလို ယေဟောဝါကိုလည်း ရင်ဖွင့် ပြောပြတယ်။”​—ကယ်ရင်။

 ဘာအကြောင်း ဆုတောင်းနိုင်သလဲ

 အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ” လို့ ကျမ်းစာက ဆိုတယ်။​—ဖိလိပ္ပိ ၄:၆

 ဒါဆို ကိုယ့်ရဲ့ ပြဿနာ အခက်အခဲတွေအကြောင်း ထည့်ဆုတောင်းလို့ ရသလား။ ရတာပေါ့။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။​—ဆာလံ ၅၅:၂၂

 ဘုရားဆီ ဆုတောင်းတဲ့အခါ ပြဿနာတွေပဲ မဟုတ်ဘဲ တခြားအကြောင်းတွေလည်း ပြောသင့်တယ်။ “ယေဟောဝါဆီ အကူအညီပဲ တောင်းနေမယ်ဆိုရင် ရင်းနှီးတဲ့မိတ်ဆွေ ဘယ်လို ဖြစ်နိုင်မလဲ။ အရင်ဆုံး ကျေးဇူးတင်စကားတွေ ပြောနိုင်တယ်။ ကျေးဇူးတင်စရာတွေ အများကြီးပါပဲ” လို့ ရှန်တယ်လ် ဆိုတဲ့ မိန်းမငယ်တစ်ယောက် ပြောတယ်။

 စဉ်းစားကြည့်ပါ– ဘာတွေအတွက် ကျေးဇူးတင်သလဲ။ ဒီနေ့အတွက် ယေဟောဝါကို ကျေးဇူးတင်စရာ အချက်သုံးခုလောက် စဉ်းစားကြည့်ပါ။

 “အသေးအဖွဲလို့ ထင်ရတဲ့အရာတွေ၊ ဥပမာ၊ သိပ်လှတဲ့ ပန်းလေးတစ်ပွင့်ကို တွေ့လိုက်ရင်တောင် ယေဟောဝါကို ကျေးဇူးတင်နိုင်တယ်။”​​—အနီတာ။

 “အံ့ဩစရာကောင်းတဲ့ ဖန်ဆင်းခြင်း လက်ရာတစ်ခု၊ ဒါမှမဟုတ် နှလုံးထိမိတဲ့ ကျမ်းချက်တစ်ခုကို တွေးတောဆင်ခြင်ပြီး ယေဟောဝါကို ကျေးဇူးတင်နိုင်တယ်။”​​—ဘရိုင်ယန်။