မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အချစ်နယ်ကျွံဖို့ ရွယ်တူတွေ ဖိအားပေးတဲ့အခါ ဘယ်လို တွန်းလှန်နိုင်မလဲ

အချစ်နယ်ကျွံဖို့ ရွယ်တူတွေ ဖိအားပေးတဲ့အခါ ဘယ်လို တွန်းလှန်နိုင်မလဲ

 ကျောင်းတုန်းကပေါ့။ တစ်ယောက်ယောက်က ချစ်တင်းနှောတဲ့အကြောင်း ပြောလာရင် ငါလည်း စမ်းကြည့်မှပဲလို့ ခံစားတတ်ကြတယ်။ ကိုယ့်ကို လူထူးလူဆန်းလို့ မထင်စေချင်ဘူးလေ။—အီလိန်း၊ ၂၁ နှစ်။

 ချစ်တင်းနှောတာက အများတကာတွေ လုပ်နေကျမို့ ကိုယ်လည်း လိုက်လုပ်ရမယ်လို့ ခံစားဖူးပါသလား။

 ကိုယ့်ရည်းစားက အချစ်နယ်ကျွံဖို့ ဖိအားပေးတာမျိုး ကြုံဖူးသလား။

 တခြားသူရဲ့ ဖိအား ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ ဆန္ဒကို တွန်းလှန်နိုင်အောင်၊ ဆုံးဖြတ်ချက် မမှားအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

 ယုံတမ်းစကားနဲ့ ဖြစ်ရပ်မှန်

 ယုံတမ်းစကား။ အချစ်နယ်ကျွံတာ ဘာဆန်းလို့လဲ။ (ကိုယ်က လွဲလို့) လူတိုင်း လုပ်နေကျပဲ။

 ဖြစ်ရပ်မှန်။ စစ်တမ်းတစ်ခုအရ အသက် ၁၈ နှစ်အရွယ် လူငယ် သုံးယောက်မှာ နှစ်ယောက် လိင်ဆက်ဆံဖူးကြတယ်။ ဆိုလိုတာက လူငယ် ၃၀ ရာခိုင်နှုန်းကျော်၊ တစ်နည်းအားဖြင့် လူငယ်အတော်များများ လိင်မဆက်ဆံဖူးကြတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် လူတိုင်း အချစ်နယ်ကျွံကြတာပဲလို့ ထင်ရင် မှားတယ်။

 ယုံတမ်းစကား။ လိင်ဆက်ဆံတာက အချစ်တွေ ပိုတိုးစေတယ်။

 ဖြစ်ရပ်မှန်။ ကောင်လေးတချို့က အဲဒီလို အပြောမျိုးနဲ့ သွေးဆောင်ကောင်း သွေးဆောင်မှာပါ။ ဒါပေမဲ့ လိင်ဆက်ဆံတိုင်း အချစ်တွေ တိုးလာတာ မဟုတ်ပါဘူး။ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်၊ ချစ်ရချည်ရဲ့ဆိုတဲ့ ကောင်လေးတွေဟာ ရည်းစားဘဝ စည်းကျော်ပြီးတဲ့နောက် သစ်စိမ်းချိုး ချိုးလိုက်လို့ ကောင်မလေးတွေခမျာ နာကြည်းကြေကွဲစိတ်နဲ့ ကျန်ရစ်ခဲ့ကြတယ်။ a

 ယုံတမ်းစကား။ လိင်ဆက်ဆံတာ မှားတယ်လို့ ကျမ်းစာ သွန်သင်တယ်။

 ဖြစ်ရပ်မှန်။ လိင်ဆက်ဆံတာကို ကျမ်းစာက မတားမြစ်ပါဘူး။ ဒါပေမဲ့ အိမ်ထောင်သည် ယောက်ျားနဲ့ မိန်းမအတွက်ပဲလို့ ဆိုထားတယ်။—ကမ္ဘာဦး ၁:၂၈။ ၁ ကောရိန္သု ၇:၃

 ယုံတမ်းစကား။ ကျမ်းစာစံနှုန်းအတိုင်း လိုက်ရင် စိတ်ပျက်ရတာပဲ အဖတ်တင်မယ်။

 ဖြစ်ရပ်မှန်။ အိမ်ထောင်ပြုပြီးတဲ့ထိ စောင့်ရင် ပိုပျော်ပါလိမ့်မယ်။ ရည်းစားဘဝ စည်းကျော်မိလို့ သောက၊ နောင်တ၊ စိတ်မသန့်တာတွေကို ရှောင်နိုင်မှာ ဖြစ်လို့ပါ။

 အဓိကအချက်။ အိမ်ထောင်ပြုပြီးတဲ့ထိ စောင့်လိုက်တာက ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။ ရည်းစားဘဝ အချစ်နယ်ကျွံမိတာကသာ ထိခိုက်နစ်နာစေတာပါ။

 အချစ်နယ်ကျွံဖို့ ဖိအားကို တွန်းလှန်နိုင်ပုံ

  •   ကိုယ်ကျင့်တရားစံနှုန်းကို ခိုင်မာစေပါ။ ရင့်ကျက်သူတွေဟာ ‘ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဟီဘရူး ၅:၁၄) ခိုင်မာတဲ့ ယုံကြည်ချက် ရှိထားသူဟာ အမှားလုပ်ဖို့ သွေးဆောင်ခံရတိုင်း ယိုင်သွားမှာ မဟုတ်ဘူး။

     “မှန်ရာလုပ်ပြီး နာမည်ကောင်း ရဖို့ ကျွန်မ ကြိုးစားတယ်။ နာမည်ပျက်စေမယ့်အရာတွေ မလုပ်မိဖို့ ဆုံးဖြတ်ထားတယ်။”—အဲလစ်ရှာ၊ ၁၆ နှစ်။

     စဉ်းစားသင့်ရာ။ ဘယ်လို နာမည်ထွက်ချင်သလဲ။ တစ်ဦးတစ်ယောက် အကြိုက်တွေ့ဖို့ ကိုယ်နာမည်ပျက်သွားရင် တန်ရဲ့လား။

  •   အကျိုးဆက်ကို ထည့်စဉ်းစားပါ။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဂလာတိ ၆:၇) အချစ်နယ်ကျွံဖို့ ဖိအားပေးတာကို အလျှော့ပေးလိုက်ရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဘာအကျိုးဆက် ခံရမယ်ဆိုတာ ထည့်စဉ်းစားပါ။ b

     “သမီးရည်းစားဘဝ နယ်ကျွံမိရင် အပြစ်ရှိတဲ့စိတ်၊ နောင်တစိတ်၊ တန်ဖိုးထားမခံရဘူးဆိုတဲ့စိတ်နဲ့ပဲ နေသွားရမှာ။ မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ လိင်ဆိုင်ရာ ကူးစက်ရောဂါ ရတာတွေလည်း ရှိနိုင်တယ်။”—ဆီအဲနာ၊ ၁၆ နှစ်။

     စဉ်းစားသင့်ရာ။ “ကိုယ့်ဘဝ ပျက်သွားစေမယ့်အရာတွေ လုပ်ဖို့ မြှောက်ပေးတဲ့ သူငယ်ချင်းမျိုးနဲ့ ပခုံးဖက်ပေါင်းပြီး သူတို့အကြံပေးတာ လိုက်လုပ်သင့်သလား” ဆိုပြီး လိင်အကြောင်း စာအုပ်တစ်အုပ်မှာ မေးထားတယ်။

  •   မျှတတဲ့အမြင် ရှိပါ။ လိင်ကိစ္စတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ချစ်တင်းနှောတာဟာ အိမ်ထောင်သည်တွေကို ကြည်နူးစေတဲ့အရာလို့ ကျမ်းစာမှာ ဆိုထားတယ်။—ပညာအလိမ္မာ ၅:၁၈၊ ၁၉

     “ချစ်တင်းနှောတာဟာ ကြည်နူးစေတဲ့အရာပါ။ ဘုရားသခင်က လူတွေကို ဒီလိုကြည်နူးမှုမျိုး ခံစားစေချင်တယ်။ ဒါပေမဲ့ ဘုရားရည်ရွယ်ထားသလို အိမ်ထောင်ပြုပြီးနောက်မှပေါ့။“—ဂျေရမီ၊ ၁၇ နှစ်။

     စဉ်းစားသင့်ရာ။ အိမ်ထောင်ပြုပြီးတဲ့တစ်နေ့ ချစ်ကြည်နူးရမှာပါ။ အစောပိုင်းမှာ ဆိုခဲ့တဲ့ ဆိုးကျိုးတွေ မကြုံရဘဲ အတိုင်းထက်အလွန် ပျော်ရွှင်ကြည်နူးရပါလိမ့်မယ်။

a ကောင်လေးတွေကပဲ သွေးဆောင်သိမ်းသွင်းတာ မဟုတ်ပါဘူး။ ကောင်မလေးတွေဘက်က စပြီး ရေလာမြောင်းပေးလုပ်တာလည်း များပါတယ်။

b အကျိုးဆက်တွေထဲမှာ မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အသက်အရွယ်ပေါ် မူတည်ပြီး လိင်ဆိုင်ရာ အမှုအခင်း ရင်ဆိုင်ရတာတွေ ပါဝင်နိုင်တယ်။