မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၂– ဆင့်ကဲဖြစ်စဉ်အကြောင်း ဘာကြောင့် မေးခွန်းထုတ်ရ

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၂– ဆင့်ကဲဖြစ်စဉ်အကြောင်း ဘာကြောင့် မေးခွန်းထုတ်ရ

အဲလက်စ်ဟာ ခေါင်းရှုပ်သွားတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ဘုရားသခင်နဲ့ ဖန်ဆင်းခြင်းအကြောင်းကို ယုံကြည်လက်ခံထားတယ်။ ဒါပေမဲ့ ဇီဝဗေဒဘာသာရပ်ကို သင်ပေးတဲ့ဆရာက အများယုံကြည်လက်ခံထားတဲ့ သိပ္ပံတွေ့ရှိချက်တွေကို အခြေခံပြီး ဆင့်ကဲဖြစ်စဉ်ဆိုတာ တကယ့်ဖြစ်ရပ်မှန်ဆိုပြီး အခိုင်အမာ ပြောတယ်။ အဲလက်စ်ကတော့ တွေးတောဆင်ခြင်နိုင်စွမ်းနည်းတယ်လို့ အထင်မခံချင်ဘူး။ ‘သိပ္ပံပညာရှင်တွေကတောင် ဆင့်ကဲဖြစ်စဉ်ကို မှန်တယ်လို့ ပြောနေမှတော့ ငါက ဘာမို့လို့ သူတို့ရဲ့ လေ့လာတွေ့ရှိချက်ကို မေးခွန်းထုတ်ရမှာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။

 သင်ကော ဒီလိုအဖြစ်မျိုးကြုံဖူးသလား။ “ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားသလို ကိုယ့်ရဲ့အသက်တာတစ်လျှောက်လုံးမှာ ယုံကြည်လက်ခံထားတာဖြစ်နိုင်တယ်။ (ကမ္ဘာဦး ၁:၁) ဒါပေမဲ့ သိပ်မကြာသေးခင်ကပဲ လူတွေက သင့်ကို ဖန်ဆင်းခြင်းဆိုတာ ဒဏ္ဍာရီ၊ ဆင့်ကဲဖြစ်စဉ်ကမှ အဖြစ်မှန်ဆိုပြီး သင်လက်ခံလာအောင် ကြိုးစားရှင်းပြတာမျိုးဖြစ်နိုင်တယ်။ ဒါဆိုရင် သူတို့ပြောတာကို သင်လက်ခံယုံကြည်သင့်သလား။ ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဘာကြောင့် မေးခွန်းထုတ်သင့်သလဲ။

 ဆင့်ကဲဖြစ်စဉ်အကြောင်း မေးခွန်းထုတ်သင့်တဲ့ အကြောင်းရင်းနှစ်ချက်

  1.  ၁။ သိပ္ပံပညာရှင် အချင်းချင်းတောင် ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်လာရင် အယူအဆတွေ ကွဲလွဲနေတယ်။ သိပ္ပံပညာရှင်တွေက ဆယ်စုနှစ်ချီသုတေသနတွေလုပ်ပေမဲ့လည်း ဆင့်ကဲဖြစ်စဉ်အကြောင်း သူတို့အားလုံးသဘောတူလက်ခံနိုင်မယ့် ရှင်းပြချက်တွေနဲ့ ရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။

     စဉ်းစားစရာ– သိပ္ပံပညာရှင်တွေက ကျွမ်းကျင်သူပါရဂူတွေဖြစ်ပေမဲ့လည်း သူတို့အချင်းချင်းတောင် ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ခံယူဆချက်တွေ ကွဲနေသေးတယ်ဆိုရင် သင်လည်း ဒီသီအိုရီကို မေးခွန်းထုတ်တာက မမှားဘူးမဟုတ်လား။​—ဆာလံ ၁၀:၄

  2.  ၂။ သင်ဘာယုံကြည်သလဲဆိုတာက အရေးကြီးတယ်။ “သက်ရှိတွေဟာ မတော်တဆ တိုက်ဆိုင်မှုကြောင့်ဖြစ်တည်လာတယ်ဆိုရင် ကျွန်တော်တို့ဘဝနဲ့ စကြဝဠာမှာရှိတဲ့ အရာအားလုံးက ဘာအဓိပ္ပာယ်မှရှိတော့မှာမဟုတ်ဘူး” ဆိုပြီး ဇာခရိလို့ခေါ်တဲ့ လူငယ်လေးက ပြောပြတယ်။ သူပြောတာမမှားပါဘူး။ ဆင့်ကဲဖြစ်စဉ်သာမှန်တယ်ဆိုရင် ဘဝက တည်မြဲတဲ့ရည်ရွယ်ချက် ရှိပုံမရဘူး။ (၁ ကောရိန္သု ၁၅:၃၂) တစ်ဖက်မှာတော့ ဖန်ဆင်းခြင်းမှန်တယ်ဆိုရင် ဘဝရဲ့ရည်ရွယ်ချက်နဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေကို ရှာတွေ့နိုင်မှာဖြစ်တယ်။​—ယေရမိ ၂၉:၁၁

     စဉ်းစားစရာ– ဆင့်ကဲဖြစ်စဉ်နဲ့ ဖန်ဆင်းခြင်းရဲ့ အဖြစ်မှန်ကိုသိထားခြင်းက သင့်ရဲ့ဘဝကို ဘာအကျိုးသက်ရောက်မှုရှိစေသလဲ။​—ဟေဗြဲ ၁၁:၁

 ချင့်တွေးစရာ မေးခွန်းအဖြာဖြာ

 ပြောဆိုချက်– ‘စကြဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးက မဟာပေါက်ကွဲမှုကြီးတစ်ခုကြောင့် ဖြစ်လာတယ်။’

  •   ဘယ်သူ ဒါမှမဟုတ် ဘာက အဲဒီမဟာပေါက်ကွဲမှုကြီးကို ဖြစ်စေခဲ့တာလဲ။

  •   ဘယ်ဟာက ပိုပြီး ယုတ္တိတန်သလဲ​—အရာအားလုံးက ဒီလိုပဲအလိုလိုဖြစ်လာတာလား၊ အရာအားလုံးက တစ်စုံတစ်ခုကြောင့် ဖြစ်လာတာလား၊ အရာအားလုံးက တစ်စုံတစ်ယောက်ကြောင့် ဖြစ်လာတာလား။

 ပြောဆိုချက်– ‘တိရစ္ဆာန်ကနေ အဆင့်ဆင့်ပြောင်းလဲပြီး လူဖြစ်လာတယ်။’

  •   ဥပမာ၊ လူက မျောက်ဝံလိုမျိုး တိရစ္ဆာန်ကနေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုရင် အဲဒီမျောက်ဝံတွေနဲ့ လူကြားမှာ ဉာဏ်ရည်ဉာဏ်သွေးက ဘာကြောင့် ဒီလောက်တောင်ကွာဟနေရတာလဲ။ a

  •   သက်ရှိတွေရဲ့ “အခြေခံ” အကျဆုံးဆဲလ်တွေက ဘာကြောင့် ဒီလောက်တောင် ရှုပ်ထွေးဆန်းကြယ်ရတာလဲ။ b

 ပြောဆိုချက်– ‘ဆင့်ကဲဖြစ်စဉ်က အထောက်အထားအခိုင်အလုံရှိတဲ့ အဖြစ်မှန်ဖြစ်တယ်’

  •   ဒီလိုပြောဆိုတဲ့သူကိုယ်တိုင် သက်သေအထောက်အထားတွေကို စစ်ဆေးစုံစမ်းထားပြီးပြီလား။

  •   ဉာဏ်ရည်ထက်မြက်တဲ့သူတွေသာ ဆင့်ကဲဖြစ်စဉ်ကို ယုံကြတယ်လို့ပြောလို့သာ ဒါကို လက်ခံယုံကြည်ကြသူ ဘယ်လောက်တောင် များနေသလဲ။

a လူတွေရဲ့ ဦးနှောက်က မျောက်ဝံတွေရဲ့ဦးနှောက်ထက် ပိုကြီးလို့ လူတွေဟာ ဉာဏ်ရည်ဉာဏ်သွေးပိုမြင့်မားတာလို့ တချို့ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီပြောဆိုချက်က မမှန်ဘူးဆိုတာကို သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဆိုတဲ့ ဘရိုရှာစာစောင် [အင်္ဂလိပ်] ရဲ့ စာမျက်နှာ ၂၈ မှာကြည့်ပါ။

b သက်ရှိများ၏ မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု ဆိုတဲ့ ဘရိုရှာစာစောင် [အင်္ဂလိပ်] ရဲ့ စာမျက်နှာ ၈–၁၂ မှာကြည့်ပါ။