မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား

အီစီကလီလုပ်တာက ပျော်စရာသက်သက်ပဲလား

 အီစီကလီလုပ်တယ်ဆိုတာ ဘာလဲ

 အီစီကလီလုပ်တယ်ဆိုတာ လိင်ခြားသူကို စကားနဲ့ဖြစ်စေ၊ လုပ်ရပ်နဲ့ဖြစ်စေ ချစ်ကြိုက်တဲ့ပုံစံ လုပ်ပြခြင်းလို့ တချို့ထင်ကြတယ်။ တစ်ယောက်ယောက်ကို ချစ်ကြိုက်ကြောင်းပြတာ မှားသလား။ အခြေအနေပေါ် မူတည်တယ်။ “ကိုယ်က ရည်းစားထားနိုင်တဲ့ အရွယ်ရောက်ပြီး တစ်ယောက်ယောက်ကို စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ခံစားချက်ကို မပြဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ” လို့ မိန်းမပျိုလေး အဲန်း ပြောတယ်။

 ဒီဆောင်းပါးမှာ တကယ် ချစ်ကြိုက်တာ မဟုတ်ဘဲ စိတ်ဝင်စားသလိုမျိုး အီစီကလီလုပ်တဲ့ အကြောင်းကို ဆွေးနွေးသွားမယ်။

 “တစ်ယောက်ယောက်ကို တကယ် ချစ်ကြိုက်လို့ စိတ်ဝင်စားကြောင်း ပြတာက ကိစ္စမရှိဘူး။ တကယ် မချစ်ကြိုက်ဘဲနဲ့ အီစီကလီလုပ်ပြီး တစ်ဖက်သား စိတ်ဝင်စားလာတဲ့အခါ ပစ်ထားမယ်ဆိုရင်တော့ ရက်စက်ရာရောက်တယ်။”​—ဒီယန်နာ။

 တချို့ ဘာကြောင့် အီစီကလီ လုပ်ကြတာလဲ

 တချို့က ‘ငါဟာ တော်တော်စွံတဲ့သူ’ ဆိုတာကို ပြချင်လို့ အီစီကလီလုပ်ကြတယ်။ “လူတွေ ကိုယ့်ကို အာရုံစိုက်တာတွေ့လေ အီစီကလီ ပိုလုပ်ချင်လေပဲ” လို့ မိန်းမငယ် ဟေလီ ပြောတယ်။

 သင်က တကယ် ချစ်ကြိုက်တာ မဟုတ်ဘဲ အီစီကလီလုပ်တာက တစ်ဖက်သားရဲ့ ခံစားချက်ကို ဂရုမစိုက်၊ တန်ဖိုးမထားရာ ကျတယ်။ သင်က ကိုယ်စွံကြောင်း ပြချင်တာနဲ့ပဲ အီစီကလီလုပ်တာ ဆိုရင်တော့ သင် အတွေး ချော်နေပါပြီ။ “ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏” လို့ သမ္မာကျမ်းစာ ဆိုတယ်။​​—သုတ္တံ ၁၅:၂၁

 ဒါကြောင့်လည်း ဟေလီ က “အပျော်တမ်း အီစီကလီလုပ်တာဟာ နိဂုံးလှမှာ မဟုတ်ဘူး” လို့ ပြောတယ်။

 ဘာဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ

  •   အီစီကလီလုပ်ရင် နာမည်ပျက်မယ်။

     “အီစီကလီ လုပ်တတ်တဲ့သူကို မရင့်ကျက်တဲ့သူ၊ စိတ်ချလို့မရတဲ့သူ၊ ရိုးသားမှုမရှိသူ၊ သူတစ်ပါးအပေါ် အမြတ်ထုတ်သူလို့ မြင်ကြတယ်။”​​—ဂျယ်ရမီ။

     ကျမ်းစာအဆို– “မေတ္တာသည် . . . ကိုယ့်အကျိုးကို မရှာတတ်။”​​—၁ ကောရိန္သု ၁၃:​၄၊ ၅

     စဉ်းစားကြည့်ပါ– ဘယ်လိုအပြောအဆို၊ ဘယ်လိုလုပ်ရပ်က အီစီကလီလုပ်တဲ့သူလို့ နာမည်ထွက်စေနိုင်သလဲ။

  •   အီစီကလီလုပ်တာကို ခံရသူဟာ စိတ်ထိခိုက် နာကျင်သွားနိုင်တယ်။

     “အီစီကလီ လုပ်တတ်တဲ့သူ အနားမှာ ကျွန်မ မနေချင်ဘူး။ မိန်းကလေးဆိုပြီး လာအသားယူနေတာ။ အီစီကလီ လုပ်တဲ့သူတွေဟာ တစ်ဖက်သားကို ဂရုစိုက်တာမဟုတ်ဘူး၊ သူတို့အတွက်ပဲ သူတို့ကြည့်တာ။”​​—ဂျက်ကလင်း။

     ကျမ်းစာအဆို– “လူအသီးသီးတို့သည် ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါး၏ အကျိုးကို ရှာကြစေ။”​​—၁ ကောရိန္သု ၁၀:၂၄

     စဉ်းစားကြည့်ပါ– တစ်ယောက်ယောက်က သင့်ကို စိတ်ဝင်စားနေတယ်လို့ ထင်ပေမဲ့ နောက်မှ သင်ထင်တာ မဟုတ်မှန်း သိလိုက်ရတဲ့အခါ ဘယ်လို ခံစားရသလဲ။ အဲဒီလို၊ တခြားသူကို စိတ်မထိခိုက်စေချင်ဘူးဆိုရင် ဘာကို ရှောင်မလဲ။

  •   အီစီကလီ လုပ်တတ်တဲ့သူဟာ တကယ် ချစ်ရသူတွေ့ရင် လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။

     “အီစီကလီ လုပ်တတ်တဲ့သူဟာ လက်ထပ်ဖို့ မပြောနဲ့ ရင်းနှီးဖို့တောင် မကောင်းတဲ့သူပဲ။ အဲဒီလိုလုပ်တတ်တဲ့သူကို ဘယ်လိုလုပ် ခင်မင်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။”​​—အိုလစ်ဗီယာ။

     ကျမ်းစာအဆို– “သရုပ်မှန်ဖုံးကွယ်ထားသူတွေကို ရှောင်တယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။​​—ဆာလံ ၂၆:၄

     စဉ်းစားကြည့်ပါ– အီစီကလီလုပ်တဲ့သူက ဘယ်လိုလူမျိုးကို ချဉ်းကပ်တတ်သလဲ။ အဲဒီလိုလူစားမျိုး ဖြစ်ချင်သလား။