မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၄– ဖန်ဆင်းခြင်းကို ယုံကြည်ကြောင်း ငါ ဘယ်လို ရှင်းပြနိုင်မလဲ

ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား​—အပိုင်း ၄– ဖန်ဆင်းခြင်းကို ယုံကြည်ကြောင်း ငါ ဘယ်လို ရှင်းပြနိုင်မလဲ

သင်က ဖန်ဆင်းခြင်းကိုတော့ ယုံပေမဲ့ ကျောင်းမှာ ပြောပြဖို့ တွန့်ဆုတ်နေတယ်။ သင့်ရဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ ဆင့်ကဲဖြစ်စဉ်အကြောင်း ထောက်ခံသင်ကြားပေးတာဖြစ်နိုင်သလို ဆရာမနဲ့အတန်းဖော်တွေရဲ့ ဟာသလုပ်ခံရမှာစိုးလို့လည်း ဖြစ်နိုင်တယ်။ ဖန်ဆင်းခြင်းကို ယုံကြည်ကြောင်း ပိုင်နိုင်စိတ်ချစွာ ဘယ်လို ရှင်းပြနိုင်မလဲ။

 သင်ရှင်းပြနိုင်မှာပါ

 ဒီလို စဉ်းစားမိနိုင်– ‘ဆင့်ကဲဖြစ်စဉ်အကြောင်း စကားစစ်ထိုးဖို့၊ သိပ္ပံပညာအကြောင်း ဆွေးနွေးဖို့ ငါမှ မကျွမ်းကျင်တာ။’ တစ်ခါမှာ ဒန်ယယ်လ်လည်း အဲဒီလို ခံစားခဲ့ရတယ်။ “ဆရာမနဲ့ရော အတန်းဖော်တွေနဲ့ပါ ဆန့်ကျင်ဘက်လုပ်ပြီး စကားပြောရမှာကို အမုန်းဆုံးပဲ” ဆိုပြီး သူကပြောတယ်။ “သူတို့က သိပ္ပံဝေါဟာရတွေကို သုံးပြီးအခြေတင်ငြင်းခုံတဲ့အခါ ကျွန်မလည်း ဇဝေဇဝါဖြစ်သွားတယ်” လို့ ဒိုင်ယာနာက ပြောပြတယ်။

 ဘယ်လိုပဲဖြစ်ပါစေ၊ သင်က အခြေတင်ငြင်းခုံတာကို အနိုင်ယူဖို့ မဟုတ်ပါဘူး။ သဘာဝတရားက ဖန်ဆင်းခြင်းကြောင့်ဖြစ်လာတယ်ဆိုတာရှင်းပြနိုင်ဖို့ သင်က သိပ္ပံပညာရပ်မှာ ထူးချွန်သူတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး။

 အကြံပြုချက်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏” ဆိုပြီး ဟေဗြဲ ၃:၄ မှာဖော်ပြထားတဲ့ ရိုးရှင်းပြီးယုတ္တိရှိတဲ့ အချက်ကို အသုံးပြုပါ။

 ကာရယ်လ်က ဟေဗြဲ ၃:၄ ကို အခြေခံပြီး ဒီလို ပြောပြလေ့ရှိတယ်- “ကိုယ့်ကိုယ်ကိုယ် တောနက်ထဲ ဖြတ်လျှောက်သွားတယ်လို့ မြင်ယောင်ကြည့်ပါ။ ပြီးတော့ လူတွေနဲ့လည်း တော်တော့်ကို အလှမ်းဝေးသွားပြီ။ ငုံ့ကြည့်လိုက်တဲ့အခါ မြေပြင်ပေါ်မှာ သွားကြားထိုးတံတစ်ချောင်းကို တွေ့တယ်။ ဒါဆိုရင် သင် ဘယ်လို ကောက်ချက်ချမလဲ။ လူတော်တော်များများကတော့ ‘ဒါဟာ လူတစ်ယောက်ယောက် ကျကျန်ခဲ့တာဖြစ်မှာပါ’ လို့ ပြောပါလိမ့်မယ်။ သွားကြားထိုးတံလိုမျိုး သေးနုပ်ပြီးအရေးမပါတဲ့ အရာလေးဟာ လူတစ်ယောက်ယောက်လုပ်တဲ့ အထောက်အထားဖြစ်တယ်ဆိုတာကို သိနိုင်တယ်ဆိုရင် စကြဝဠာနဲ့ အဲဒီအထဲမှာရှိတဲ့အရာအားလုံးကိုကြည့်ရင် ပြုလုပ်ထားတဲ့သူရှိတယ်ဆိုတာ ပိုလို့တောင်သိနိုင်ရမှာပေါ့။”

 တစ်ယောက်ယောက်က ဒီလိုပြောရင်– “ဒါဆိုရင် ဖန်ဆင်းရှင်ကို ဘယ်သူက ဖန်ဆင်းသလဲ။”

 သင်ဒီလိုပြန်ဖြေနိုင်တယ်– “ဖန်ဆင်းရှင်အကြောင်း အားလုံးကို နားမလည်နိုင်တာနဲ့ပဲ ဖန်ဆင်းရှင်မရှိဘူးလို့ မငြင်းနိုင်ဘူး။ ဥပမာ၊ သင့်ရဲ့ဖုန်းကို တီထွင်ခဲ့တဲ့သူရဲ့ သမိုင်းကြောင်းကို သင်မသိပေမဲ့ တစ်ဦးတစ်ယောက်က ဒါကို တီထွင်ခဲ့တယ်ဆိုတာကိုတော့ သင်ယုံကြည်လက်ခံတယ် မဟုတ်လား။” [တုံ့ပြန်မှုကိုစောင့်ပါ။] “ဖန်ဆင်းရှင်အကြောင်း သင်ယူနိုင်တာတွေ အများကြီးရှိပါတယ်။ တကယ်လို့ သိချင်တယ်ဆိုရင် ပြောပြမယ်။”

 အသင့်ပြင်ထားပါ

 “မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆို” သင့်ပါတယ်ဆိုပြီး သမ္မာကျမ်းစာမှာပြောထားပါတယ်။ (၁ ပေတရု ၃:၁၅) ကိုယ်ပြောတဲ့အရာနဲ့ ကိုယ့်ရဲ့ပြောဆိုပုံ စတဲ့ အချက် ၂ ချက်ကို အာရုံစိုက်ပါ။

  1.  ၁။ ကိုယ်ပြောတဲ့အရာ– ဘုရားသခင်ကို ချစ်ဖို့ အရေးကြီးပါတယ်၊ ဒါမှသာ ဖန်ဆင်းရှင်အကြောင်း တခြားသူတွေကိုပြောပြချင်စိတ် ရှိလာမှာဖြစ်တယ်။ ဘုရားသခင်ကို သင်က သိပ်ချစ်တယ်ဆိုတဲ့ အကြောင်းပြောပြရုံနဲ့ ဘုရားသခင်ဟာ အရာရာကို ဖန်ဆင်းထားတယ်ဆိုတဲ့အချက်ကို လက်ခံလာကြမှာမဟုတ်ဘူး။ အဲဒါကို လက်ခံစေဖို့ဆိုရင် ဖန်ဆင်းခြင်းကို ယုံကြည်တာကသာ ယုတ္တိရှိတယ်ဆိုတာကို သဘာဝတရားကနေ ဥပမာပြပြီး ရှင်းပြတာက အကောင်းဆုံးဖြစ်တယ်။

  2.  ၂။ ကိုယ့်ရဲ့ပြောဆိုပုံ– ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိပါ၊ မောက်မာတာ၊ ရိုင်းပြတာမျိုး မရှိပါစေနဲ့။ သင်က သူတို့ရဲ့ယုံကြည်ချက်ကို လေးစားမယ်၊ သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ကို အသိအမှတ်ပြုပေးမယ်ဆိုရင် လူတွေက သင့်ရဲ့ အမြင်ကို သုံးသပ်ချင်လာမှာပါ။

     “နစ်နာစေတဲ့စကား၊ ငါ အားလုံးသိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မဆွေးနွေးမိစေဖို့ အရမ်းအရေးကြီးတယ်လို့ ထင်တယ်။ နှိမ်တဲ့လေသံနဲ့ ပြောမယ်ဆိုရင် ပြောသမျှအရာရောက်တော့မှာ မဟုတ်ဘူး။”​—အီလန်း။

 သင့်ရဲ့ယုံကြည်ချက်ကို ရှင်းပြဖို့ အကူအညီဖြစ်စေတဲ့ စာအုပ်စာပေများ

ကိုယ့်ရဲ့ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုဖို့ ကြိုတင်ပြင်ဆင်တာက ရာသီဥတုအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်တာနဲ့တူ

 “ကျွန်မတို့ဘက်က ကြိုတင်မပြင်ဆင်ထားဘူးဆိုရင် အရှက်မကွဲရအောင် တိတ်တိတ်လေးနေရလိမ့်မယ်” ဆိုပြီး အယ်လီရှာဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးက ပြောပြတယ်။ အယ်လီရှာ ထောက်ပြသလိုပါပဲ၊ ကြိုတင်ပြင်ဆင်တာက အောင်မြင်မှုရဖို့ အရေးပါတယ်။ ပြီးတော့ ဂျန်နာကလည်း ဒီလိုပြောတယ်– “ဖန်ဆင်းခြင်းအကြောင်း ဆွေးနွေးတဲ့အခါ ကျွန်မရဲ့ယုံကြည်ချက်ကို ထောက်ခံပေးတဲ့ ရိုးရှင်းပြီး ထိမိတဲ့ ပုံဥပမာတွေစဉ်းစားထားတာက ကျွန်မကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်စေတယ်။”

 အဲဒီလိုပုံဥပမာတွေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။ လူငယ်အတော်များများကတော့ အောက်ဖော်ပြပါ စာအုပ်စာပေတွေကို အသုံးပြုကြတယ်။

 “ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား” ဆိုတဲ့ အရင်ကဆောင်းပါးတွေကို ပြန်လည်သုံးသပ်တာကလည်း အကူအညီဖြစ်စေပါလိမ့်မယ်။

  1.  အပိုင်း ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ

  2.  အပိုင်း ၂– ဆင့်ကဲဖြစ်စဉ်အကြောင်း ဘာကြောင့် မေးခွန်းထုတ်ရ

  3.  အပိုင်း ၃– ဖန်ဆင်းခြင်းကို ဘာကြောင့် ယုံကြည်ရ

 အကြံပြုချက်– သင့်ကို လက်ခံယုံကြည်စေတဲ့ ဥပမာတွေကို ရွေးပါ။ အဲဒါတွေက သင့်ကို အလွယ်တကူ မှတ်မိစေပြီး ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောစေနိုင်တယ်။ သင့်ရဲ့ယုံကြည်ချက်ကို ရှင်းပြနိုင်ဖို့ ကြိုးစားလေ့ကျင့်ကြည့်ပါ။