မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လိင်ဆိုင်ရာ စော်ကားမှုအကြောင်း ဘာသိထားသင့်သလဲ—အပိုင်း ၁– ကြိုတင်ကာကွယ်ခြင်း

လိင်ဆိုင်ရာ စော်ကားမှုအကြောင်း ဘာသိထားသင့်သလဲ—အပိုင်း ၁– ကြိုတင်ကာကွယ်ခြင်း

 လိင်ဆိုင်ရာ စော်ကားမှုဆိုတာ ဘာလဲ

 လိင်ဆိုင်ရာ စော်ကားမှုဆိုတဲ့ အသုံးအနှုန်းကို အဓိပ္ပာယ်ဖွင့်ဆိုပုံဟာ နေရာဒေသအပေါ်မူတည်ပြီး ကွာခြားပေမဲ့ အလိုမတူဘဲ သားမယားပြုကျင့်ခြင်း၊ တစ်ခါတလေ အားသုံးပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကို ရည်ညွှန်းနိုင်တယ်။ အဲဒီအထဲမှာ ကလေးကိုမတော်မတရားပြုကျင့်တာ၊ ဆွေမျိုးသားချင်းက ကာမဆက်ဆံတာ၊ သားမယားပြုကျင့်တာ၊ (ဘုန်းကြီး၊ ဓမ္မဆရာ၊ ကျောင်းဆရာ၊ ဆရာဝန် လိုမျိုး) အားကိုးအားထားထိုက်တယ်လို့ ထင်ရတဲ့ပုဂ္ဂိုလ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုခံရတာတွေလည်း ပါနိုင်တယ်။ အပြောနဲ့ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် စော်ကားခံရသူတွေဟာ တိုင်ပြောမယ်ဆိုရင် အန္တရာယ်ပေးမယ်လို့ ခြိမ်းခြောက်ခံရကြတယ်။

 အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ တစ်နှစ်ကို လူဦးရေ နှစ်သိန်းခွဲနီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံကြရတယ်ဆိုတာကို လေ့လာတွေ့ရှိမှုတစ်ခုအရ သိရတယ်။ တစ်ဝက်လောက်ဟာ အသက် ၁၂ နဲ့ ၁၈ ကြား ရှိသူတွေ ဖြစ်ကြတယ်။

 သိသင့်သိထိုက်ရာ

  •   လိင်ဆိုင်ရာ စော်ကားမှုကို သမ္မာကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ နီးပါးက သောဒုံမြို့ကို ရောက်လာတဲ့ အမျိုးသားနှစ်ယောက်ကို အဓမ္မပြုကျင့်ဖို့ ရှာကြတဲ့ ရာဂစိတ်ပြင်းထန်တဲ့ လူအုပ်အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့ လုပ်ရပ်က သောဒုံမြို့ကို ယေဟောဝါဖျက်ဆီးပစ်လိုက်ရတဲ့ အကြောင်းရင်းကို ပေါ်လွင်စေတယ်။ (ကမ္ဘာဦး ၁၉:၄–၁၃) အဲဒီအပြင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ လောက်က မောရှေကတစ်ဆင့်ပေးတဲ့ ပညတ်တရားမှာ မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာအပါအဝင် ဆွေမျိုးနီးစပ်တော်သူနဲ့ လိင်မှုကိစ္စပြုတာကို တားမြစ်ထားတယ်။—ဝတ်ပြုရာ ၁၈:၆

  •   စော်ကားမှုကျူးလွန်သူအများစုက ရင်းနှီးကျွမ်းဝင်သူတွေဖြစ်တယ်။ “မုဒိမ်းမှု သုံးပုံနှစ်ပုံမှာ သားကောင်ဖြစ်ရရှာသူတွေဟာ စော်ကားသူတွေကို သိကြတယ်။ ... စော်ကားသူဟာ တချို့လူတွေလို ကိုယ်မသိတဲ့နေရာကနေ ရုတ်တရက် ပေါ်လာကြတာမဟုတ်ဘူး” လို့ စာအုပ်တစ်အုပ် (Talking Sex With Your Kids) မှာ ဖော်ပြထားတယ်။

  •   အမျိုးသားရော အမျိုးသမီးတွေပါ လိင်ဆိုင်ရာ စော်ကားခံရကြတယ်။ အမေရိကန်နိုင်ငံမှာ လိင်ဆိုင်ရာ စော်ကားခံရသူ ၁၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ကြတယ်။ သားကောင်ဖြစ်သွားရတဲ့ အမျိုးသားတွေဟာ “အဲဒီလို စော်ကားခံရလို့ မိန်းမလျာအဖြစ်သတ်မှတ်ခံရမှာကို ကြောက်ကြတယ်၊ ယောက်ျားအဖြစ်ရှုမြင်မခံရမှာ စိုးရိမ်ကြတယ်” ဆိုပြီး မုဒိမ်းမှုတိုက်ဖျက်ရေး အဖွဲ့တစ်ခု (Rape, Abuse & Incest National Network (RAINN)) ရဲ့ အဆိုအရ သိရတယ်။

  •   လိင်ဆိုင်ရာ စော်ကားမှု များလာတာဟာ အံ့ဩစရာတော့မဟုတ်ပါဘူး။ “နောက်ဆုံးသောနေ့ရက်များ” မှာ လူတွေဟာ “မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊” “ချုပ်တည်းခြင်းမရှိသူ၊” “ကြမ်းကြုတ်သူ” တွေဖြစ်လာမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ (၂ တိမောသေ ၃:၁–၃) လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေမှာ အဲဒီလို အမူအကျင့်ဆိုးတွေကို အထင်အရှား တွေ့ရတယ်။

  •   လိင်ဆိုင်ရာစော်ကားခံရတာက ခံရသူရဲ့အပြစ် မဟုတ်ပါဘူး။ လိင်ဆိုင်ရာ စော်ကားမှုကို ခံသင့်တဲ့သူဆိုလို့ ဘယ်သူမှမရှိဘူး။ အဓမ္မပြုကျင့်သူပဲ သူ့လုပ်ရပ်အတွက် အပြစ်ခံသင့်တယ်။ ဒါပေမဲ့ လိင်ဆိုင်ရာ စော်ကားမခံရအောင် ကိုယ်ဘက်က လုပ်နိုင်တာတွေရှိပါတယ်။

 လုပ်ဆောင်နိုင်ရာ

  •   ကြိုတင်ပြင်ဆင်ထားပါ။ ဆွေမျိုးနီးစပ်တော်သူ ဒါမှမဟုတ် ကိုယ့်ရဲ့ ရည်းစားဖြစ်ရင်တောင် ကာမစပ်ယှက်ဖို့ အတင်းကြိုးစားလာရင် ဘာလုပ်ရမလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။ ဖြစ်နိုင်ခြေကို မြင်ယောင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာကို ကြိုတင်စဉ်းစားထားမယ်ဆိုရင် ကြုံလာရမယ့် ရွယ်တူချင်းဖိအားပုံစံအမျိုးမျိုးအတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်လို့ အီရင်ဆိုတဲ့ မိန်းမပျိုလေးတစ်ဦးက ပြောပြတယ်။ “ဒီလိုလုပ်တာဟာ ခေတ်နောက်ကျသွားပုံရပါတယ်၊ ဒါပေမဲ့ လိင်ဆိုင်ရာ စော်ကားခံရနိုင်ခြေနည်းသွားပါလိမ့်မယ်” လို့ သူဆက်ပြောတယ်။

     သမ္မာကျမ်းစာပြောဆိုရာ– “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။”—ဧဖက် ၅:၁၅၊ ၁၆

     ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– “တစ်ယောက်ယောက်က ငါ အနေရခက်အောင် ထိကပါးရိကပါး လုပ်လာရင် ဘာလုပ်မလဲ။”

  •   ထွက်သွားနိုင်ဖို့ ကြိုတင်စီစဉ်ပါ။ “ကိုယ်အနေရခက်လာတဲ့အခါ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး ကိုယ်နဲ့အတူရှိနေတဲ့သူ မသိနိုင်တဲ့ စကားဝှက်တွေနဲ့ ကိုယ်အနေရခက်တဲ့အကြောင်း သူတို့ကို အသိပေးနိုင်တယ်။ အဲဒါဆိုရင် မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေက ကိုယ့်ကို လာခေါ်ထုတ်သွားနိုင်တယ် ဒါမှမဟုတ် ကိုယ်ရှိနေတဲ့နေရာကနေ ထွက်သွားဖို့ အကြောင်းပြချက်ပေးလို့ရတယ်” လို့ မုဒိမ်းမှုတိုက်ဖျက်ရေး အဖွဲ့က အကြံပေးတယ်။ အဲဒီလိုနေရာမျိုးကို အစကတည်းက မသွားဘဲနေခဲ့မယ်ဆိုရင် ဝမ်းနည်းစရာအဖြစ်မျိုးတွေ ကြုံရစရာအကြောင်း မရှိတော့ဘူး။

     သမ္မာကျမ်းစာပြောဆိုရာ– ‘အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေခံစားရတတ်တယ်။’—သုတ္တံ ၂၂:ကဘ။

     ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– “ထွက်သွားနိုင်ဖို့ ဘာကို ကြိုတင်စီစဉ်ပြီးပြီလဲ။”

    ထွက်သွားနိုင်ဖို့ အမြဲ ကြိုတင်စီစဉ်ထားပါ

  •   စည်းကမ်းသတ်မှတ်ထားပြီး အဲဒီအတိုင်းလုပ်ပါ။ ဥပမာ၊ ရည်းစားနဲ့ ချိန်းတွေ့တယ်ဆိုရင် ဘယ်လို အပြုအမူတွေကို လက်မခံဘူးဆိုတာကို ဆွေးနွေးထားသင့်တယ်။ စည်းကမ်းသတ်မှတ်ထားတာကို သူ လက်မခံဘူးဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို လေးစားတန်ဖိုးထားတဲ့ တခြားတစ်ယောက်ကို ရှာဖို့ လိုပြီ။

     သမ္မာကျမ်းစာပြောဆိုရာ– ‘မေတ္တာသည် မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။’—၁ ကောရိန္သု ၁၃:၄၊ ၅

     ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– “ငါ့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက ဘာလဲ။ ငါ လက်မခံနိုင်တဲ့ အပြုအမူတွေက ဘာလဲ။”