မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ ဆေးမင်ကြောင် ထိုးသင့်သလား

ငါ ဆေးမင်ကြောင် ထိုးသင့်သလား

 ဆေးမင်ကြောင်ထိုးရင် ဘာများဆွဲဆောင်မှုရှိမလဲ။

 “တချို့ဆေးမင်ကြောင်တွေက တော်တော်လှတာ” ဆိုပြီး လူငယ်လေး ရိုင်ယန်ပြောတယ်။

 ဒါနဲ့ပတ်သက်ပြီး သင့်သဘောထားက ဆေးမင်ကြောင်ထိုးရတဲ့ အကြောင်းရင်းပေါ် မူတည်နိုင်တယ်။ ဥပမာ၊ ဆယ်ကျော်သက်မိန်းကလေး ဂျီလီယန် အခုလိုပြောတယ်– “ကျွန်မသူငယ်ချင်းဆိုရင် ငယ်ငယ်လေးကတည်းက အမေဆုံးသွားတယ်။ သူ ဆယ်ကျော်သက်အရွယ်ရောက်တော့ သူ့အမေနာမည်ကို လည်ပင်းမှာ ဆေးမင်ကြောင်ထိုးထားတယ်။ အဲဒီလိုမျိုး ဆေးမင်ကြောင်ထိုးတာကို သိပ်သဘောကျတယ်။”

 ဘယ်အကြောင်းရင်းပဲ ဖြစ်ပါစေ၊ သင့်အရေပြားပေါ်မှာ တစ်ခုခု မရေးဆွဲခင် သေသေချာချာ စဉ်းစားပါ။ ဆေးမင်ကြောင်ထိုးဖို့ စဉ်းစားနေရင် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်အာင် ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေက ကူညီပေးနိုင်သလဲ။

 ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ

 ကျန်းမာရေးကို ဘယ်လို ထိခိုက်နိုင်သလဲ။ “ဆေးမင်ကြောင်က အရေးပြားကို ထိုးဖောက်သွားတာမို့ အရေပြားဆိုင်ရာ ကူးစက်ရောဂါနဲ့ တခြားရောဂါတွေ ရနိုင်တယ်” လို့ Mayo Clinic ဝက်ဘ်ဆိုက်က ပြောတယ်။ “တစ်ခါတလေ ဆေးမင်ကြောင်ထိုးတဲ့ နေရာတစ်ဝိုက်မှာ အဖုတွေ ထလာတတ်တယ်။ ဒါ့အပြင် ဆေးမင်ကြောင်ထိုးတာကြောင့် အရေပြားဒဏ်ရာရပြီး အမာရွတ် လွန်လွန်ကဲကဲ ဖြစ်ပေါ်နိုင်တယ်။” “ဆေးမင်ကြောင်ထိုးပေးတဲ့ ပစ္စည်းကိရိယာတွေ မသန့်ရှင်းဘူးဆိုရင် သွေးကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရလာနိုင်တယ်” လို့ အဲဒီဝက်ဘ်ဆိုက်က ဆက်ပြောတယ်။

 သင့်ဂုဏ်သတင်းကို ဘယ်လို ထိခိုက်နိုင်သလဲ။ သင့်ရဲ့ ပုံပန်းသွင်ပြင်က သင်ဘယ်လိုလူစားလဲဆိုတာ ဖော်ပြနေတယ်။ ရင့်ကျက်သူလား၊ မရင့်ကျက်သူလား၊ ယုံကြည်စိတ်ချလို့ ရသလား၊ မရဘူးလား စတာတွေကို ဖော်ပြတယ်။ “ဆေးမင်ကြောင်ထိုးထားတဲ့သူကို တွေ့တာနဲ့ ပါတီတက်၊ သောက်စားတဲ့သူလို့ ချက်ချင်း သတ်မှတ်မိတယ်” ဆိုပြီး ဆယ်ကျော်သက်မိန်းကလေး ဆမန်သာ ပြောတယ်။

 မယ်လိန်းဆိုတဲ့ ၁၈ နှစ်အရွယ် မိန်းကလေးကလည်း အခုလိုပြောတယ်– “ဆေးမင်ကြောင်က ပင်ကိုအလှကို ဖုံးအုပ်လိုက်တာ။ ဆေးမင်ကြောင် ထိုးထားတဲ့သူတွေဟာ သူတို့ ဘယ်သူဘယ်ဝါမှန်း မသိစေချင်လို့ ဆေးမင်ကြောင်တွေအောက်မှာ ပုန်းနေရသလိုပဲ။”

 ဆေးမင်ကြောင်ကို အမြဲတမ်း ကြိုက်နေမှာလား။ ပိုဝလာတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ ဆေးမင်ကြောင်က ပုံပျက်သွားနိုင်တယ်။ “ဆယ်စုနှစ်ချီ ကြာလာတဲ့အခါ ဆေးမင်ကြောင်က စထိုးတုန်းကလို မလှတော့ဘူး” ဆိုပြီး ဂျိုးဇက်ဆိုတဲ့ လူငယ် ပြောပြတယ်။

 “ဆေးမင်ကြောင်တွေက ခေတ်နောက်ကျသွားတတ်တယ်။ ဆေးမင်ကြောင်ထိုးတဲ့သူအတွက် တစ်ချိန်တုန်းက သိပ်အရေးကြီးတဲ့အရာဟာ နှစ်နည်းနည်းကြာတော့ အရေးမကြီးတော့ဘူး” လို့ ၂၁ နှစ်အရွယ် အဲလန်ဆိုတဲ့ လူငယ် ပြောပြတယ်။

 အဲလန်ပြောတာ မှန်တယ်။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ အမြင်တွေ၊ နှစ်သက်တာတွေ၊ စွဲလန်းတာတွေ ပြောင်းလဲသွားတယ်။ ဒါပေမဲ့ ဆေးမင်ကြောင်ကတော့ မပြောင်းလဲဘဲ ရှိနေတယ်။ “ဆေးမင်ကြောင်ကိုမြင်တိုင်း ကိုယ်မိုက်ခဲ့တာတွေကိုပဲ သတိရမိတယ်။ အဲဒီအတွက် နောက်မှ နောင်တရတယ်” လို့ တရက်ဆာဆိုတဲ့ မိန်းကလေး ပြောတယ်။

 သက်ဆိုင်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေက ဘာလဲ

 ရင့်ကျက်တဲ့သူက ဆုံးဖြတ်ချက်မချခင် အချက်အလက်အားလုံးကို အချိန်ယူပြီး သေချာစဉ်းစားတယ်။ (သုတ္တံ ၂၁:၅; ဟေဗြဲ ၅:၁၄) ဒါကြောင့် ဆေးမင်ကြောင်နဲ့သက်ဆိုင်တဲ့ အောက်ပါကျမ်းစာလမ်းညွှန်ချက်တွေကို စဉ်းစားကြည့်ပါ။

  •  ကောလောသဲ ၃:၂၀ကဘ “သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။ အဲဒီလိုနာခံတာကို သခင် နှစ်သက်တယ်။”

      မိဘတွေနဲ့ အတူနေထိုင်ပြီး မိဘစကား နားမထောင်ဘူးဆိုရင် ဘာအကျိုးဆက်တွေ ကြုံရမယ် ထင်သလဲ။

  •  ၁ ပေတရု ၃:၃၊ ၄ “သင်တို့၏ ဆင်ယင်မှုသည် ဆံပင်ထုံးဖွဲ့ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်အစားဝတ်ခြင်းဖြစ်သော အပြင်တန်ဆာဆင်ခြင်း မဖြစ်စေနှင့်။ သို့အစား ဘုရားသခင့်ရှေ့တော်၌ အလွန်အဖိုးထိုက်၍ မပျက်စီးတတ်သော နူးညံ့ငြိမ်သက်ခြင်းသဘောဖြင့် စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့။”

      ကျမ်းစာက “စိတ်နှလုံး၏အတွင်းလူကို” ဒီလောက်အလေးပေးတာ ဘာကြောင့် ဖြစ်မယ် ထင်သလဲ။

  •  ၁ တိမောသေ ၂:၉ “အမျိုးသမီးတို့သည်လည်း ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်းနှင့် . . . ကိုယ်ကို ဆင်ယင်စေလို၏။”

      “ကျိုးနွံခြင်း” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ရေရှည်မှာ ကျိုးနွံခြင်းက ကိုယ်ကာယအလှထက် ပိုနှစ်သက်စရာကောင်းတာ ဘာကြောင့် ဖြစ်မလဲ။

  •  ရောမ ၁၂:၁ “အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော ယဇ်ဖြစ်သည့် မိမိတို့၏ ကိုယ်ခန္ဓာကို ဆက်သကြလော့။ သို့ပြုလျှင် သင်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားဝတ်ကိုပြုခြင်း ဖြစ်မည်။”

      သင့်ကိုယ်ခန္ဓာကို အသုံးပြုပုံက ဘုရားအတွက် ဘာကြောင့် အရေးကြီးသလဲ။

 ဒီအချက်တွေကို စဉ်းစားကြည့်ပြီးနောက် လူအများစုက ဆေးမင်ကြောင်မထိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တကယ်တော့ ဆေးမင်ကြောင်ထက် ကောင်းတာကို သူတို့တွေ့ခဲ့ကြတယ်။ အခုန တရက်ဆာဆိုတဲ့ မိန်းကလေး အခုလိုပြောတယ်– “ကိုယ်ကြိုက်တဲ့ စကားတစ်ခွန်း၊ ဆောင်ပုဒ်တစ်ခု ရှိမယ်ဆိုရင် အဲဒီအတိုင်း အသက်ရှင်နေထိုင်ပါ။ ကိုယ့်အတွက် အရေးပါတဲ့သူတစ်ယောက် ရှိမယ်ဆိုရင် သူဟာ ကိုယ့်အတွက် ဘယ်လောက် အရေးပါကြောင်း ပြောပြလိုက်ပါ။ ဆေးမင်ကြောင်ထိုးမယ့်အစား ကိုယ်ယုံကြည်တဲ့အတိုင်း အသက်ရှင်နေထိုင်ပါ။