မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လူပေါင်းမဆံ့ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ

လူပေါင်းမဆံ့ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ

 “လူပေါင်းဆံ့ဖို့ လိုတယ်။ လူပေါင်းမဆံ့ရင် သူငယ်ချင်း မရှိဘူး။ ဘဝဆိုတာ မရှိဘူး။ အနာဂတ် မရှိဘူး။ ကိုယ့်ကို ဘယ်သူမှ မသိဘဲ အထီးကျန်နေမယ်။”—ကားလ်။

 ချဲ့ကားပြောနေတာလား။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့က ကားလ် ပြောသလို မဖြစ်အောင် ဘာမဆို လုပ်ကြတယ်။ သင်ကော။ မိတ်ဖွဲ့နိုင်တဲ့ နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

 ဘာကြောင့် လူပေါင်းဆံ့အောင် ကြိုးစားကြသလဲ

  •   အပယ်ခံ မဖြစ်ချင်လို့။ “ကျွန်မ မပါဘဲ အုပ်စုလိုက် သွားလာလုပ်ကိုင်နေကြတဲ့ပုံတွေ လူမှုမီဒီယာမှာ တွေ့ရတယ်။ ငါ့ကို ဘာကြောင့် မခေါ်ကြသလဲလို့ အတွေးဝင်ပြီး ရူးမတတ် ခံစားရတယ်။ ငါ့ကို အဖက်မလုပ်ချင်ကြဘူးလို့ နောက်ဆုံး အဖြေရလိုက်တယ်။”—နတ်တလီ။

     စဉ်းစားကြည့်ပါ။ အုပ်စုက သင့်ကို ဖယ်ထားတယ်လို့ ခံစားဖူးသလား။ အုပ်စုနဲ့ ဝင်ဆံ့အောင် သင့်ဘက်က တစ်ခုခု လုပ်ဆောင်ခဲ့ရသလား။ ဘာလုပ်ခဲ့သလဲ။

  •   တစ်မူထူးနေတာမျိုး မဖြစ်ချင်ကြလို့။ “မိဘတွေက ကျွန်မကို ဆဲလ်ဖုန်း ပေးမကိုင်ကြဘူး။ ကျောင်းနေဖက်တွေက ကျွန်မရဲ့ ဖုန်းနံပါတ် တောင်းကြတယ်။ မရှိဘူးလို့ ပြောတဲ့အခါ ‘ဘယ်လို ဖြစ်တာလဲ။ နင် အသက် ဘယ်လောက်ရှိပြီလဲ’ လို့ ပြန်ပြောကြတယ်။ ၁၃ နှစ်ရှိပြီလို့ ပြောလိုက်တော့ သနားတဲ့ပုံမျိုးနဲ့ ကြည့်ကြတယ်။”—မေရီ။

     စဉ်းစားကြည့်ပါ။ မိဘတွေရဲ့ ဘယ်ကန့်သတ်ချက်က တစ်မူထူးနေတယ်လို့ ခံစားရသလဲ။ အဲဒီကန့်သတ်ချက်ကို ဘယ်လို ဖြေရှင်းသလဲ။

  •   အနိုင်ကျင့်တာ မခံချင်လို့။ “ကျောင်းနေဖက်တွေက သူတို့လို မလုပ်တဲ့သူတွေ၊ သူတို့လို မပြောတဲ့သူတွေ၊ သူတို့နဲ့ ဝတ်ပြုရေး မတူသူတွေကို မပေါင်းကြဘူး။ ကိုယ်က သူတို့နဲ့ မဝင်ဆံ့ရင် သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားပြီ။”—အိုလီဗာ။

     စဉ်းစားကြည့်ပါ။ သူတို့နဲ့ မဝင်ဆံ့တာနဲ့ပဲ အနိုင်ကျင့်တာ ခံရဖူးသလား။ အဲဒီအခြေအနေကို ဘယ်လို ဖြေရှင်းခဲ့သလဲ။

  •   သူငယ်ချင်းတွေ မဆုံးရှုံးချင်လို့။ “သူငယ်ချင်းတွေ လုပ်သလို လိုက်လုပ်တယ်။ သူတို့ ပြောသလို လိုက်ပြောတယ်။ ရယ်စရာ မဟုတ်ရင်လည်း လိုက်ရယ်လိုက်တယ်။ တခြားသူ နာကျင်ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ သူတို့လှောင်သလို လိုက်လှောင်လိုက်တယ်။”—ရေချယ်။

     စဉ်းစားကြည့်ပါ။ ရွယ်တူတွေရဲ့ သဘောကျမှုကို ရဖို့ ဘယ်လောက် အရေးကြီးသလဲ။ သူတို့နဲ့ ဝင်ဆံ့နိုင်ဖို့ ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေကို ပြောင်းလဲဖူးသလား။

 သိထားသင့်ရာ

  •   တခြားသူတွေကို လိုက်တုရင် အကျိုးနည်းနိုင်တယ်။ ဘာကြောင့်လဲ။ လူတွေဟာ ဟန်ဆောင်နေတာကို သိတတ်ကြတယ်။ “ကိုယ်မဟုတ်တဲ့သူ ပုံစံမျိုး အတင်းဟန်ဆောင်လုပ်နေရင်လည်း အတန်းဖော်တွေနဲ့ လူပေါင်းဆံ့လာမှာ မဟုတ်ဘူး။ ဟန်ဆောင်နေမှန်း သိကြတဲ့အတွက် ကိုယ့်ပုံစံအတိုင်းနေတာ အကောင်းဆုံးပဲ” လို့ အသက် ၂၀ အရွယ် ဘရိုင်ယန် ပြောတယ်။

     ပိုကောင်းတဲ့ နည်းလမ်း။ ကိုယ့်အတွက် အရေးအကြီးဆုံးကို စဉ်းစားပါ။ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ကြပါလို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၁:၁၀) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘ကိုယ်နဲ့ စရိုက်မတူသူတွေနဲ့ ဝင်ဆံ့ဖို့ ပိုအရေးကြီးသလား၊ ကိုယ့်စရိုက်အတိုင်း ရိုးရိုးသားသားနေဖို့ ပိုအရေးကြီးသလား။’

     “တခြားသူတွေနဲ့တူဖို့ လိုက်ကြိုးစားတာ ဘာမှ အကျိုးမရှိဘူး။ ကိုယ့်ကို သူတို့ သဘောကျလာမှာ မဟုတ်သလို ကိုယ်လည်း ပိုကောင်းတဲ့သူ ဖြစ်မလာဘူး။”—ဂျိမ်းစ်။

  •   တခြားသူအကြိုက် လိုက်လုပ်နေတာက ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေ ဆုံးရှုံးသွားနိုင်တယ်။ “လူ့အကြိုက်လိုက်သူ” ဖြစ်သွားနိုင်တယ်။ “နာမည်ပျက်နိုင်တယ်ဆိုတာ သိသိကြီးနဲ့ အုပ်စုတစ်စုနဲ့ ဝင်ဆံ့အောင် ကြိုးစားခဲ့တယ်။ တခြားသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်တာ ခံလိုက်ရတယ်။ ကျွန်တော် သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်လာတယ်” ဆိုပြီး လူငယ် ဂျေရမီ ပြောတယ်။

     ပိုကောင်းတဲ့ နည်းလမ်း။ ပုတ်သင်ညိုလို ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင်ပြောင်းနေမယ့်အစား ကိုယ့်စံနှုန်းအတိုင်း နေပါ။ “လူအများနောက် လိုက်ပြီး ... မလုပ်နဲ့” လို့ ကျမ်းစာ ဆိုထားတာ အကြောင်းကောင်းရှိလို့ပါ။—ထွက်မြောက်ရာ ၂၃:၂

     “သူတို့ကြိုက်တဲ့ တေးဂီတ၊ ကစားနည်း၊ အဝတ်အစား၊ ပွဲတွေနဲ့ မိတ်ကပ်အမျိုးအစားတွေကို လိုက်ကြိုက်ခဲ့ရတယ်။ ... သူတို့နဲ့တူအောင် ကြိုးစားတယ်။ ဒါကို သူတို့ သိတယ် ထင်တယ်။ လူတိုင်း သိကြပါတယ်။ ကျွန်မလည်း သိနေတာပဲ။ နောက်တော့ စိတ်ပျက်ပြီး အထီးကျန်တာပဲ အဖတ်တင်တယ်။ ကျွန်မရဲ့ အကြိုက်တွေ၊ စိတ်ကူးတွေ ဘာမှန်းတောင် မသိတော့ဘူး။ လူတိုင်းနဲ့ ဝင်ဆံ့အောင် မလုပ်နိုင်မှန်း သိလိုက်ပါပြီ။ လူတိုင်း ကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။ သူငယ်ချင်းတွေ ရဖို့ စိတ်ရှည်ရမယ်၊ ကိုယ်တိုင်ကလည်း ရင့်ကျက်ဖို့ လိုတယ်။”—မီလင်ဒါ။

  •   လူပေါင်းဆံ့အောင် ကြိုးစားတာက ကိုယ့်အမူအကျင့်တွေ ထိခိုက်နိုင်တယ်။ ဝမ်းကွဲဖြစ်သူ အဲဒီလိုဖြစ်ခဲ့ကြောင်း လူငယ် ခရစ္စ ပြောပြတယ်။ “တခြားသူတွေနဲ့ လူပေါင်းဆံ့ချင်တာနဲ့ပဲ ပုံမှန်ဆိုရင် လုပ်မှာ မဟုတ်တဲ့ မူးယစ်ဆေးကို စသုံးစွဲလာတယ်။ ဆေးစွဲသွားပြီး ဘဝပျက်လုမတတ် ဖြစ်သွားတယ်” လို့ ခရစ္စ ပြောပြတယ်။

     ပိုကောင်းတဲ့ နည်းလမ်း။ အပြောအဆို၊ လုပ်ရပ်တွေမှာ စံနှုန်းကောင်း မရှိသူတွေကို ရှောင်ပါ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။—ပညာအလိမ္မာ ၁၃:၂၀

     “လူပေါင်းဆံ့အောင် တစ်ခါတလေ ကြိုးစားတာ ကောင်းပါတယ်။ မှန်တာကို စွန့်လွှတ်ပြီး လူပေါင်းဆံ့အောင်တော့ မကြိုးစားသင့်ဘူး။ ကိုယ့်စရိုက်အမှန်ကို လက်ခံသူတွေကသာ မိတ်ဆွေကောင်းတွေပါ။”—မီလာနီ။

     အကြံပြုချက်။ လူသစ်တွေနဲ့ တွေ့ဆုံပြီး မိတ်ဆွေဖွဲ့ဖို့ ကြိုးစားတဲ့အခါ ကိုယ်နဲ့ အကြိုက်ချင်း တူတဲ့သူတွေကိုပဲ မရှာပါနဲ့။ ကိုယ်နဲ့ ဝတ်ပြုရေးစံနှုန်း၊ ကျင့်ဝတ်စံနှုန်းတွေ တူတဲ့သူကိုပဲ ရှာပါ။

    အဝတ်အစားတချို့ဟာ ကိုယ်နဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မယ်။ အလားတူပါပဲ လူတချို့က ကိုယ့်စံနှုန်းတွေကို ပိုကောင်းအောင် မလုပ်ပေးနိုင်ဘူး