မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၂– ငါ့ဘက်က ဘယ်လက္ခဏာတွေ ပြနေသလဲ

သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၂– ငါ့ဘက်က ဘယ်လက္ခဏာတွေ ပြနေသလဲ

 သူငယ်ချင်းတစ်ယောက် စကားပြောချင်တဲ့အခါ သင် နားထောင်ပေးချင်တယ်။ ဒါနဲ့ အခုတလော သူငယ်ချင်းတစ်ယောက်နဲ့ စကားအကြာကြီး ပြောဖြစ်တယ်။ ပြဿနာက အဲဒီသူငယ်ချင်းဟာ လိင်ခြားသူ ဖြစ်နေတာပဲ။ ‘ငါတို့က သူငယ်ချင်းတွေပါ’ လို့ သင်တွေးမိနိုင်တယ်။ သူလည်း အဲဒီလိုပဲ ယူဆမှာပါလို့ သင်ထင်နေတယ်။ ဒါနဲ့ပတ်သက်ပြီး သတိထားဖို့လိုသလား။

 ဘာဖြစ်နိုင်သလဲ

 လိင်ခြားသူတွေနဲ့ သူငယ်ချင်းဖြစ်တာ မမှားပါဘူး။ ဒါပေမဲ့ တစ်ယောက်သောသူကို တခြားသူတွေထက်ပိုပြီး ခင်နေတယ်ဆိုရင်ကော။ အဲဒီလိုဖြစ်နေရင်တော့ သင့်ဘက်က သူငယ်ချင်းအဆင့်ထက် ပိုချင်နေပြီလို့ သူကောက်ချက်ချသွားနိုင်တယ်။

 ဒါဟာ သင်ရည်ရွယ်သလို ဟုတ်ရဲ့လား။ မရည်ရွယ်ဘဲနဲ့ ဖြစ်သွားနိုင်ချေရှိတဲ့ အရာတချို့ကို သုံးသပ်ကြည့်ပါ။

  •   တစ်ယောက်သောသူကို သင် သိပ်အရေးပေးမိတယ်။

     သူတစ်ပါးရဲ့ ခံစားချက်တွေကို သင်မထိန်းချုပ်နိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင်က ငါတို့ သူငယ်ချင်းတွေပါလို့ ပြောပြီး အချိန်တိုင်း ဖုန်းဆက်၊ စကားပြောနေမယ်ဆိုရင်တော့ မီးကို လောင်စာဖြည့်ပေးသလို ဖြစ်တာမို့ မလုပ်သင့်ဘူး။”​—စေရာ။

  •   တစ်ယောက်သောသူပို့တဲ့ မက်ဆေ့ချ်ကို သင် အမြဲစာပြန်တယ်။

     “ကျွန်တော့်ဘက်က စပြီး မက်ဆေ့ချ်ပို့တာ မဟုတ်ပေမဲ့ ကောင်မလေးတစ်ယောက် ပို့တဲ့ မက်ဆေ့ချ် အတော်များများကို အမြဲ ပြန်ပို့ဖြစ်တယ်။ နောက်ပိုင်းကျတော့ သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုပါဘူးဆိုတာကို ရှင်းပြဖို့ တော်တော် ခက်သွားတယ်။”​—ရစ်ချတ်။

  •   တစ်ယောက်သောသူရဲ့ စိတ်ဝင်စားမှုရအောင် သင်လုပ်မိတယ်။

     တချို့က အီစီကလီလုပ်တာကို ကစားပွဲတစ်ခုလို့ ထင်ကြတယ်။ ခပ်ပေါ့ပေါ့ သဘောထားပြီး သူတစ်ပါးရဲ့ ခံစားချက်ကို ကစားကြတယ်။ ဒါမျိုး ခဏခဏတွေ့ဖူးတယ်။ တစ်ဖက်သားက အမြဲနာကျင်ရတာပဲ။”​—တာမရာ။

 အဓိကအချက်– တစ်ချိန်လုံး ဆက်သွယ်နေတာ၊ သိပ်အရေးပေးလွန်းတာဟာ သင့်ဘက်က သူငယ်ချင်းတစ်ယောက်ထက် ပိုနေပြီဆိုတဲ့ လက္ခာဏာတွေ ပြနေတာပါပဲ။

 ဘာကြောင့်အရေးကြီးတာလဲ

  •   တစ်ဖက်သားကို ထိခိုက်နာကျင်စေလို့ပါ။

     သမ္မာကျမ်းစာပြောဆိုရာ– “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။” (သုတ္တံ ၁၃:၁၂) တစ်ယောက်ယောက်က သူငယ်ချင်းထက်ပိုတဲ့ လက္ခဏာတွေ သင့်ကိုအမြဲပြနေတယ်ဆိုရင် သင့်ဘက်က ဘာကို မျှော်လင့်မိနိုင်သလဲ။

     “‘ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်’ ဆိုတဲ့စကား ရှိတယ်။ တစ်ဖက်သားကို လွှတ်လည်းမလွှတ်ပေး၊ ဆွဲလည်းမဆွဲသေးဘဲ ဆန့်တငန့်ငန့် ဖြစ်အောင် လုပ်ထားတဲ့ သဘောပေါ့။ လူနှစ်ဦးရဲ့ ဆက်ဆံရေးမှာလည်း အလားတူ ဖြစ်နိုင်တယ်။ တစ်ဖက်သားနဲ့ ရည်းစား မဖြစ်ချင်ပေမဲ့ သူ့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားမယ်ဆိုရင် သူ့ကို ထိခိုက်နာကျင်စေနိုင်တယ်။”​—ဂျက်စီကာ။

  •   သင့်ကို နာမည်ပျက်စေနိုင်လို့ပါ။

     သမ္မာကျမ်းစာပြောဆိုရာ– “ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏ အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။” (ဖိလိပ္ပိ ၂:၄) ကိုယ့်အကျိုးပဲ ကြည့်တတ်တဲ့ လူစားမျိုးကို သင်ဘယ်လို သတ်မှတ်မလဲ။ အဲဒီအကျင့်က သူ့ကို ဘယ်လို နာမည်ပျက်စေနိုင်သလဲ။

     “ကောင်မလေးတွေနဲ့ အီစီကလီလုပ်တတ်တဲ့ ကောင်လေးတွေကို ကျွန်မ လုံးဝမကြိုက်ဘူး။ အီစီကလီ လုပ်တတ်တဲ့ အကျင့်ဟာ အိမ်ထောင်ပြုပြီးနောက် သစ္စာဖောက်သွားနိုင်တယ်ဆိုတဲ့ နိမိတ်ပဲ။ ပြီးတော့ တစ်ဖက်သားကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်အောင် လုပ်တာဖြစ်လို့ တစ်ကိုယ်ကောင်းသိပ်ဆန်တယ်။”​—ဂျူလီယာ။

 အဓိကအချက်– ရည်းစားဖြစ်ဖို့ မရည်ရွယ်ဘဲနဲ့ သူငယ်ချင်းအဆင့်ထက်ပိုတဲ့ လက္ခဏာတွေ ပြနေတဲ့သူဟာ တစ်ဖက်သားကို ထိခိုက်နာကျင်စေနိုင်သလို ကိုယ်တိုင်လည်း နစ်နာတယ်။

 လုပ်ဆောင်နိုင်ရာ

  •   သမ္မာကျမ်းစာက “ငယ်ရွယ်သောသူတို့ကို ညီများကဲ့သို့၊” “ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့” ဆက်ဆံရမယ်လို့ ပြောထားတယ်။ (၁ တိမောသေ ၅:၁၊ ၂) အဲဒီစံနှုန်းကိုသာ လက်ကိုင်ထားမယ်ဆိုရင် လိင်ခြားသူတွေနဲ့ သင့်ရဲ့ခင်မင်မှုကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

     “ကျွန်မ အိမ်ထောင်ပြုခဲ့ရင် သူများယောက်ျားကို အီစီကလီလုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် လိင်ခြားသူကို တည်တည်ငြိမ်ငြိမ် ဆက်ဆံတတ်အောင် တစ်ကိုယ်ရည်ဘဝကတည်းက လေ့ကျင့်ထားတာ အကျိုးရှိပါတယ်။”​—လေအာ။

  •   “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏” လို့ ကျမ်းစာက ဆိုထားတယ်။ (သုတ္တံ ၁၀:၁၉) အဲဒီလမ်းညွှန်ချက်က စကားပြောတာသာမက မက်ဆေ့ချ်ပို့တာနဲ့လည်း သက်ဆိုင်တယ်။ မက်ဆေ့ချ်ပို့တဲ့ အကြိမ်ပေါင်း၊ ပို့တဲ့အကြောင်းအရာတွေကအစ အကျုံးဝင်ပါတယ်။

     “ချိန်းတွေ့ဖို့ ရည်ရွယ်ချက်မရှိဘဲ မိန်းကလေးတစ်ယောက်ကို နေ့တိုင်း မက်ဆေ့ချ်ပို့နေစရာ အကြောင်းမရှိဘူး။”​—ဘရိုင်ယန်။

  •   “အထက်မှ ဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏” လို့ ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၃:၁၇) လူတစ်ယောက်ကို ပွေ့ဖက်လိုက်တာဟာ ဖြူစင်တဲ့စိတ်နဲ့ ဖြစ်နိုင်သလို သူငယ်ချင်းထက် ပိုနေပြီဆိုတဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်တယ်။

     “ကျွန်မက ကောင်လေးတွေနဲ့ ဖော်ဖော်ရွေရွေ စကားပြောပေမဲ့ လူရောစိတ်ပါ ခပ်ခွာခွာပဲနေတယ်။”—မာရီယာ။

 အဓိကအချက်– လိင်ခြားသူနဲ့ သင့်ရဲ့ပြုမူနေထိုင်ပုံကို အသေအချာ ဆန်းစစ်ပါ။ ဂျနီဖာဆိုတဲ့ မိန်းကလေးက “မိတ်ဆွေကောင်းဆိုတာ လွယ်လွယ်ရတဲ့အရာ မဟုတ်ဘူး။ ဒါကြောင့် အဓိပ္ပာယ်ကောက်လွဲသွားနိုင်တဲ့ လက္ခဏာတွေ ပြမိလို့ မိတ်ပျက်ရတာမျိုး မဖြစ်ချင်ဘူး” လို့ပြောတယ်။

 အကြံပြုချက်များ

  •   တခြားသူတွေ ဘယ်လို ကောက်ချက်ချနေသလဲဆိုတာ ဂရုစိုက်ပါ။ တစ်ယောက်ယောက်က “နင်က သူနဲ့ ရည်းစားဖြစ်နေတာလား” လို့ မေးလာရင်တော့ သင်တို့နှစ်ယောက် သိပ်ရင်းနှီးနေကြပြီဆိုတာကို ဖော်ပြနေတာပဲ။

  •   လိင်ခြားသူ သူငယ်ချင်းတွေကို တစ်ပြေးညီ ဆက်ဆံပါ။ တစ်ယောက်ယောက်ကို တခြားသူတွေထက် ပိုအရေးပေးမိတာမျိုး မလုပ်မိပါစေနဲ့။

  •   မက်ဆေ့ချ်ပို့တဲ့အခါ ပို့တဲ့အကြိမ်၊ ပို့တဲ့အကြောင်းအရာ၊ ပို့တဲ့အချိန်ကအစ သတိထားပါ။ “လိင်ခြားသူတစ်ယောက်ကို ညသန်းခေါင်ကြီး မက်ဆေ့ချ်ပို့စရာ အကြောင်းမရှိဘူး” လို့ အလီဆာဆိုတဲ့ မိန်းကလေးက ပြောတယ်။