မာတိကာဆီ ကျော်သွား

မိဘတွေက ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးပါလား

မိဘတွေက ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးပါလား

အောက်ပါအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ–

ပါတီတစ်ခုကို သင် သွားချင်တယ်။ ဒါပေမဲ့ မိဘတွေက သွားခွင့်ပြုမယ်၊ မပြုဘူးဆိုတာ မသေချာဘူး။ သင် ဘယ်လိုလုပ်မလဲ။

  1. ၁။  မေးမနေတော့ဘဲ သွားလိုက်မယ်

  2. ၂။  မမေးဘူး၊ မသွားဘူး

  3. ၃။  ဘာပြောမလဲ မေးကြည့်မယ်

 ၁။ မေးမနေတော့ဘဲ သွားလိုက်မယ်

 ဒီအချက်ကို သင် ရွေးချယ်ရတဲ့ အကြောင်းရင်း– သင့်သူငယ်ချင်းတွေကို သင် ဘယ်လောက် လွတ်လွတ်လပ်လပ် ရှိသလဲဆိုတာ ပြချင်တယ်။ မိဘတွေထက် ပိုသိပိုတတ်တယ်လို့ သင် ခံစားရတယ် ဒါမှမဟုတ် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သင် မလေးစားဘူး။—သုတ္တံ ၁၄:၁၈

 အကျိုးဆက်များ– သင့် သူငယ်ချင်းတွေ အထင်ကြီးချင်ကြီးပါလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ မလိမ့်တပတ် လုပ်တတ်တယ်ဆိုတာကိုလည်း သူတို့ သိသွားလိမ့်မယ်။ သင်ဟာ မိဘတွေကိုတောင် မလိမ့်တပတ် လုပ်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း မလိမ့်တပတ် လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ မိဘတွေ သိသွားတဲ့အခါ သူတို့ စိတ်ထိခိုက်လိမ့်မယ်၊ သင့်ကို အယုံအကြည် မဲ့သွားလိမ့်မယ်၊ သင်လည်း အပြစ်ပေးခံရနိုင်တယ်။—သုတ္တံ ၁၂:၁၅

 ၂။ မမေးဘူး၊ မသွားဘူး

 ဒီအချက်ကို သင် ရွေးချယ်ရတဲ့ အကြောင်းရင်း– ဖိတ်ခေါ်ခံရတဲ့ ပါတီပွဲအကြောင်း စဉ်းစားတယ်။ အဲဒီကို သွားတာက သင့်စံနှုန်းနဲ့ မကိုက်ညီဘူး ဒါမှမဟုတ် အဲဒီကို ဖိတ်ခေါ်ခံရသူတချို့က အပေါင်းအသင်းကောင်းတွေ မဟုတ်ဘူး။ (၁ ကောရိန္သု ၁၅:၃၃၊ ဖိလိပ္ပိ ၄:၈) အဲဒီလိုမှ မဟုတ်ရင်လည်း၊ သွားတော့သွားချင်ပေမဲ့ မိဘကို မမေးရဲလို့ ဖြစ်မယ်။

 အကျိုးဆက်များ– သွားဖို့ မသင့်တော်လို့ သင် မသွားတာဆိုရင်တော့ သင့်သူငယ်ချင်းတွေကို ရဲရဲဝံ့ဝံ့ ပြန်ဖြေနိုင်မယ်။ ဒါပေမဲ့ မိဘကို မမေးရဲလို့ဆိုရင်တော့ ငါ့မှာ နည်းနည်းလေးတောင် ပျော်ခွင့်မရှိပါလားဆိုတဲ့ ခံစားချက်နဲ့ စိတ်ပျက်လက်ပျက် ငိုင်တိုင်တိုင် ဖြစ်နေပါလိမ့်မယ်။

 ၃။ ဘာပြောမလဲ မေးကြည့်မယ်

 ဒီအချက်ကို သင် ရွေးချယ်ရတဲ့ အကြောင်းရင်း– မိဘတွေက သင့်အပေါ် အခွင့်အာဏာ ရှိကြောင်း သင် အသိအမှတ်ပြုတယ်၊ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သင် လေးစားတယ်။ (ကောလောသဲ ၃:၂၀) မိဘတွေကို သင် ချစ်တယ်။ မိဘတွေ ကွယ်ရာမှာ တစ်ခုခုကို ခိုးကြောင်ခိုးဝှက် လုပ်လိုက်လို့ သူတို့ စိတ်ထိခိုက်သွားမှာကို သင် မလိုလားဘူး။ (သုတ္တံ ၁၀:၁) သင့်ကိစ္စကို ပြောခွင့်လည်း ရတယ်။

 အကျိုးဆက်များ– မိဘတွေက သင် သူတို့ကို ချစ်တယ်၊ သင် သူတို့ကို လေးစားတယ်လို့ ခံစားရလိမ့်မယ်။ သင့်တောင်းဆိုချက်က အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ သူတို့ ယူဆရင် သူတို့ ခွင့်ပြုပါလိမ့်မယ်။

မိဘတွေ ဘာလို့ ခွင့်မပြုရတာလဲ

ကမ်းခြေက သက်စောင့်တွေလိုပဲ သင့်မိဘတွေက သင်အန္တရာယ်တွေ့နိုင်တဲ့ အခြေအနေကို ကောင်းစွာသိကြ

 အကြောင်းရင်းတစ်ခုကို ဒီလို ဥပမာပေးနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ရေနစ်သူကို ကယ်ဖို့ စောင့်ကြည့်နေကြတဲ့ သက်စောင့်တွေရှိတဲ့ ကမ်းခြေမှာပဲ သင် ရေကူးချင်မှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ။ ရေထဲမှာ ပျော်ရွှင်နေတဲ့ အချိန်ဆိုရင် အန္တရာယ်ကို သင် အနည်းငယ်လောက်ပဲ သတိထားမိတတ်တယ်။ ဒါပေမဲ့ ကမ်းခြေက သက်စောင့်တွေကတော့ အန္တရာယ်ကို ပိုမြင်နိုင်တဲ့ အပေါ်စီးမှာ ရှိနေတယ်။ ဒီလိုပဲ၊ သင်ထက်ပိုများတဲ့ အသိပညာ၊ အတွေ့အကြုံတွေကြောင့် သင့်မိဘတွေက သင် မမြင်နိုင်တဲ့ အန္တရာယ်တွေကို မြင်နိုင်တယ်။ ကမ်းခြေမှာရှိတဲ့ သက်စောင့်တွေလိုပါပဲ၊ သင့်မိဘတွေရဲ့ ရည်ရွယ်ချက်က သင့်ပျော်ရွှင်မှုကို ဟန့်တားဖို့ မဟုတ်ဘူး။ သင့်ဘဝမှာ ပျော်ရွှင်မှု ပျောက်သွားစေမယ့်အရာတွေကနေ ကာကွယ်ပေးဖို့ ဖြစ်တယ်။

 နောက်အကြောင်းရင်းတစ်ခုကတော့– သင့်မိဘတွေမှာ သင့်ကို ကာကွယ်ပေးချင်တဲ့ဆန္ဒ ပြင်းပြနေတယ်။ သူတို့ သင့်ကို ချစ်တယ်၊ ဒါကြောင့် ဖြစ်နိုင်ရင် သင်လုပ်ချင်တာကို သူတို့ ခွင့်ပြုပေးချင်ကြတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တဲ့အခါ သူတို့ သင့်ကို တားရပါလိမ့်မယ်။ သင်က တစ်ခုခုလုပ်ဖို့ မိဘတွေကို ခွင့်တောင်းတဲ့အခါ ‘လုပ်ခွင့်ပြုလိုက်ရင် ဆိုးကျိုးတစ်ခုခု ဖြစ်လာမလား’ လို့ သူတို့ကိုယ်သူတို့ ပြန်မေးတတ်ကြတယ်။ သင့်အတွက် ဆိုးကျိုးတစ်စုံတစ်ရာ မဖြစ်နိုင်ဘူးလို့ သူတို့ အခိုင်အမာ ယုံကြည်တဲ့အခါမှသာ သင့်ကို ခွင့်ပြုပါလိမ့်မယ်။

သူတို့ ခွင့်ပြုနိုင်ခြေများအောင် သင် ဘယ်လိုလုပ်နိုင်မလဲ

သင်လုပ်ဆောင်နိုင်ရာ

 ရိုးသားပါ– သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ ဘာကြောင့် သွားချင်ရတာလဲ။ ငါ ကိုယ်တိုင်က ကြိုက်လို့လား။ ဒါမှမဟုတ် သူငယ်ချင်းတွေကြား ဝင်ဆန့်ချင်လို့လား။ ဒါမှမဟုတ် ငါကြိုက်နေသူတစ်ယောက်ယောက် ရှိနေလို့လား။’ ပြီးတဲ့အခါ သင့်မိဘတွေကိုလည်း ရိုးရိုးသားသား ပြောပါ။ သူတို့လည်း ငယ်ရာက ကြီးလာသူတွေ ဖြစ်ပြီး သင့်အကြောင်းကိုလည်း ကောင်းကောင်း သိပါတယ်။ ဒါကြောင့် သင့်စိတ်ရင်းကို သူတို့ တစ်နည်းနည်းနဲ့တော့ သိမှာပဲ။ သင့်ဘက်က ပွင့်ပွင့်လင်းလင်း ရှိတာကို သူတို့ တွေ့မြင်ပြီး နှစ်သက်ပါလိမ့်မယ်။ သင်လည်း သူတို့ရဲ့ ဉာဏ်ပညာကနေ အကျိုးရရှိပါလိမ့်မယ်။ (သုတ္တံ ၇:၁၊ ၂) အဲဒီလိုမှ မဟုတ်ဘဲ သင်က မရိုးမသား လုပ်မယ်ဆိုရင် သင့်အပေါ် သူတို့ရဲ့ ယုံကြည်စိတ်ချမှု လျော့နည်းသွားမယ်၊ သူတို့ရဲ့ ခွင့်ပြုချက်ရဖို့ အခွင့်အလမ်းလည်း နည်းသွားလိမ့်မယ်။

 ပြောသင့်တဲ့အချိန်– မိဘတွေ အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ခြင်း ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုကို အာရုံစိုက်နေချိန်မှာ ခွင့်ပြုချက်ရဖို့အရေးဆိုတာမျိုး မလုပ်ပါနဲ့။ သူတို့ ပိုသက်သောင့်သက်သာရှိမယ့် အချိန်မှာ ချဉ်းကပ်ပါ။ ဒါပေမဲ့ ကပ်ခါနီးမှ အပူတပြင်း တောင်းဆိုတာမျိုးလည်း မလုပ်ပါနဲ့။ ဆုံးဖြတ်ချက်ကို လောလောနဲ့ချရတာ သင့်မိဘတွေ ကြိုက်မှာ မဟုတ်ဘူး။ စောစောမေးထားပါ၊ သူတို့ကို စဉ်းစားဖို့ အချိန်ပေးပါ။

 ပြောဆိုသင့်ပုံ– ဝါးတားတားမပြောပါနဲ့။ သင်လုပ်ချင်တာကို တိတိကျကျ ရှင်းပြပါ။ “မသိဘူး” ဆိုတဲ့ အဖြေမျိုးက မိဘတွေကို စိတ်လေးစေတယ်၊ အထူးသဖြင့် “ဘယ်သူတွေ ပါမှာလဲ၊” “တာဝန်ယူမယ့်လူကြီး ရှိမလား၊” “ဘယ်အချိန် အိမ်ပြန်ရောက်မှာလဲ” စတဲ့ မေးခွန်းတွေမှာ ဖြစ်တယ်။

 သဘောထား– မိဘတွေကို ရန်သူအဖြစ် မရှုမြင်ပါနဲ့။ သင်နဲ့ တစ်ဖွဲ့တည်းလို့ သဘောထားပါ။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း သူတို့က သင်ဘက်မှာပဲ ပါနေလို့ပါ။ မိဘတွေကို သင့်ဘက် ရပ်တည်တဲ့လူအဖြစ် ရှုမြင်ထားမယ်ဆိုရင် သင့်လေသံက ရန်လိုတဲ့လေသံဖြစ်ဖို့ အကြောင်းနည်းမယ်။ သူတို့လည်း သင်နဲ့ ပိုပူးပေါင်းချင်စိတ် ရှိပါလိမ့်မယ်။

 မိဘတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခြင်းအားဖြင့် သင်ဟာ လူကြီးဆန်ကြောင်း၊ သူတို့ကို လေးစားကြောင်း ပြပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သူတို့လည်း သင့်ကို လေးစားလာမယ်။ နောက်တစ်ခါဆိုရင် သင်လုပ်ချင်တာကို ခွင့်ပြုဖို့ အခွင့်အလမ်း ပိုများလာပါလိမ့်မယ်။