မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါတို့ လမ်းခွဲသင့်သလား (အပိုင်း ၁)

ငါတို့ လမ်းခွဲသင့်သလား (အပိုင်း ၁)

 လမ်းခွဲလိုက်တာက တစ်ခါတလေ အကျိုးရှိနိုင်ပါတယ်။ ဂျေရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ကျွန်မ ဘယ်မှာလဲ၊ ကျွန်မ ဘာလုပ်နေသလဲ၊ ကျွန်မ ဘယ်သူနဲ့ ရှိနေသလဲ ဆိုတာတွေကို ကျွန်မရဲ့ ကောင်လေးက အမြဲတမ်းပဲ စိတ်ပူနေတယ်။ အစပိုင်းမှာတော့ အဲဒါကို ကျွန်မ ကျေနပ်နေမိတယ်။ ဒါပေမဲ့ သူကလွဲလို့ ဘယ်သူ့ကိုမှ အချိန်မပေးရဘူးဆိုတဲ့ ပုံစံဖြစ်လာတယ်။ ကျွန်မရဲ့ မိသားစုနဲ့၊ အထူးသဖြင့် အဖေနဲ့ အတူရှိနေတာကိုတောင် မနာလိုဖြစ်လာတယ်။ သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ ပခုံးမှာ တင်ထားတဲ့ ဝန်ထုပ်ကြီးကို အောက်ချလိုက်သလို ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။”

 စယ်ရာလည်း ထပ်တူအဖြစ်မျိုး ကြုံတွေ့ခဲ့ရတယ်။ သူနဲ့တွဲနေတဲ့ ဂျွန်က ခနဲ့တတ်တယ်၊ ဇွတ်တရွတ်နိုင်ပြီး ရိုင်းလည်းရိုင်းတယ်ဆိုတာ စသတိထားမိလာတယ်။ “တစ်နေ့မှာတော့ ချိန်းထားတဲ့အချိန်ထက် သုံးနာရီ နောက်ကျပြီးမှ သူ ရောက်လာတယ်။ ကျွန်မအမေ တံခါးသွားဖွင့်ပေးတဲ့အခါ အမေ့ကို ဂရုတောင်မစိုက်ဘူး။ ပြီးတော့သူက ‘သွားကြစို့ ငါတို့နောက်ကျနေပြီ’ လို့ ပြောတယ်။ တကယ်တော့ သူနောက်ကျနေတာလို့ ပြောရမှာ။ သူဘာလို့ နောက်ကျနေတာလဲဆိုတာကို ရှင်းပြပြီး တောင်းပန်သင့်တယ်။ အနည်းဆုံးတော့ အမေ့ကို လေးစားသင့်တယ်။”

 စိတ်ပျက်စရာ နည်းနည်းရှိတာနဲ့ပဲ လမ်းခွဲရမယ်လို့ မဆိုလိုပါဘူး။ (ဆာလံ ၁၃၀:၃) ဒါပေမဲ့ ဂျွန်ရဲ့ ရိုင်းပြမှုက တစ်ကြိမ်တစ်ခါ မဟုတ်ဘဲ လုပ်နေကျပုံစံ ဖြစ်နေတယ်ဆိုတာကို စယ်ရာ သဘောပေါက်သွားတဲ့အခါ လမ်းခွဲဖို့ သူဆုံးဖြတ်လိုက်တယ်။

 ဂျေနဲ့ စယ်ရာလိုပဲ သင်လည်း အခုတွဲနေတဲ့သူက သင့်အိမ်ထောင်ဖက်အဖြစ် မသင့်တော်ဘူးလို့ထင်ရင် သင်ဘာလုပ်မလဲ။ ဒီကိစ္စမှာ သင့်ခံစားချက်ကို လျစ်လျူမရှုလိုက်ပါနဲ့။ လက်ခံဖို့ခက်ခဲပေမဲ့လည်း လမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။ သုတ္တံ ၂၂:၃ မှာ “သမ္မာသတိရှိသောသူသည် အမှုကို မြော်မြင်၍ ပုန်းနေတတ်၏” လို့ဖော်ပြထားပါတယ်။

 လမ်းခွဲတာက မလွယ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုပြီဆိုရင် ထာဝရ ပေါင်းရတော့မှာ ဖြစ်တယ်။ အိမ်ထောင်ဖက်ရွေးမှားသွားလို့ တစ်သက်လုံးဒုက္ခရောက်တာထက် ခဏတာ စိတ်ဒုက္ခရောက်ရတာက ပိုကောင်းပါတယ်။