မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အွန်လိုင်းမှာ ဓာတ်ပုံဖြန့်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

အွန်လိုင်းမှာ ဓာတ်ပုံဖြန့်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 ခွင့်ယူပြီး အပျော်ခရီးထွက်နေတုန်း သူငယ်ချင်းတွေကို အဲဒီအကြောင်း ပြောပြချင်လို့ ဘယ်လိုလုပ်ရမလဲ။

  1.  (က) ယောက်တိုင်းကို ပို့စကဒ် ပို့မလား

  2.  (ခ) ယောက်တိုင်းကို အီးမေးလ် ပို့မလား

  3.  (ဂ) အွန်လိုင်းမှာ ဓာတ်ပုံ တင်မလား

 အဘိုးအဘွားခေတ်တုန်းက ရွေးချယ်စရာ “က” ပဲ ရှိပါလိမ့်မယ်။

 မိဘတွေ အချိန်မှာတော့ ရွေးစရာ “ခ” ရှိလာပါပြီ။

 အခုအချိန်မှာတော့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ တင်နိုင်တဲ့ လူငယ်အများစုက “ဂ” ကို ပိုပြီး ရွေးချင်ပါလိမ့်မယ်။ သင်ကော အဲဒီလိုလုပ်နေသလား။ ဒါဆို အန္တရာယ်တချို့ကို ရှောင်နိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

 အကျိုးကျေးဇူးတွေ

 အရမ်းမြန်တယ်။ “သူငယ်ချင်းတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးထွက်နေတုန်း အရမ်းပျော်နေတဲ့အချိန်မှာပဲ ဓာတ်ပုံတွေ တင်လိုက်လို့ရတယ်။”​—မီလာနီ။

 သိပ်အဆင်ပြေတယ်။ “သူငယ်ချင်းတွေ ဘာလုပ်နေကြသလဲဆိုတာ အီးမေးလ်ပို့ပြီး မေးနေတာထက် သူတို့တင်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တာက ပိုလွယ်တယ်။”​—ဂျော်ဒန်။

 အဆက်အသွယ် မပြတ်တော့ဘူး။ “ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တချို့က အဝေးမှာနေကြတာ။ သူတို့က ပုံတွေကို မကြာခဏတင်တယ်၊ ကျွန်မကလည်း မကြာမကြာ စစ်ကြည့်တော့ သူတို့နဲ့ နေ့တိုင်း တွေ့နေရသလိုပဲ။”​​—ကာရင်။

 အန္တရာယ်တွေ

 အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နိုင်တယ်။ သင့်ရဲ့ ကင်မရာမှာ တည်နေရာပြဖို့ လုပ်ထားရင် သင့်ရဲ့ဓာတ်ပုံတွေက ကိုယ်ပြောချင်တာထက်ပိုပြီး ဖော်ပြသွားနိုင်တယ်။ “တည်နေရာအတိအကျပြတဲ့ ဓာတ်ပုံတွေ၊ မီဒီယာတွေကို အင်တာနက်ပေါ် တင်လိုက်ရင် အခွင့်အရေးသမားတွေက ခြေရာခံဆော့်ဝဲလ်ကို သုံးပြီး လူတစ်ဦးရှိတဲ့နေရာကို နောက်ယောင်ခံနိုင်တယ်” ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။

 ရာဇဝတ်ကျူးလွန်သူ တချို့ကျတော့ အိမ်မှာ လူမရှိတဲ့အချိန်ကို စောင့်ကြည့်နေတတ်တယ်။ ဖောက်ထွင်းသူသုံးဦးဟာ အိမ်ရှင်တွေ မရှိချိန်မှာ အိမ် ၁၈ လုံးကို ဖောက်ထွင်းခဲ့ကြတယ်လို့ ဒစ်ဂျစ်တယ်ခေတ် ဝက်ဘ်ဆိုက်က ဖော်ပြတယ်။ အိမ်မှာ လူတွေ မရှိဘူးဆိုတာ သူတို့ ဘယ်လို သိတာလဲ။ အွန်လိုင်းပေါ်ကနေ အိမ်ရှင်တွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ပြီး ဒေါ်လာ ၁ သိန်းကျော်ဖိုး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ခိုးယူသွားကြတယ်။

 မဖွယ်မရာတွေ တွေ့မြင်နိုင်တယ်။ တချို့လူတွေဟာ ဘာကိုမှဂရုမစိုက်၊ အရှက်အကြောက်မရှိဘဲ ဓာတ်ပုံတွေ တင်တတ်ကြတယ်။ “အွန်လိုင်းမှာ ကိုယ်မသိတဲ့သူတွေရဲ့အကြောင်းကို လိုက်ကြည့်နေရင်း ပြဿနာကြုံရနိုင်တယ်။ ဘာနဲ့တူသလဲဆိုတော့ ကိုယ်မရောက်ဖူးတဲ့မြို့မှာ မြေပုံမပါပဲ လျှောက်သွားနေတာနဲ့ တူတယ်။ ဒါနဲ့ပဲ ကိုယ်မသွားချင်တဲ့နေရာကို ရောက်သွားတတ်တယ်” လို့ ဆယ်ကျော်သက် မိန်းကလေး စဲရာက ပြောပြတယ်။

 အချိန်တွေ ဖြုန်းမိနိုင်တယ်။ ယိုလန်းဒါ ဆိုတဲ့ မိန်းကလေးပြောတာက “အွန်လိုင်းမှာ နောက်ဆုံးတင်ထားတာတွေ၊ သူတို့ရဲ့မှတ်ချက်တွေကို လိုက်ပြီး ဖတ်ကြည့်ချင်နေတယ်။ အချိန်နည်းနည်းလေးရတာနဲ့ ဖုန်းကို ကောက်ကိုင်ပြီး ဘာတွေ အသစ်တင်ထားသလဲဆိုတာ ကြည့်မိတော့တာပဲ။”

ကိုယ့်မှာ ဓာတ်ပုံတွေတင်နိုင်တဲ့ အွန်လိုင်းအကောင့်ရှိရင် ကိုယ့်ကိုယ်ကို ချုပ်တည်းဖို့ လိုတယ်

 စမဲန်သာဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးကလည်း အဲဒီအချက်ကို သဘောတူတယ်။ သူ ဒီလိုပြောတယ်– “အွန်လိုင်းသုံးတဲ့ အချိန်နဲ့ပတ်သက်ပြီး ချင့်ချိန်ဖို့လိုတယ်။ ကိုယ့်မှာ ဓာတ်ပုံတွေတင်နိုင်တဲ့ အွန်လိုင်းအကောင့်ရှိရင် ကိုယ့်ကိုယ်ကို ချုပ်တည်းဖို့ လိုတယ်။”

 သင်ဘာလုပ်နိုင်သလဲ

  •   မသင့်လျော်တဲ့ အကြောင်းအရာတွေကို ရှောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ ကျမ်းစာက “အချည်းနှီးဖြစ်တဲ့အရာ တစ်ခုကိုမှ ကျွန်တော် မကြည့်ပါဘူး” လို့ဆိုတယ်။​​—ဆာလံ ၁၀၁:၃

     “ကျွန်တော် follow လုပ်ထားတဲ့ အကောင့်မှာ မသင့်တော်တဲ့ အကြောင်းအရာတွေကို တင်လာရင် အဲဒီအကောင့်ကို ဖြုတ်ပစ်လိုက်တယ်။”​—စတီဗင်။

  •   သင်နဲ့ စာရိတ္တစံနှုန်းချင်းမတူတဲ့သူတွေက သင့်အကျင့်စရိုက်ကို လွှမ်မိုးသွားနိုင်တယ်။ ကျမ်းစာက “လှည့်စားမခံကြပါနဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်” လို့ဆိုတယ်။​​—၁ ကောရိန္သု ၁၅:၃၃

     “ဓာတ်ပုံတွေက စိတ်ဝင်စားစရာကောင်းပြီး လူကြိုက်များတိုင်း follow မလုပ်ပါနဲ့။ အဲဒါတွေထဲမှာ လေးစားမှုမရှိတဲ့ ရိုင်းစိုင်းတဲ့စကားတွေ၊ အဖော်အချွတ်တွေနဲ့ တခြားမဖွယ်မရာတွေ ပါလာနိုင်တယ်။”​—ဂျက်စီကာ။

  •   အွန်လိုင်းကြည့်တာကို အချိန်ကန့်သတ်ပါ။ ဓာတ်ပုံတင်တာကိုလည်း ကန့်သတ်ထားပါ။ ကျမ်းစာက “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ဆိုတယ်။​​—ဧဖက် ၅:​၁၅၊ ၁၆

     “ပုံအရမ်းတင်လွန်းတဲ့သူဆိုရင် ကျွန်မ ဖြုတ်လိုက်တယ်။ ဥပမာ၊ သူက ကမ်းခြေကို သွားတယ်၊ ပြီးတော့ ခရုခွံလေးတစ်ခုကို ပုံ ၂၀ လောက် တင်တယ်။ လွန်လွန်းပါတယ်။ အဲဒါတွေအားလုံးကို ကြည့်ဖို့ အချိန်အများကြီးကုန်တယ်။”​—ရေဗက္ကာ။

  •   ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်စေချင်တဲ့ သဘောမျိုးနဲ့ ဓာတ်ပုံတွေကို မတင်ပါနဲ့။ ကျမ်းစာက “ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီးမထင်ကြပါနဲ့” လို့ဆိုတယ်။ (ရောမ ၁၂:၃) သူငယ်ချင်းတွေက ဓာတ်ပုံတွေ ကြည့်ပြီး သင်နဲ့ သင့်လုပ်ဆောင်မှုတွေကို စိတ်ဝင်စားလာလိမ့်မယ်လို့ မထင်ပါနဲ့။

     “တချို့လူတွေက တစ်ချိန်လုံး ကိုယ့်ပုံကိုယ် တင်နေတော့တာပဲ။ သူငယ်ချင်း အချင်းချင်းတွေပဲ၊ သူ ဘယ်လိုပုံရှိတယ်ဆိုတာ ကောင်းကောင်း သိတယ်။ တစ်ချိန်လုံး ဓာတ်ပုံတင်နေစရာ မလိုပါဘူး။”​—အလီဆဲင်။