မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ရည်းစားထားခြင်း—အပိုင်း ၂– ရည်းစားဘဝမှာ ဘာတွေကို မျှော်လင့်ထားသင့်သလဲ

ရည်းစားထားခြင်း—အပိုင်း ၂– ရည်းစားဘဝမှာ ဘာတွေကို မျှော်လင့်ထားသင့်သလဲ

 ကိုယ် စိတ်ဝင်စားတဲ့သူတစ်ယောက်နဲ့ ဆုံတွေ့တယ်။ အိမ်ထောင်ဖက်အဖြစ် လိုက်ဖက်မှု ရှိမရှိ သိအောင် တွဲကြည့်မယ်ဆိုပြီး နှစ်ယောက်သား ဆုံးဖြတ်ခဲ့ကြတယ်။ တစ်ယောက်ကို တစ်ယောက် လေ့လာတဲ့ ဒီအချိန်အတောအတွင်း ဘာတွေ မျှော်လင့်ထားသင့်သလဲ။

ဒီဆောင်းပါးမှာ

 ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာတွေ ရှိမယ်

 အတူ အချိန်ပေးရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပို သိလာလိမ့်မယ်။ သူ့လုပ်ရပ်တွေကနေလည်း အကြောင်း ပိုသိလာတာတွေ ရှိမယ်။

 ဒါပေမဲ့ တချို့ကိစ္စတွေကိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုမယ်။ ဒီအခါ အတတ်နိုင်ဆုံး အရှိကိုအရှိအတိုင်း လက်ခံပါ။ အမှားအမှန် ဝေခွဲလို့မရလောက်အောင် ခံစားချက်ကို ဦးစားမထားမိပါစေနဲ့။

 ဆွေးနွေးဖို့ လိုတဲ့အရာတွေထဲမှာ–

  •   ငွေရေးကြေးရေး။ သင် အကြွေး ရှိသလား။ လက်ဖွာသလား။ အိမ်ထောင်ပြုပြီးတဲ့နောက် ဝင်ငွေ၊ အသုံးစရိတ်နဲ့ပတ်သက်ပြီး ဘယ်လို စဉ်းစားထားကြသလဲ။

  •   ကျန်းမာရေး။ သင် ကျန်းမာရေး ကောင်းသလား။ အရင်က ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိဖူးသလား။

  •   ပန်းတိုင်တွေ။ ဘဝမှာ သင် ဘာတွေ လုပ်ဆောင်ပြီးမြောက်ချင်သလဲ။ သင့်ရည်းစားရဲ့ပန်းတိုင်တွေက သင့်ပန်းတိုင်နဲ့ တူသလား။ အိမ်ထောင်ပြုပြီးတဲ့နောက် အခြေအနေအမျိုးမျိုးကြောင့် အဲဒီပန်းတိုင်တွေ မရောက်နိုင်ခဲ့ရင်လည်း သင် ပျော်မှာလား။

  •   မိသားစု။ မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့ တာဝန် ရှိနေသလား။ အနာဂတ်မှာ ဘယ်လို မိသားစုတာဝန်တွေ ယူရနိုင်သလဲ။ သားသမီး ယူချင်သလား။ ယူမယ်ဆိုရင် ဘယ်နှယောက်လဲ။

 အဲဒီကိစ္စတွေကို ဆွေးနွေးတဲ့အခါ ရိုးရိုးသားသား၊ ဘွင်းဘွင်းရှင်းရှင်း ရှိပါ။ ဘာကိုမှ ချန်မပြောပါနဲ့။ နားထောင်ကောင်းအောင် ပြောတာမျိုး မလုပ်ပါနဲ့။—ဟီဘရူး ၁၃:၁၈

 စဉ်းစားစရာအချက်က သင့်ရည်းစားနဲ့ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုသလဲ။ သင်နဲ့ပတ်သက်ပြီး သူဘာတွေ သိထားသင့်သလဲ။ အခုကတည်းက ပွင့်လင်းရိုးသားတာက အိမ်ထောင်သည်ဘဝမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ဘယ်လို ပြင်ဆင်ပေးမလဲ။

 ကျမ်းစာအခြေခံမူ။ “အချင်းချင်း မှန်တဲ့စကားကိုပဲ ပြောကြပါ။”—ဧဖက် ၄:၂၅

 “ဆိုပါတော့၊ မိန်းကလေးဘက်က ‘ခြောက်လလောက်ဆိုရင် စေ့စပ်စကား ပြောလာလိမ့်မယ်’ လို့ တွက်ထားမယ်။ ယောက်ျားလေးဘက်ကတော့ တစ်နှစ်လောက် တွဲကြည့်မှ သိမယ်ဆိုပြီး တွေးမယ်။ မှန်းထားတာထက် ကြာသွားလို့ မိန်းကလေးဘက်က ခံစားသွားမှာ။ ဒီလိုကိစ္စမျိုးမှာ နှစ်ဘက်စလုံး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးဖို့ အရေးကြီးတယ်။”—အာရီယာနာ၊ အိမ်ထောင်သက် တစ်နှစ်။

 အမြင်ချင်း အမြဲ တူချင်မှ တူမယ်

 လူနှစ်ယောက် ဘယ်တော့မှ တစ်ထပ်တည်း မတူနိုင်ဘူး။ ဒီတော့ ကိုယ်တွဲနေတဲ့သူက ကိုယ်နဲ့ အမြဲ အမြင်ချင်းတူမယ်၊ အကြိုက်ချင်း တူမယ်လို့ မယူဆသင့်ဘူး။ ယဉ်ကျေးမှု၊ နောက်ခံတွေက လူတစ်ယောက်ရဲ့ ရှုမြင်ပုံကို ပုံသွင်းတတ်လို့ပါ။

 စဉ်းစားစရာအချက်က ကျမ်းစာမူ ချိုးဖောက်ရာ မရောက်တဲ့ သေးသေးမွှားမွှား ကိစ္စတွေမှာ အမြင်ချင်းမတူတဲ့အခါ ငြိမ်သက်မှု ထိန်းချင်တဲ့စိတ်နဲ့ နှစ်ဖက်စလုံး အလျှော့ပေးတတ်သလား။

 ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။”—ဖိလိပ္ပိ ၄:၅

 “ကိုယ့်လောက် လိုက်ဖက်တဲ့ စုံတွဲ မရှိနိုင်ဘူးလို့ ထင်ရရင်တောင် အမြင်မတူတဲ့ အပိုင်းတွေ ရှိကို ရှိမှာပဲ။ မှန်တယ်၊ လိုက်ဖက်မှု ရှိတာ အရေးကြီးတယ်။ ဒါပေမဲ့ သဘောထား မတိုက်ဆိုင်တဲ့အခါမျိုးမှာ ဘယ်လို အရည်အသွေးတွေ တင်ပြနေသလဲဆိုတာ ပိုလို့တောင် အရေးကြီးပါတယ်။”—မက်သရူး၊ အိမ်ထောင်သက် ငါးနှစ်။

 ရည်းစားဘဝမှာ စိတ်ဖိစီးမှု များနိုင်တယ်

 ရည်းစားထားရင် အချိန်အများကြီး ကုန်တယ်။ စိတ်ဖိစီးမှုတွေလည်း ရှိလာနိုင်တယ်။ ဒါဆို ဘာလုပ်နိုင်သလဲ။

 လိုအပ်သလို ကန့်သတ်ထားပါ။ ရည်းစားအတွက် ဗျာများလွန်းလို့ ကိုယ့်တာဝန်တွေ၊ သူငယ်ချင်းတွေကို လျစ်လျူရှုမိတာမျိုး မဖြစ်စေပါနဲ့။ အိမ်ထောင်သက် ငါးနှစ်ရှိပြီဖြစ်တဲ့ အလာနာ အခုလို ပြောတယ်– “အိမ်ထောင်ကျသွားရင်လည်း ကိုယ့်သူငယ်ချင်းတွေကို လိုအပ်နေဦးမှာပဲ။ သူတို့လည်း ကိုယ့်ကို လိုအပ်မှာ။ ဒါကြောင့် ရည်းစားရတာနဲ့ပဲ သူတို့ကို ဘေးချိတ်မိတာမျိုး မဖြစ်စေနဲ့။”

 မှတ်ထားပါ၊ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ဘဝကဏ္ဍအားလုံး ဟန်ချက်ညီအောင် ထိန်းရမှာ။ ဒီတော့ အခု ရည်းစားဘဝမှာကတည်းက ကြိုးစားလေ့ကျင့်ရင် မကောင်းဘူးလား။

 စဉ်းစားစရာအချက်က ကိုယ့်ရည်းစားဆီကနေ အချိန်နဲ့ အာရုံစိုက်မှု လွန်လွန်ကဲကဲ တောင်းဆိုသလား။ သင့်ဆီကနေ တောင်းဆိုတာတွေ များလွန်းတယ်လို့ ခံစားရသလား။ တွယ်ကပ်လွန်းလို့ စိတ်ပင်ပန်းတာမျိုး မဖြစ်ရအောင် နှစ်ယောက်စလုံး အကျိုးသင့်အကြောင်းသင့်သဘော ဘယ်လို တင်ပြနိုင်သလဲ။

 ကျမ်းစာအခြေခံမူ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ . . . လုပ်ဆောင်မှုတိုင်းအတွက် အချိန်အခါရှိတယ်။”—ဒေသနာ ၃:၁

 “ရည်းစားဘဝမှာ ချစ်သူနဲ့ အတူသွားလည် အပန်းဖြေတာလောက်ပဲလုပ်မယ်ဆိုရင် အိမ်ထောင်လည်း ပြုလိုက်ကော အိပ်မက်က လန့်နိုးသလို ဖြစ်သွားမှာ။ ဒါကြောင့် စျေးဝယ်တာ၊ အိမ်မှုကိစ္စလုပ်တာ၊ ဝတ်ပြုရေးမှာပါဝင်တာ စတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အတူတွဲလုပ်တာက ခိုင်မြဲတဲ့အိမ်ထောင်တည်ဆောက်ဖို့ အုတ်မြစ်ကောင်းချနေတာပဲ။”—ဒန်နီယယ်၊ အိမ်ထောင်သက် နှစ်နှစ်။

 မှတ်ထားပါ၊ ရည်းစားဘဝဟာ လက်ထပ်မလား၊ လမ်းခွဲမလား ဆုံးဖြတ်နိုင်ဖို့ ကူညီပေးတဲ့ အခိုက်အတန့်ပဲ။ ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ။ ဒီအကြောင်း အပိုင်း ၃ မှာ ဆွေးနွေးသွားပါမယ်။