မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၃။ ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုးများများ ရအောင် လုပ်ပါ

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—အပိုင်း ၃။ ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုးများများ ရအောင် လုပ်ပါ

 ကျမ်းစာ ဖွင့်ကြည့်လိုက်လို့ စာတွေ အများကြီး တွေ့ပြီး လန့်မသွားပါနဲ့။ ကျမ်းစာကို အစားအသောက် မျိုးစုံ တည်ခင်းထားတဲ့ စားပွဲလို့ မြင်ယောင်ကြည့်လိုက်ပါ။ မြင်သမျှ သင် စားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်နပ်စာ စိတ်ကျေနပ်သွားတဲ့အထိ ရွေးစားနိုင်တယ်။

 ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝ ရဖို့ ဖတ်နေတာကို အာရုံစိုက်ရမယ်။ အာရုံစိုက် ဖတ်နိုင်ပုံကို ဒီဆောင်းပါးမှာ ရှင်းပြသွားပါမယ်။

ဒီဆောင်းပါးမှာ

 ဖတ်နေတာကို ဘာကြောင့် အာရုံစိုက်ရမလဲ

 ကျမ်းစာကို စိတ်နှစ်ပြီး ဖတ်လေ အကျိုးရလေပဲ။ စဉ်းစားကြည့်ပါ– ရေနွေးထဲ လက်ဖက်ခြောက်ထုပ် ခဏ စိမ်လိုက်ရုံနဲ့လည်း လက်ဖက်ရည် အရသာ နည်းနည်းတော့ ရမှာပဲ။ ဒါပေမဲ့ ကြာကြာ စိမ်ရင်တော့ လက်ဖက်ရည် ကျကျလေး ရမှာ။

 ကျမ်းစာ ဖတ်တဲ့အခါလည်း ကသုတ်ကရက် ဖတ်သွားမယ့်အစား ဖတ်နေတာကို အချိန်ယူ စဉ်းစားပါ။ ဆာလံ ၁၁၉ ကို ရေးသားတဲ့ ကျမ်းရေးသူ အဲဒီလိုပဲ လုပ်တယ်။ ဘုရားရဲ့ ပညတ်တော်ကို “တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်” လို့ ပြောတယ်။—ဆာလံ ၁၁၉:၉၇

 တကယ်ကြီး တစ်နေကုန် ကျမ်းစာ ဖတ်လိုက်၊ စဉ်းစားလိုက် လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားရဲ့ တရားစကားတော်ကို ဆာလံ ကျမ်းရေးသူ အချိန်ယူ စဉ်းစားဆင်ခြင်လို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ခဲ့တယ်။—ဆာလံ ၁၁၉:၉၈-၁၀၀

 “‘တစ်ပတ်မှာ ခုနစ်ရက် ရှိတယ်။ တစ်ပတ်လုံး ကိုယ် လုပ်ချင်တာတွေ လုပ်ဖို့ အချိန် အများကြီး ပေးတယ်။ ယေဟောဝါဘုရားကိုလည်း အချိန် နည်းနည်းလောက် ပေးရင် မကောင်းဘူးလား။ ဒါမှ မျှတမှာပေါ့’ လို့ အမေ ပြောဖူးတယ်။”—မယ်လနီ။

 ကျမ်းစာ အခြေခံမူတွေကို စဉ်းစားဆင်ခြင်တာက ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးတယ်။ ဥပမာ၊ သူငယ်ချင်း ရွေးချယ်တဲ့အခါ ဒါမှမဟုတ် အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါမျိုးမှာပေါ့။

 ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုး အပြည့်အဝ ရဖို့ ဘာလုပ်ရမလဲ

  •   ဇယား ဆွဲပါ။ “ကျမ်းစာ ဖတ်ဖို့ ဇယား ဆွဲပါ။ ဘာဖတ်မယ်၊ ဘယ်အချိန် ဖတ်မယ်၊ ဘယ်နေရာမှာ ဖတ်မယ်ဆိုတာ ကြိုစီစဉ်ထားပါ” လို့ ဆယ်ကျော်သက်အရွယ် ဂျူလီယာ အကြံပေးတယ်။

  •   ပတ်ဝန်းကျင်ကောင်း ရွေးပါ။ “တိတ်ဆိတ်တဲ့ နေရာ ရှာပါ။ မိသားစုဝင်တွေကြောင့် အနှောင့်အယှက် မဖြစ်ရအောင် သူတို့ကို ကိုယ့်ရဲ့ ကျမ်းစာ ဖတ်ရှုခြင်း ဇယားအကြောင်း အသိပေးထားပါ” လို့ ဂျီယာနာလို့ ခေါ်တဲ့ မိန်းကလေး အကြံပေးတယ်။

     အီလက်ထရောနစ် ကိရိယာနဲ့ ဖတ်တယ်ဆိုရင် notification အားလုံး ပိတ်ထားပါ။ ဖြစ်နိုင်ရင် ပုံနှိပ်ကျမ်းစာအုပ်နဲ့ ဖတ်ပါ။ ပုံနှိပ်စာပေထဲက ဖတ်ရင် ဖတ်တာကို သဘောပေါက်ဖို့ ပိုလွယ်ကြောင်း လေ့လာမှုတွေက ဖော်ပြတယ်။ အီလက်ထရောနစ် ကိရိယာနဲ့ ဖတ်ရင်တော့ အာရုံစိုက်ဖို့ ပိုခက်နိုင်တယ်။

     “အီလက်ထရောနစ် ကိရိယာနဲ့ စာဖတ်ရင် စာဝင်တာ၊ ဘက်ထရီ ကုန်တာ၊ အင်တာနက် နှေးတာနဲ့ တော်တော် အာရုံပျံ့တယ်။ ပုံနှိပ်စာအုပ်နဲ့ ဖတ်ရင်တော့ အလင်းရောင် ကောင်းကောင်း ရတယ်ဆိုရင် ပြီးပြီ။”—အယ်လီနာ။

  •   အရင်ဆုံး ဆုတောင်းပါ။ ဖတ်မယ့် ကျမ်းစာ အပိုင်းကို သဘောပေါက်ဖို့၊ မှတ်မိဖို့၊ ဖတ်တာကနေ အကျိုးရဖို့ ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ ဆုတောင်းပါ။—ယာကုပ် ၁:၅

     ဘုရားဆီ ဆုတောင်းပြီးရင် ကိုယ့်ဘက်ကလည်း ဖတ်တဲ့ အပိုင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့ လိုတယ်။ ဘယ်လို လေ့လာရမလဲ။ JW Library app သုံးတယ် ဒါမှမဟုတ် အွန်လိုင်း ကျမ်းစာ ဖတ်တယ်ဆိုရင် ကျမ်းပိုဒ် တစ်ပိုဒ်ကို ထောက်ပြီး ထပ်ဆင့် လေ့လာမှုတွေ၊ ဆောင်းပါးတွေ ရှာနိုင်တယ်။

  •   မေးခွန်းတွေ မေးပါ။ ဥပမာ၊ ‘ဒီမှတ်တမ်းက ယေဟောဝါဘုရားအကြောင်း ဘာဖော်ပြသလဲ။ ငါ အတုယူနိုင်တဲ့ ဘုရားရဲ့ ဘယ်အရည်အသွေးကို ပေါ်လွင်စေသလဲ။’ (ဧဖက် ၅:၁) ‘ဒီမှတ်တမ်းကနေ ငါ့ဘဝမှာ လက်တွေ့ကျင့်နိုင်မယ့် ဘာသင်ခန်းစာ ရသလဲ။’ (ဆာလံ ၁၁၉:၁၀၅) ‘ငါ ဖတ်ထားတဲ့ အချက်ကို သုံးပြီး တခြားသူတွေကို တစ်နည်းနည်းနဲ့ ကူညီပေးနိုင်သလား။’—ရောမ ၁:၁၁

     ‘ဖတ်လိုက်တဲ့ အပိုင်းက ကျမ်းစာရဲ့ အဓိက အကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်သလဲ’ ဆိုတာလည်း စဉ်းစားပါ။ ဒါ သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲ။ ကောင်းကင်နိုင်ငံတော်အားဖြင့် နာမတော်ကို ယေဟောဝါဘုရား ဘယ်လို သန့်ရှင်းမြင့်မြတ်စေမယ်၊ မိမိမှာ အုပ်ချုပ်ပိုင်ခွင့် ရှိကြောင်း၊ မိမိရဲ့ အုပ်ချုပ်မှုဟာ အကောင်းဆုံး ဖြစ်ကြောင်း ဘယ်လို သက်သေထူမယ်ဆိုတာ ကျမ်းစာရဲ့ အဓိက အကြောင်းအရာပဲ။ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာမှာ ပါသမျှဟာ အဲဒါနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတယ်။