မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၁– သူ့ဘက်က ဘယ်လက္ခဏာတွေ ပြသလဲ။

သူငယ်ချင်းအဆင့်လား၊ ရည်းစားအဆင့်လား​—အပိုင်း ၁– သူ့ဘက်က ဘယ်လက္ခဏာတွေ ပြသလဲ။

 လိင်ခြားသူတစ်ယောက်ကို သင် စွဲလမ်းနေတယ်။ နှစ်ဦးသားရဲ့ ခံစားချက်တွေကလည်း အတူတူပဲလို့ တထစ်ချ ယုံကြည်ထားတယ်။ ပြီးတော့ အချိန်တိုင်းလိုလို မက်ဆေ့ချ်တွေ အပြန်အလှန်ပို့၊ မကြာခဏဆိုသလို တပူးတွဲတွဲ သွားနေကြတာဆိုတော့ သူ့ဘက်က အီစီကလီ အမူအရာလေးတွေလည်း ပြလာတယ်။

 ဒါနဲ့ နှစ်ဦးသားရဲ့ ခံစားချက်တွေက အတူတူ ဖြစ်ရဲ့လားဆိုတာ သိချင်လို့ မေးလိုက်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ပြန်ရလိုက်တဲ့ အဖြေက “ငါ နင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ခင်တာပါ။ အဲဒီထက် မပိုဘူး။”

 ဘယ်လိုခံစားရသလဲ

 “ကျွန်မ အရမ်းဒေါသထွက်တယ်။ သူ့ကိုရော ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ဆိုးမိတယ်။ နေ့တိုင်းလိုလို ကျွန်မတို့နှစ်ယောက် မက်ဆေ့ချ်တွေ ပို့ဖြစ်တယ်၊ သူ့ဘက်က ကျွန်မကို စိတ်ဝင်စားကြောင်း ပြတယ်။ ဒီတော့ ကျွန်မလည်း ပြန်စိတ်ဝင်စားမိတာပေါ့။”​—ဂျက်စမင်

 “တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က တခြားစုံတွဲအတွက် အဖော်လိုက်ပေးတာပါ။ ဒါပေမဲ့ မသိရင်တော့ စုံတွဲနှစ်တွဲပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက် စကားတွေအများကြီး ပြောဖြစ်တယ်၊ မက်ဆေ့ချ်တွေလည်း ပို့ဖြစ်တယ်။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်ထက် မပိုဘူးလို့ သူပြောတုန်းကဆို တော်တော်ခံရခက်တာ။ ပြီးတော့ တခြားတစ်ယောက်နဲ့ သူတွဲသွားတာကို မြင်တဲ့အခါရောပေါ့။”​—ရစ်ချက်

 “ကောင်လေးတစ်ယောက်က ကျွန်မကို နေ့တိုင်း မက်ဆေ့ချ်တွေ ပို့တယ်။ ကြာလာတော့ ကျွန်မတို့နှစ်ယောက်စလုံး ‘အီစီကလီတွေ’ လုပ်မိကုန်ရော။ ဒါပေမဲ့ ကျွန်မရဲ့ ခံစားချက်ကို ဖွင့်ပြောလိုက်တော့ ‘အခုအချိန်မှာ ဘယ်သူနဲ့မှ မတွဲချင်သေးဘူး’ လို့ ရယ်ပြီး ပြန်ပြောတယ်။ ကျွန်မဖြင့် ငိုလိုက်ရတာ ပြောမနေပါနဲ့တော့။”​—တာမာရာ

 အဓိကအချက်– တစ်ယောက်ယောက်နဲ့ ထူးခြားတဲ့ဆက်ဆံရေး ရှိနေပြီလို့ သင်ထင်ပေမဲ့ အဲဒီခံစားချက်က တစ်ဖက်သတ်ပဲဆိုတာ သိလိုက်ရတဲ့အခါ စိတ်ဆိုးပြီး ရှက်စိတ်ဝင်နိုင်တယ်၊ နောက်ဆုံး သစ္စာဖောက်တယ်လို့တောင် ခံစားရနိုင်တယ်။ ဒါပေမဲ့ အဲဒါက သဘာဝပါပဲ။ စတီဗင် အခုလိုပြောတယ်– “အဲဒီလို ကြုံလိုက်ရတော့ ကျွန်တော် သိပ်ဝမ်းနည်းတာပဲ။ အရမ်းလည်း ခံစားရတယ်။ နောက်ပိုင်းဆို ဘယ်သူ့ကိုမှ ကျွန်တော် မယုံရဲတော့ဘူး။”

 ဘာကြောင့် ဒီလိုဖြစ်ရတာလဲ

 စာပို့တာ၊ လူမှုဆက်သွယ်ရေးကွန်ရက် သုံးတာက သင့်အပေါ် တကယ်စိတ်ဝင်စားမှု မရှိတဲ့ လူတစ်ယောက်ကို အလွယ်တကူ သံယောဇဉ် တွယ်မိနိုင်တယ်။ လူငယ်တချို့ ပြောဆိုရာကို သုံးသပ်ကြည့်ပါ–

 “တစ်ယောက်ယောက်က ပျင်းနေလို့ မက်ဆေ့ချ်တွေ ပို့တာကို ‘သူတော့ ငါ့ကို စိတ်ဝင်စားနေတဲ့ လက္ခဏာရှိတယ်’ လို့ သင်ထင်မိနိုင်တယ်။ သူ့ဘက်က မက်ဆေ့ချ်တွေ နေ့တိုင်းပို့လာတော့ ‘ငါ့ကို စိတ်ဝင်စားနေတာ ဖြစ်မယ်’ လို့ သင် မှားယွင်းစွာ ကောက်ချက်ချမိနိုင်တယ်။”​—ဂျနီဖာ

 “တစ်ဖက်က အချစ်ရေးကို သိပ်စိတ်ဝင်စားနေချိန်မှာ တခြားတစ်ဖက်ကတော့ တစ်ယောက်ယောက်နဲ့ စကားပြောချင်ရုံ၊ တစ်ဖက်သားရဲ့ စိတ်ဝင်စားမှုရပြီး ကျေနပ်နေရုံလောက်ပဲ ဖြစ်နိုင်တယ်။”​—ဂျိမ်းစ်

 “‘ဂွတ်ဒ်နိုက်’ ဆိုတဲ့ စကားရိုးရိုးလေးကတောင် စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေ ဝင်စေတယ်။ ဒါပေမဲ့ တကယ်တမ်း တစ်ဖက်က အဲဒီလိုစိတ်နဲ့ ပို့တာ မဟုတ်ဘူး။”​—ဟယ်လီ

 “ပြုံးနေတဲ့ စတစ်ကာပုံလေးကတောင် ‘ငါက သဘောကောင်းပါတယ်’ ဒါမှမဟုတ် ‘နင့်ကို အီစီကလီလုပ်နေတာ’ လို့ အဓိပ္ပာယ်သက်ရောက်နိုင်တယ်။ တစ်ခါတလေ အဲဒီပုံကို လက်ခံရတဲ့သူက ‘ဒါ အီစီကလီလုပ်နေတာပဲ’ လို့ ထင်သွားနိုင်တယ်။”​—အယ်လီ

 အဓိကအချက်– အချစ်ဆိုတဲ့ ခံစားချက်အပေါ် အလွန်အမင်း အာရုံမစိုက်ပါနဲ့။

 အပြောလွယ်သလောက် လုပ်ရခက်သလား။ ခက်ပါတယ်။ ကျမ်းစာမှာ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” လို့ ပြောထားတယ်။ (ယေရမိ ၁၇:၉) စိတ်ကူးထဲမှာပဲ ရှိတဲ့အရာမှန်း သိလိုက်တာနဲ့ ခံစားချက်တွေဟာ တစ်ခဏအတွင်း ရေထဲမျောပါသွားမယ့် ‘သဲအိမ်’ လို ဖြစ်သွားနိုင်တယ်။

 လုပ်ဆောင်နိုင်ရာ

  •   မျှတတဲ့အမြင်ရှိပါ။ ခဏလောက် အချိန်ယူပြီး နှစ်ဦးကြား ဆက်ဆံရေးကို သေချာဆန်းစစ်ပါ။ ‘တခြားသူတွေကို ဆက်ဆံပုံနဲ့ ငါ့ကို ဆက်ဆံပုံက ကွာခြားနေတယ်လို့ ကောက်ချက်ချဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ တကယ်ရှိရဲ့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။ ခံစားချက်က “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို လွှမ်းမိုးတာမျိုး မဖြစ်ပါစေနဲ့။​—ရောမ ၁၂:၁

  •   အမြင်မှန်ရှိပါ။ သူငယ်ချင်းအဆင့်ထက် ပိုနေတယ်လို့ သင့်ကို ခံစားရစေတဲ့ လက္ခဏာတွေထဲမှာ ဘယ်လက္ခဏာတွေကို ပြန်ဆန်းစစ်ကြည့်ရမလဲဆိုတာ သေချာစဉ်းစားပါ။ တစ်ယောက်ယောက်အပေါ် ထူးခြားတဲ့ ခံစားချက် ရှိလာတာနဲ့ ‘သူလည်း ငါလိုဖြစ်မှာပဲ’ လို့ မယူဆပါနဲ့။

  •   စိတ်ရှည်ပါ။ သင့်ကို ချစ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း သူမပြောမချင်း မသေချာသေးတဲ့ ဆက်ဆံရေးတစ်ခုအတွက် ခံစားချက်တွေကို မပုံအောလိုက်ပါနဲ့။

  •   ရိုသားပွင့်လင်းပါ။ ကျမ်းစာမှာ “စကားပြောရသော အချိန်” ရှိတယ်လို့ ပြောထားတယ်။ (ဒေသနာ ၃:၇) တကယ်လို့ သူငယ်ချင်းအဆင့်ထက်ပို၊ မပို သင် သိချင်တယ်ဆိုရင် သူနဲ့ စကားပြောကြည့်ပါ။ “ခံစားချက်တွေ တစ်ဖက်သတ် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ နာကျင်ရတာ မှန်ပေမဲ့ နည်းနည်းကြာသွားရင် သူဟာ သင့်အတွက် အဲဒီလောက်အရေးကြီးတဲ့ ပုဂ္ဂိုလ်မဟုတ်မှန်း သင် သိလာလိမ့်မယ်” လို့ ဗယ်လာရီ ပြောတယ်။

 အဓိကအချက်– သုတ္တံ ၄:၂၃ မှာ “သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့” လို့ ပြောထားတယ်။ တစ်ယောက်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုရင် သူလည်း စိတ်ဝင်စား၊ မစား သိအောင်လုပ်ပါ။ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကို အချိန်မတန်ခင် အမြစ်တွယ်ဖို့ ခွင့်ပြုလိုက်တာက ကျောက်ပေါ်မှာ အပင်စိုက်ဖို့ ကြိုးစားတာနဲ့တူတယ်။

 သူ စိတ်ဝင်စားနေမှန်း သေချာတယ်၊ ချိန်းတွေ့ဖို့ အရွယ်လည်း ရောက်နေပြီဆိုရင် ဆက်ဆံရေးကို ရှေ့ဆက်တိုး၊ မတိုး ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ သတိရသင့်တာက ခိုင်မြဲတဲ့ အိမ်ထောင်ရေးဟာ ဘုရားရေးရာပန်းတိုင်တွေ တူညီပြီး အချင်းချင်း ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်တဲ့ ဇနီးနဲ့ ခင်ပွန်းတို့ ပေါင်းစပ်ထားတာ ဖြစ်တယ်။ (၁ ကောရိန္သု ၇:၃၉) အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေကောင်းတွေ ထာဝစဉ် ဖြစ်ဖို့လိုတယ်။​—သုတ္တံ ၅:​၁၈