မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ

ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ

 ကြောက်ရတဲ့ဆရာ

 ကျောင်းမှာ မျက်နှာလိုက်တဲ့ဆရာ၊ စည်းကမ်းကြီးတဲ့ဆရာ၊ သဘောမကောင်းတဲ့ဆရာ ရှိစမြဲပဲ။

  •   “ကျောင်းတုန်းက အတန်းသင် ဆရာမတစ်ယောက်ဆိုရင် ဆဲလိုက်၊ ဆူလိုက်နဲ့။ ကျောင်းသားတွေအပေါ် ရိုင်းတယ်။ ပင်စင်ယူခါနီးမို့ အလုပ်ထုတ် မခံရလောက်ဘူး ထင်နေပုံပဲ” လို့ အသက် ၂၁ နှစ်အရွယ် လူဝီ ပြောတယ်။

  •   အသက် ၂၅ နှစ်အရွယ် မယ်လနီဟာ ကျောင်းတုန်းက ဆရာမတစ်ယောက်ရဲ့ အနှိမ်ခံ ဖြစ်ခဲ့ရသူပါ။ “ကျွန်မကို မတူမတန် ဆက်ဆံတာဟာ သူနဲ့ ဘာသာချင်းမတူလို့တဲ့။ နောက်နောင် အနှိမ်ခံရမယ့်အတူတူ ကျင့်သားရသွားတာပေါ့တဲ့။”

 သင့်မှာလည်း ခပ်ဆိုးဆိုးဆရာ ရှိရင်တောင် ပျော်စရာစာသင်နှစ် ဖြစ်နိုင်ပါတယ်။ ဒီအကြံပြုချက်တွေကို စမ်းကြည့်ပါ။

 အကြံပြုချက်များ

  •   အကျိုးသင့်အကြောင်းသင့် ရှိပါ။ တပည့်တွေအပေါ် ဆရာတွေရဲ့ မျှော်လင့်ပုံချင်း မတူကြဘူး။ ကိုယ့်ဆရာ ဖြစ်စေချင်တာကို သိအောင် ကြိုးစားပါ။ ပြီးရင် အတတ်နိုင်ဆုံး လိုက်နာပါ။

     ကျမ်းစာအခြေခံမူ။ “ဉာဏ်ပညာရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်။”—ပညာအလိမ္မာ ၁:၅

     “ဆရာမနဲ့ အလိုက်အထိုက် နေရမယ်ဆိုတာ သိလာတယ်။ ဒါကြောင့် အိမ်စာတွေကို အချိန်မီပြီးအောင် လုပ်တယ်။ ဆရာမနဲ့ ပိုအဆင်ပြေလာတယ်။”—ခရစ္စတိုဖာ။

  •   လေးစားမှု ရှိပါ။ ဆရာကို ရည်ရည်မွန်မွန် ပြောဆိုပါ။ ပြောသင့်တယ် ထင်ရင်တောင် ပြန်ခံမပြောပါနဲ့။ ဆရာ့အမြင်မှာ ကိုယ်ဟာ ကျောင်းသားပါ။ ရွယ်တူတွေမှ မဟုတ်တာ။

     ကျမ်းစာအခြေခံမူ။ “စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လို ပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်။”—ကောလောသဲ ၄:၆

     “ဆရာတွေကို ရိုသေသင့်သလောက် မရိုသေကြတာ များတယ်။ ဒါကြောင့် ဆရာကို ရိုသေမယ်ဆိုရင် ဆရာလည်း ကိုယ့်အပေါ် ပြန်ကောင်းမှာပါ”စီအာရာ။

  •   နားလည်မှု ရှိပါ။ ကျောင်းဆရာတွေလည်း သာမန်လူပါပဲ။ သူတို့မှာလည်း သောကတွေ၊ စိုးရိမ်ပူပန်စရာတွေ ရှိတယ်။ ဒါကြောင့် “ဆရာက ဆိုးတယ်၊” “ဆရာ ငါ့ကို အမြင်ကပ်နေတယ်” လို့ မယူဆလိုက်ပါနဲ့။

     ကျမ်းစာအခြေခံမူ။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။”—ယာကုပ် ၃:၂

     “ကျောင်းဆရာအလုပ်က မလွယ်ဘူး။ ကျောင်းသားတွေကို လိမ္မာအောင် ထိန်းရ၊ ပညာလည်း သင်ပေးရနဲ့။ ဒါကြောင့် ဆရာမကို အလုပ်သက်သာအောင်၊ စိတ်ဒုက္ခပေးတဲ့ ကျောင်းသူ မဖြစ်အောင် နေရမယ်လို့ ကျွန်မ ခံစားတယ်။”—အလက်စစ်။

  •   မိဘတွေကို ပြောပြပါ။ မိဘတွေဟာ အကောင်းဆုံး ထောက်မသူတွေပါ။ သင့်ကို ကျောင်းမှာ အဆင်ပြေစေချင်တယ်။ ခပ်ဆိုးဆိုး ဆရာကို ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။

     ကျမ်းစာအခြေခံမူ။ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၂

     “မိဘတွေဟာ ဘဝအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းရာမှာ ဝါရင့်သူတွေပါ။ သူတို့ရဲ့ အကြံဉာဏ်ကို လိုက်နာရင် အောင်မြင်နိုင်မယ်။”အော်လီဗီယာ။

 ဆရာနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ

 ကိုယ့်အခက်အခဲအကြောင်း ဆရာကို ပြောပြဖို့ လိုတဲ့အခါမျိုး ရှိနိုင်တယ်။ မျက်နှာချင်းဆိုင် ပြောဖို့ ကြောက်နေတယ်ဆိုရင် ငြင်းခုံဖို့ မဟုတ်ဘဲ ဆွေးနွေးဖို့ဆိုတာ အမှတ်ရပါ။ ဒီနည်းက ထင်ထားတာထက် လွယ်ကူထိရောက်နိုင်တယ်။

 ကျမ်းစာအခြေခံမူ။ ‘ငြိမ်သက်ခြင်းရှိစေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြစို့။’—ရောမ ၁၄:၁၉

 “ဆရာမက ကိုယ့်ကိုပဲ ကွက်ပြီး ဆူနေရင် ကိုယ်ဘာများ မှားသွားလဲဆိုတာ မေးကြည့်ပါ။ ဒါဆိုရင် ဘာလုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။”ဂျူလီယာနာ။

 “အကောင်းဆုံးကတော့ အတန်းမစခင်မှာဖြစ်ဖြစ်၊ အတန်းပြီးချိန်မှာဖြစ်ဖြစ် ဆရာနဲ့ သီးသန့်တွေ့ဆုံပြီး ကိုယ်ခံစားနေရတာတွေကို အေးအေးဆေးဆေး ရှင်းပြလိုက်ပါ။ ဒါဆိုရင် ဆရာလည်း ကိုယ့်ဖြေရှင်းပုံကို လက်ခံလာမှာပါ။ဘင်ဂျမင်။

ဖြစ်ရပ်မှန်

 “ကျွန်မ အဆင့်တွေ ဆက်တိုက်ကျနေပေမဲ့ ဆရာမက ဘာမှ မကူညီပေးဘူး။ စိတ်ညစ်လွန်းလို့ ကျောင်းထွက်ချင်စိတ် ပေါက်သွားတယ်။

 “ဒါနဲ့ ဆရာနောက်တစ်ယောက်ကို အကြံဉာဏ် တောင်းကြည့်တော့ ‘ဆရာမနဲ့ သမီးက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းမှ မသိကြတာ။ ကိုယ့်အခက်အခဲကို ပြောပြလိုက်ပါ။ ဒါဆိုရင် ဆရာမကို စကားမပြောရဲတဲ့ ကျောင်းသားတွေကိုပါ ကူညီပေးရာရောက်မယ်’ လို့ ပြောတယ်။

 “ကျွန်မ မလုပ်ချင်ဆုံးအရာပဲ။ အသေအချာ စဉ်းစားကြည့်လိုက်တော့ အဲဒီဆရာ ပြောတာ မှန်တယ်။ အခြေအနေ ပြောင်းလဲစေချင်ရင် ကျွန်မဘက်က အစပြုမှ ဖြစ်မယ်။

 “နောက်တစ်နေ့မှာပဲ ဆရာမဆီ သွားပြီး သင်ပြပေးမှုကို ကျေးဇူးတင်တယ်လို့ ရိုရိုသေသေ ပြောပြတယ်။ အကျိုးရှိရှိ သင်ယူချင်ပေမဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်လို့လည်း ရှင်းပြတယ်။ ဆရာမက အကြံဉာဏ်ပေးတဲ့အပြင် အတန်းပြီးတဲ့အခါဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ် ကူညီပေးမယ်တဲ့။

 “ကျွန်မ အံ့ဩသွားတယ်။ ဒီလို ဆွေးနွေးလိုက်တော့ ဆရာမနဲ့ ပိုရင်းနှီးလာတယ်။ ကျောင်းမှာလည်း ပိုပျော်လာတယ်။”—မာရီယာ။

 အကြံပြုချက်။ ဆရာတစ်ယောက်နဲ့ အဆင်မပြေတဲ့အခါ လူကြီးဘဝအတွက် လေ့ကျင့်ပေးနေတယ်လို့ သဘောထားပါ။ အသက် ၂၂ အရွယ် ကေသီက “ကျောင်းပြီးသွားရင်လည်း သဘောမကောင်းတဲ့ အထက်လူကြီးနဲ့ ဆုံရနိုင်တယ်။ သဘောမကောင်းတဲ့ ဆရာနဲ့ အဆင်ပြေအောင် ပေါင်းနိုင်ပြီဆိုရင် နောက်နောင် ပေါင်းရခက်သူတွေနဲ့ တွေ့တဲ့အခါ အဆင်ပြေသွားတာပေါ့” လို့ ပြောတယ်။